ဩဂုတ် ၇၊ ၂၀၂၁
M-Media
-မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းလက်နက်ပွဲစားနဲ့ပေါင်းပြီး ကုလဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ကြံစည်တဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန်က မနေ့မှာ ထုတ်ပြန်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ဖြိုးဟိန်းထွဋ်နဲ့ အသက် ၂၀ အရွယ် ရဲဟိန်းဇော်တို့ဖြစ်ပြီး နယူးယောက်မြို့မှာ နေထိုင်ကြသူတွေပါ။
နယူးယောက် တောင်ပိုင်းခရိုင်တရားရုံးက အစိုးရရှေ့နေ အော်ဒရီ စထရာအက်စ်ရဲ့ သောကြာနေ့ ထုတ်ပြန်ချက်မှာ ဒီအမျိုးသားနှစ်ဦးဟာ မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ထိုင်းနိုင်ငံက လက်နက်ပွဲစားနဲ့ပေါင်းပြီး သံအမတ် ဦးကျော်မိုးထွန်းကို အပြင်းအထန် ထိခိုက်နာကျင်အောင်၊ ဒါမှမဟုတ် သေဆုံးအောင် ပြုလုပ်ဖို့ စီစဉ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
ဦးကျော်မိုးထွန်းက ဒီကိစ္စကို အင်္ဂါနေ့မှာ သိရှိခဲ့ပြီးတဲ့နောက် အမေရိကန်အစိုးရနဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို သတင်းပို့တိုင်ကြားခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်စုံစမ်းစစ်ဆေးရေးဗျူရို FBI နဲ့ နယူးယောက်ရဲတပ်ဖွဲ့က ဦးကျော်မိုးထွန်းကို ၂၄ နာရီ လုံခြုံရေးပေးထားပါတယ်။
ဖြိုးဟိန်းထွဋ်က ထိုင်းလက်နက်ပွဲစားတစ်ဦးဟာ သူ့ကို Facebook နဲ့ FaceTime ကနေ ဆက်သွယ်လာပြီး ဦးကျော်မိုးထွန်းကို ရာထူးကနေဆင်းပေးရေး ဖိအားပေးဖို့ ကြိုးပမ်းရာမှာ ကြေးစားတွေငှားပြီး တိုက်ခိုက်ပေးဖို့ ပြောဆိုခဲ့တယ်လို့ FBI ကို ထွက်ဆိုခဲ့ကြောင်း တရားစွဲဆိုမှုမှတ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒီလိုခြိမ်းခြောက်ပေမယ့် ဦးကျော်မိုးထွန်းက ရာထူးကနေ မဆင်းပေးဘူးဆိုရင် ကြေးစားတွေက ဦးကျော်မိုးထွန်းကားတာယာကို တစ်ခုခုဖြစ်အောင်လုပ်ထားကာ ကားမောင်းတဲ့အချိန် မတော်တဆဖြစ်တဲ့ပုံစံမျိုး လုပ်ကြံဖို့အတွက် ထိုင်းလက်နက်ပွဲစားက ပြောခဲ့ပါတယ်။
လုပ်ကြံဖို့အစီအစဉ်အတွက် ကြိုတင်စရံငွေအဖြစ် အမေရိကန်ဒေါ်လာ ၄ ထောင်ကို ရဲဟိန်းဇော်က ဖြိုးဟိန်းထွဋ်ကို လွှဲပေးခဲ့ပြီး၊ နောက်ထပ် ဒေါ်လာ တစ်ထောင်ပေးမယ်လို့ ဖုန်းနဲ့ ပြောဆိုခဲ့ကြောင်း တရားစွဲဆိုမှု မှတ်တမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ရဲ့ ဖုန်းပြောဆိုမှုမှတ်တမ်းကိုလည်း အမေရိကန်ရဲတပ်ဖွဲ့က ရရှိထားပါတယ်။
မြန်မာသံအဖွဲ့ရဲ့ စေတနာ့ဝန်ထမ်း လုံခြုံရေးအစောင့်တစ်ဦးကို ဖြိုးဟိန်းထွဋ်က ချဉ်းကပ်စည်းရုံးရာကနေ ဒီအစီအစဉ်ပေါက်ကြားခဲ့တာပါ။ ဒီလိုစီစဉ်မှုတွေဟာ ဇူလိုင်လကနေ ဩဂုတ်လ ၅ အတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး လုပ်ကြံမှုကိုတော့ ဦးကျော်မိုးထွန်းနေထိုင်တဲ့ နယူးယောက်မြို့ ဝက်စ်ချက်စတာကောင်တီမှာ ပြုလုပ်ဖို့ စီစဉ်ထားတာပါ။
နယးယောက်ရဲတပ်ဖွဲ့ ကော်မရှင်နာ ဒါမော့ရှီယာရဲ့ ထုတ်ပြန်ချက်မှာ ဒီလိုစီစဉ်သူတွေကို တိုက်ခိုက်မှုမပြုလုပ်ခင် တရားဥပေဒအတိုင်း စီရင်နိုင်ဖို့ မိမိတို့ရဲဌာန၊ နယူးယောက်တောင်ပိုင်းခရိုင် တရားရေးဌာနတို့က မနားမနေကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖြိုးဟိန်းထွဋ်နဲ့ ရဲဟိန်းဇော်တို့ဟာ နိုင်ငံခြားတာဝန်ရှိသူတစ်ဦးကို အပြင်းအထန်နာကျင်အောင် တိုက်ခိုက်ဖို့ ကြံစည်မှုစွဲချက်နဲ့ တရားစွဲဆိုခံထားရပြီး ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ကျခံရမှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြုလုပ်တဲ့ ကုလသမဂ္ဂ အစည်းအဝေးတစ်ခုမှာ ဦးကျော်မိုးထွန်းက ပြည်သူ့ဖက်ကရပ်တည်ကြောင်း ပြောကြားခဲ့တဲ့အတွက် စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဦးကျော်မိုးထွန်းကို ဖြုတ်ခဲ့ပါတယ်။ ဒါပေမယ့် ရာထူးကနေဆင်းပေးဖို့ ဦးကျော်မိုးထွန်းက ငြင်းဆိုခဲ့ပြီး ကုလသမဂ္ဂကလည်း သူ့ကိုသာ မြန်မာသံအမတ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားပါတယ်။
ဒီလိုလုပ်ကြံဖို့ကြိုးစားမှု နောက်ကွယ်မှာ မြန်မာစစ်အာဏာရှင်တွေ ပါဝင်ပတ်သက်နေတယ်ထင်လားလို့ မေးမြန်းရာမှာတော့ ဒီအစီအစဉ်ကို ဘယ်သူဘယ်၀ါက လုပ်တယ်ဆိုတာမျိုး မစွပ်စွဲလိုကြောင်း၊ မိမိအနေနဲ့ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ဦးကျော်မိုးထွန်းက CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“ဖြစ်လာတာတွေက တကယ့်ကို စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်ကိုတော့ ထိခိုက်မှာမဟုတ်ပါဘူး။ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာဖြစ်ပြီး တိုင်းပြည်အတွက်၊ ပြည်သူအတွက် ကျွန်တော် လုပ်ဆောင်နေတာတွေကို ဒီအဖြစ်အပျက်က အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါဘူး”
မိမိကို ထောက်ခံအားပေးမှု၊ ကူညီမှု၊ ဒီကိစ္စအပေါ်မှာ ပရော်ဖက်ရှင်နယ်ပီသစွာ တုန့်ပြန်ဆောင်ရွက်မှုအတွက် အမေရိကန်အစိုးရနဲ့ ဥပဒေစိုးမိုးရေး အေဂျင်စီတွေကို ကျေးဇူးတင်တယ်လို့လည်း ဦးကျော်မိုးထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ကျွန်တော့်ရဲ့အသက်ကို သူတို့ကယ်တင်ပြီး၊ ကျွန်တော့်ဆီလာမယ့်အန္တရာယ်ကို တားဆီးပေးခဲ့တာပါ”
Ref : CNN
Comments