ဩဂုတ် ၁၅၊ ၂၀၂၁
M-Media
-တာလီဘန်အဖွဲ့က မြို့တော်ကဘူးလ်ကို ဝန်းရံထားလိုက်ပြီးတဲ့နောက် ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေး ဆွေးနွေးနေတယ်လို့ အာဖဂန်နစ္စတန် အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုပါတယ်။
တာလီဘန်အဖွဲ့ဟာ မြို့တော်ကဘူးလ်ရဲ့ ဆင်ခြေဖုံးတွေအထိ ရောက်ရှိလာပြီး အဖက်ဖက်က ဝန်ရံထားလိုက်တာဖြစ်ပါတယ်။ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆူဟေးလ် ဆာဟင်က လက်ရှိမှာ သူတို့အဖွဲ့ဝင်တွေကို မြို့ထဲဝင်မတိုက်ဖို့ ညွှန်ကြားထားပြီး မြို့ကို ငြိမ်းချမ်းစွာ လွှဲပြောင်းနိုင်ရေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အာဖဂန် ပြည်ထဲရေးဝန်ကြီး အဘ်ဒူလ် ဆက်သားရ် မီရ်ဇက်ဝဲလ်က ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းမှု ဖြစ်နေပြီး အသွင်ကူးပြောင်းရေးအစိုးရ ပေါ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတဂါနီဟာ အခြေအနေ ဖြစ်ပေါ်တိုးတက်မှုနဲ့ပတ်သက်လို့ အာဖဂန်ဆိုင်ရာ အမေရိကန်ကိုယ်စားလှယ်၊ နေတိုးအဖွဲ့ဝင် ထိပ်တန်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
တာလီဘန်အဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်းမှာ အဓိကမြို့ကြီး တော်တော်များများကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့တော်ကဘူးလ်ကိုသိမ်းပိုက်ဖို့ တစ်လလောက်ကြာမယ်လို့ အမေရိကန်က ခန့်မှန်းထားပေမယ့် ရက်ပိုင်းအတွင်း ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ကဘူးလ်က နိုင်ငံခြားသံတမန်တွေနဲ့ နိုင်ငံခြားသားတွေကို ကယ်ထုတ်ဖို့ အမေရိကန်က တပ်ဖွဲ့ဝင် ၅ ထောင်လောက် စေလွှတ်ထားပြီး ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေပါတယ်။
Ref: Aljazeera
Comments