ဩဂုတ် ၁၆၊ ၂၀၂၁
M-Media
-ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို အာဆီယံလမ်းကြောင်းကနေတစ်ဆင့် ဖြေရှင်းဖို့ အပြည့်အ၀ ထောက်ခံတယ်လို့ အိန္ဒိယက ထပ်လောင်းပြောကြားလိုက်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာနဲ့ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို ဟာဂျီ အရီ၀မ်တို့ဟာ စနေနေ့က ဖုန်းနဲ့ ဆွေးနွေးခဲ့ကြပြီး မြန်မာ့အရေးလည်း ပါဝင်ပါတယ်။ အရ်ဝမ်ဟာ မြန်မာနိုင်ငံကိစ္စမှာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူထားရသူပါ။
ဧပြီလက အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက် ၅ ခု ရရှိခဲ့ပေမယ့် အကောင်အထည်ဖော်မှုအပိုင်းမှာ ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် အာဆီယံအဖွဲ့ဟာ ဝေဖန်ခံနေရပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် အရီဝမ်ဟာ လတ်တလောမှာ ဒေသတွင်းခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီး မြန်မာ့အရေးအတွက် အကြံပြုချက်တွေ ရယူနေတာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဂျိုင်ရှန်ကာက အရီဝမ်ရဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အမြင်တွေကို အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ Twitter စာမျက်နှာမှာ ရေးသားထားပါတယ်။
“ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး ဒါတို ဟာဂျီ အရီဝမ်ရဲ့ ဖုန်းခေါ်ဆိုမှုအတွက် ဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေအတွက် အမြင်တွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အာဆီယံရဲ့ ဆောင်ရွက်မှုကို အိန္ဒိယက အပြည့်အ၀ ထောက်ခံပါတယ်”
အိန္ဒိယဟာ မြန်မာစစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး၊ အာဏာသိမ်းပြီးနောက် ထွက်ပြေးခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယအာဏာပိုင်တွေက စစ်တပ်လက်ထဲ ပြန်အပ်တာတွေလည်း ရှိနေပါတယ်။
Ref: Times of India
Comments