ဩဂုတ် ၁၆၊ ၂၀၂၁
M-Media
-မလေးရှားမှာ အစိုးရအဖွဲ့တစ်ခုလုံး ဒီကနေ့မနက်ပိုင်းမှာ နှုတ်ထွက်သွားပြီးတဲ့နောက်၊ ဘုရင်က ဝန်ကြီးချုပ်ဟောင်း မုဟ်ယစ်ဒင်ယာစင်ကို အိမ်စောင့်အစိုးရဝန်ကြီးချုပ်ခန့်ပြီး တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်ခိုင်းခဲ့ပါတယ်။
ဝန်ကြီးချုပ် သက်တမ်း ၁၇ လသာရှိသေးတဲ့ မုဟ်ယစ်ဒင်ယာစင်ကို သူ့ရဲ့ ညွန့်ပေါင်းအစိုးရမှာ ပါဝင်တဲ့ ပါတီတစ်ချို့က မထောက်ခံတော့ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပြီးတဲ့နောက် အခုလို ရာထူးကနေ နှုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါကို ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး မုဟ်ယစ်ဒင်အစိုးရဟာ ဝေဖန်ခံနေရတာပါ။
မလေးရှားနန်းတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဝန်ကြီးချုပ် မုဟ်ယစ်ဒင်ယာစင်နဲ့ အစိုးရအဖွဲ့တစ်ခုလုံး နှုတ်ထွက်စာကို လက်ခံရရှိခဲ့ပြီး တနင်္လာနေ့ကစလို့ အကျုံးဝင်ပြီလို့ ဖော်ပြထားပါတယ်။
“ဝန်ကြီးချုပ်သစ် မခန့်အပ်နိုင်သေးခင်မှာ တန်ဆရီ မုဟ်ယစ်ဒင် ဘင် မိုဟာမက် ယာစင်ကိုပဲ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်ဖို့ ဘုရင်မင်းမြတ်က သဘောတူခဲ့ပါတယ်”
ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့လည်း နန်းတော်ရဲ့ ကြေငြာချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အာဏာရလိုသူတွေရှိနေ
ဘုရင်နဲ့တွေ့ပြီး ညနေပိုင်း တိုင်းပြည်ကို ပြောတဲ့မိန့်ခွန်းမှာတော့ လွှတ်တော်အမတ်အများစုရဲ့ ထောက်ခံမှု မရတော့တဲ့အတွက် အခုလို နှုတ်ထွက်ရတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သူ့ရဲ့ ညွန့်ပေါင်းအစိုးရ Perikatan Nasional (PN) ဆက်လက်ရပ်တည်နိုင်ရေးအတွက် အတိုက်အခံပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ပေမယ့် အာဏာရလိုသူတွေ ရှိတာကြောင့် မအောင်မြင်ခဲ့ဘူးလို့လည်း မုဟ်ယစ်ဒင်က ဆိုပါတယ်။
“ပြည်သူတွေရဲ့ ဘ၀၊ အသက်မွေးဝမ်းကြောင်းမှုတွေထက် အာဏာရရေးကိုသာ ပိုပြီးစိတ်ဝင်စားတဲ့ လောဘတက်ပါတီတွေရှိတာကြောင့် ဒီကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး”
တရားရေးကိုမျက်ကွယ်ပြု၊ ဖွဲ့အစည်းပုံအခြေခံဥပဒေကို ကျောခိုင်း၊ မူဘောင်စည်းမျဉ်းတွေကို ကျော်ပြီး အာဏာဆက်ယူထားလို့ရပေမယ့် ဒါမျိုးမလုပ်ခဲ့ဘူးလို့လည်း မုဟ်ယစ်ဒင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အတိုက်အခံခေါင်းဆောင် အန်ဝါရ်အီဘရာဟင်က မုဟ်ယစ်ဒင်ရဲ့ နှုတ်ထွက်မှုကြိုဆိုခဲ့ပြီး တိုင်းပြည်အပြောင်းအလဲအတွက် လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်တာဖြစ်တယ်လို့ Facebook အကောင့်မှာ ရေးသားခဲ့ပါတယ်။
အိမ်စောင့်အစိုရဖြစ်လာတဲ့အတွက် မုဟ်ယစ်ဒင်အစိုးရဟာ အရင်တာဝန်တွေကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားနိုင်ပေမယ့် ဥပဒေရေးရာကိစ္စတွေ၊ နိုင်ငံတော်မူဝါဒတွေ၊ တိုင်းပြည်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက် ချမှတ်မှုတွေမှာ အာဏာအကန့်အသတ် ရှိလာမှာ ဖြစ်ပါတယ်။
မလေးရှားဘုရင်ဟာ နိုင်ငံရေးပါတီခေါင်းဆောင်တွေကို မနက်ဖြန်မှာတွေ့ဆုံဖို့ ခေါ်ယူထားပြီး တိုင်းပြည်အနာဂတ်ကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
Ref: CNA
Comments