ဩဂုတ် ၂၁၊ ၂၀၂၁
M-Media
-ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လတ်တလော တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေ ရှိနေပြီး ဒီလူတွေကို တရုတ်ကဖက်က ပြန်မောင်းထုတ်နေသလို နောက်ထပ် ဝင်မလာစေဖို့အတွက် မြန်မာနဲ့ကပ်နေတဲ့ နယ်စပ်မှာ ခြံစည်ရိုးတွေ ကာနေပါတယ်။
မူဆယ်ခရိုင်မှာ MNDAA နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ ဩဂုတ်လ အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး ရွာပေါင်း အနည်းဆုံး ၇ ရွာက လူထောင်ချီ ထွက်ပြေးနေရပါတယ်။
တရုတ်ဖက်ဝင်ရောက်သွားတဲ့ စစ်ဘေးရှောင်တွေကို တရုတ်နယ်ခြားစောင့်တပ်ဖွဲ့တွေက ပြန်မောင်းထုတ်တာတွေ ရှိနေပြီး၊ စစ်ကြောင့်ထွက်ပြေးလာရသူတွေ နယ်စပ်ကိုရောက်လာကာ ၂ ရက်အကြာမှာပဲ ပန့်ဆန်းနဲ့ကပ်နေတဲ့ နယ်စပ်မှာ တရုတ်က ခြံစည်းရိုးကာတာလို့ မျက်မြင်တွေ့ရသူတွေက ဆိုပါတယ်။
၂၀၁၁ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ် တိုက်ပွဲတွေတုန်းက စစ်ဘေးရှောင်တွေဟာ တရုတ်ဖက်ကို ဝင်ရောက်ခိုလှုံခွင့် ရခဲ့ပါတယ်။
“ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေ ပါပါတယ်။ သူတို့ရဲ့ကျန်းမာရေးအတွက်က စိုးရိမ်စရာပါ” လို့ အမည်မဖော်လိုသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
စစ်ဘေးရှောင်တွေဟာ ဝါးတွေ၊ မိုးကာဖျင်တွေနဲ့ ဖြစ်သလို တဲထိုးနေထိုင်နေရပြီး ရေကြီးမှုဒဏ်ကို ခံရမယ့်အန္တရာယ်လည်း ရှိနေပါတယ်။
၂၀၁၁ ခုနှစ်တုန်းက တရုတ်ပြည်သူတွေ အစားအသောက် လာရောက်လှူဒါန်းပေမယ့် အခုအချိန်မှာတော့ ဒါမျိုး မရှိတော့ဘဲ လက်ရှိမှာ အစားအသောက်၊ ဆေးဝါး၊ ယာယီရွက်ဖျင်တဲ စတာတွေ လိုအပ်နေတယ်လို့ အကူအညီပေးရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
Ref: BNI Online
Comments