ဩဂုတ် ၂၃၊ ၂၀၂၁
M-Media
-တာလီဘန်လက်အောက် အနာဂတ်မသေချာတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတဲ့ အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းက အဖွဲ့ဝင် ၉ ဦးဟာ ကာတာနိုင်ငံကို ချောမောစွာ ပြောင်းရွှေ့လာနိုင်ပြီ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆရာတစ်ဦးနဲ့ ၁၅ နှစ်ကနေ ၁၉ နှစ်အရွယ်တွေ ပါဝင်တဲ့ ဒီအဖွဲ့ဟာ တိုင်းပြည်ကနေထွက်ခွာဖို့ ရက်များစွာ ကြိုးပမ်းခဲ့ရတာပါ။ ကာတာအစိုးက ကမကထပြုပြီး သူတို့ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ တစ်ချို့အဖွဲ့ဝင်တွေနဲ့ ဆရာတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ရှိနေပါသေးတယ်။
၂၀၁၇ ခုနှစ် အမေရိကန်မှာပြုလုပ်တဲ့ စက်ရုပ်ပြိုင်ပွဲတစ်ခုမှာ အထူးဆု ရခဲ့ပြီးတဲ့နောက် ဒီအဖွဲ့ဟာ နာမည်ကျော်လာတာဖြစ်ပြီး အာဖဂန်နစ္စတန်က အမျိုးသမီးတွေအပေါ် စွမ်းအားမြှင့်တင်ပေးနိုင်မှုမှာ ထင်ရှားတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။
သူတို့ရဲ့ မိခင်အဖွဲ့အစည်း Digital Citizen Fund (DCF) က တာလီဘန်တွေ မြို့တော်ကာဘူးလ်ကို မသိမ်းခင် ၃ ရက်အလို ဩဂုတ်လ ၁၂ ရက်နေ့မှာ တိုင်းပြည်ကနေထွက်ခွာဖို့ ကာတာအစိုးရကို အကူအညီတောင်းခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။
ဒီအဖွဲ့က မိန်းကလေးငယ်တွေဟာ အာဖဂန်နစ္စတန်အနောက်ပိုင်း ဟီရတ်ဒေသက ဖြစ်ပါတယ်။
DCF ဘုတ်အဖွဲ့ဝင် အဲလိဇဘက် ရှဖာဘရောင်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီအမျိုးသမီးငယ်လေးတွေရဲ့ အားထုတ်ကြိုးပမ်းမှုတွေ၊ ရဲရင့်ထက်မြက်မှုတွေက ဒီနေ့လို လွတ်မြောက်မှုရဲ့ အကြောင်းခံတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဖဂန်အမျိုးသမီး စက်ရုပ်အဖွဲ့ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာနေထိုင်ပြီး ပညာဆက်လက်သင်ကြားမှာ ဖြစ်ပါတယ်။ ရှဖာဘရောင်းက အမေရိကန်အပါအဝင် ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်တော်တော်များများ သူတို့ကို ပညာသင်ဆုပေးဖို့ ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
DCF အဖွဲ့ကို တည်ထောင်သူ အာဖဂန် နည်းပညာဆိုင်ရာ စွန့်ဦးပညာရှင် ရိုယာ မဟ်ဘူးဘ်က ဒီအဖွဲ့ကို ၂၀၁၇ ခုနှစ်မှာ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါ ဆိုးဆိုးရွားရွားပြန့်နှံ့နေတဲ့ မနှစ်က ဒီအဖွဲ့ဟာ ကားပစ္စည်းအစိတ်အပိုင်းတွေနဲ့ တန်ဖိုးနည်း အသက်ရှူစက်ကို ဖန်တီးထုတ်လုပ်ခဲ့ပါတယ်။
Ref: BBC
Comments