စက်တင်ဘာ ၁၊ ၂၀၂၁
M-Media
-ကာဘူးလ်မြို့ ဟာမစ်ကာဇိုင်း လေဆိပ်ကနေ စစ်သားတွေ နောက်ဆုံးအသုတ် ထွက်ခွာတဲ့အချိန်မှာ စစ်လက်နက်နဲ့ ယာဉ်မျိုးစုံကို ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်က အတည်ပြု ပြောဆိုလိုက်ပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ သန်းခေါင်ယံအချိန် နောက်ဆုံး မထွက်ခွာခင် လေဆိပ်မှာရှိနေတဲ့ စစ်သုံးယာဉ် MRAP အစီး ၇၀၊ Humvee ယာဉ် ၂၃ စီး၊ လေယာဉ်မျိုးစုံ ၇၃ စီး၊ ဒုံးကျည်တွေ၊ အမြောက်တွေ၊ မော်တာကျည် စတဲ့ စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်တပ်ဖွဲ့တွေက ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ် မက်ကင်ဇီက ဒီယာဉ်တွေ၊ လက်နက်တွေကို ဘယ်သူကမှ အသုံးပြုနိုင်မှာ မဟုတ်တော့ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ အရပ်ဖက် လေကြောင်းပျံသန်းမှုမှာ သုံးနိုင်တဲ့ ကိရိယာတွေကိုတော့ အမေရိကန်က ဒီအတိုင်း ထားခဲ့ပါတယ်။
တာလီဘန်တွေဟာ အမေရိကန်ထုတ်လက်နက်တော်တော်များများကို ရရှိလိမ့်မယ်ဆိုတဲ့ ပြောကြားမှုမျိုးတွေ ရှိနေပေမယ့် အမေရိကန်တာဝန်ရှိသူတွေကတော့ ဒါတွေကို ငြင်းပါတယ်။
ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီရ်ဘီက တာလီဘန်တွေဟာ လေယာဉ်တွေကို ကြည့်ပြီး ဓာတ်ပုံရိုက် ဝါဒဖြန့်လို့ရပေမယ့် အသုံးပြုနိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ တာလီဘန်တွေ လက်နက်တစ်ချို့ ရသွားတာမျိုး ရှိနိုင်ပြီး၊ တစ်ချို့လက်နက်တွေကို အာဖဂန်တွေလက်ထဲ ထည့်ပေးခဲ့တယ်လို့လည်း ကီရ်ဘီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Black Hawk ရဟတ်ယာဉ်တွေ၊ C-130 ပို့ဆောင်ရေးလေယာဉ်တွေ အာဖဂန်မှာ ကျန်ခဲ့တာမျိုးရှိပေမယ့် တာလီဘန်တွေဟာ ဒီယာဉ်တွေကို မောင်းဖို့ လေယာဉ်မှူး ရှာလို့ရမှာ မဟုတ်သလို၊ ရှာရရင်လည်း ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်နိုင်မှာမဟုတ်ဘဲ၊ အပိုပစ္စည်းတွေလည်း ရှာလို့ရမှာမဟုတ်ဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။
ဟာမစ်ကာဇိုင်းလေဆိပ်မှာ လေယာဉ်တွေ၊ စစ်ကားတွေကို ဖျက်ဆီးခဲ့မှုအတွက် တာလီဘန်အဖွဲ့က အမေရိကန်ကို ပြစ်တင်ပြောဆိုခဲ့ပါတယ်။
Ref: CBS, The Week
Comments