စက်တင်ဘာ ၇၊ ၂၀၂၁
M-Media
-အစ္စရေးက လုံခြုံရေးအဆင့်မြင့်ထောင်ကနေ ပါလက်စတိုင်းအကျဉ်းသား ၆ ဦး မယုံနိုင်စရာ ထောင်ဖောက်ထွက်ပြေးသွားခဲ့ပြီး အစ္စရေးအာဏာပိုင်တွေကတော့ ပိုက်စိပ်တိုက် ရှာဖွေနေပါတယ်။
အစ္စရေးမြောက်ပိုင်းမှာရှိတဲ့ Gilboa ထောင်ကနေ လှိုင်ခေါင်းဖောက်ပြီး အကျဉ်းသားတွေ ထွက်ပြေးသွားတာ ဖြစ်ပါတယ်။ Gilboa ဟာ အစ္စရေးက အလုံခြုံဆုံးထောင်တွေထဲက တစ်ခုဖြစ်ပြီး ဒီလို ထောင်ဖောက်ပြေးတာမျိုး အရင်က မရှိခဲ့ပါဘူး။
ရဲတပ်ဖွဲ့၊ စစ်သားနဲ့ ပြည်တွင်းထောက်လှမ်းရေးအဖွဲ့ Shin Bet တို့ ပူးပေါင်းကာ ပိုက်စိပ်တိုက် ရှာဖွေမှုတွေ ပြုလုပ်နေပြီး၊ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှာလည်း အစ္စရေးစစ်တပ်က တပ်တွေ ထပ်တိုးချထားဖို့ စီစဉ်နေပါတယ်။
ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားတွေထဲမှာ ပါလက်စတိုင်းအာဏာရ ဖာတာပါတီရဲ့ မြို့နယ်အဆင့် ခေါင်းဆောင်ဟောင်း အသက် ၄၆ နှစ်အရွယ် ဇာကာရီယီ ဇူဘိုင်ဒီနဲ့ ပါလက်စတိုင်းတော်လှန်ရေးအဖွဲ့အစည်း Islamic Jihad က အဖွဲ့ဝင် ၅ ဦး ပါဝင်ပါတယ်။
၂၀၀၀ ပြည့်နှစ်တွေက အစ္စရေးရဲ့ ကျူးကျော်မှုကိုဆန့်ကျင်တဲ့ ပါလက်စတိုင်းလူထုအုံကြွမှုအတွင်း အစ္စရေးတွေကို တိုက်ခိုက်တယ်ဆိုတဲ့ စွဲချက်နဲ့ ဒီ ၆ ဦးကို အစ္စရေးအာဏာပိုင်တွေက တစ်သက်တစ်ကျွန်း ချထားတာ ဖြစ်ပါတယ်။
သူတို့အတူနေရတဲ့ အကျဉ်းဆောင် အိမ်သာအောက်ကနေ လှိုင်ခေါင်းတူးကာ ထွက်ပြေးခဲ့ကြတာဖြစ်ပြီး ပြင်ပက အကူအညီ ပါလိမ့်မယ်လို့လည်း ယူဆရပါတယ်။
ပါလက်စတိုင်းအကျဉ်းသားများအဖွဲ့ အကြီးအကဲ ကွာဒူရာ ဖာရက်စ်က လုံခြုံရေးမြင့်တဲ့ အကျဉ်းထောင်ကနေ ဒီလို ထွက်ပြေးလွတ်မြောက်သွားမှုဟာ မတရားဖမ်းဆီးခံရတဲ့ ပါလက်စတိုင်းအကျဉ်းသားတွေရဲ့ အောင်မြင်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့တွေဖြစ်တဲ့ ဟားမက်စ်နဲ့ Islamic Jihad အဖွဲ့တို့ကလည်း ဒီလွတ်မြောက်မှုကို ချီးကျူးပြောဆိုခဲ့ပြီး ဒါဟာ အစ္စရေးရဲ့ လုံခြုံရေးစနစ်ကို အောင်နိုင်မှုဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးဟာ နိုင်ငံတစ်ဝှမ်းက အကျဉ်းထောင်တွေမှာ ပါလက်စတိုင်း စုစုပေါင်း ၄၇၅၀ ကို ဖမ်းဆီးအကျဉ်းချထားပြီး အဲဒီအထဲမှာ အမျိုးသမီး ၄၂ ဦး၊ ကလေးငယ် ၂၀၀၊ တရားစွဲမှုမလုပ်ဘဲ လုံခြုံရေးအကြောင်းပြချက်နဲ့ တရားလက်လွတ် ဖမ်းဆီးထားသူ ၅၅၀ ဦး ပါဝင်ပါတယ်။
ပါလက်စတိုင်းတွေရဲ့ ဒီထောင်ဖောက်မှုဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၁၉၉၅ ခုနှစ်က Kfar Yona အကျဉ်းထောင်က ပါလက်စတိုင်း ၃ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ အခုဖြစ်တဲ့ အကျဉ်းထောင်အနီးက Shata ထောင်မှာလ ၂၀၁၄ ခုနှစ်တုန်းက အခုလို လှိုင်ခေါင်းဖောက်ထွက်ပြေးဖို့ကြိုးစားမှု ဖြစ်ခဲ့ပါတယ်။
Ref: Aljazeera
Comments