စက်တင်ဘာ ၁၉၊ ၂၀၂၁
M-Media
-အာဖဂန်နစ္စတန်က သမီးငယ်လေးတွေဟာ ကျား၊ မ ခွဲခြားထားတဲ့ စာသင်ကျောင်းတွေမှာ စနေနေ့ကစပြီး စာပြန်သင်နေကြပါပြီ။ အသက် နည်းနည်းပိုကြီးတဲ့ မိန်းကလေးတွေကတော့ သူတို့ရဲ့ အလယ်တန်းအဆင့် ပညာရေး ဆက်လက်သင်ယူနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်သောကတွေနဲ့ စောင့်ဆိုင်းနေရပါတယ်။
လွန်ခဲ့တဲ့ ၁ လအရင် တာလီဘန်က သိမ်းပိုက်ခဲ့တဲ့နောက်ပိုင်း မြို့တော်ကာဘူးလ်က စာသင်ကျောင်းအများစုဟာ အခုအချိန် ပိတ်ထားဆဲပါ။
၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ အုပ်စိုးမှုအတွင်း အမျိုးသမီးတွေ ပညာသင်ခွင့်ပိတ်ပင်တာအပါအဝင် အစွန်းရောက်တဲ့ မူဝါဒမျိုးကို ပြန်လည်ကျင့်သုံးမှာမဟုတ်ဘူးလို့ တာလီဘန်တာဝန်ရှိသူတွေက ပြောထားပါတယ်။
မိန်းကလေးတွေ ပညာသင်ကြားခွင့်ရမယ်လို့ ကတိပြုထားပေမယ့် ကျား၊ မ သီးခြားအတန်းတွေ ဖြစ်ရမယ်လို့ သူတို့က ဆိုပါတယ်။
အရင်က ယောကျ်ားလေး၊ မိန်းကလေး ရောသင်တဲ့ ကာဘူးလ်မြို့ ပုဂ္ဂလိကကျောင်းက ဆရာမ နာဇီဖီက ကျောင်းပြန်ဖွင့်နိုင်ရေးအတွက် အပြောင်းအလဲတစ်ချို့ လုပ်ထားတယ်လို့ ပြောပါတယ်။
“မိန်းကလေးတွေအတွက် မနက်ပိုင်းအတန်း၊ ယောကျ်ားလေးတွေအတွက် နေ့လည်ပိုင်းအတန်း လုပ်ထားပါတယ်။ အမျိုးသားဆရာတွေက ယောကျ်ားလေးတွေကိုသင်ပြီး၊ အမျိုးသမီးဆရာတွေက မိန်းကလေးတွေကို သင်ပေးမှာပါ”
နာဇီဖီရဲ့ကျောင်းဟာ မူလတန်း၊ အလယ်တန်း သင်ကြားတဲ့ကျောင်းဖြစ်ပြီး မိန်းကလေးတော်တော်များများရဲ့ အနာဂတ်ကတော့ မသေချာ မရေရာပါဘူး။
ယောကျ်ားလေးအလယ်တန်းကျောင်းတွေ ပြန်ဖွင့်မယ်လို့ တာလီဘန်က သောကြာနေ့မှာ ကြေငြာချက်ထုတ်ပေမယ့် မိန်းကလေးတွေအတွက် ထည့်ပြောတာမျိုး မရှိပါဘူး။
“စိတ်ဓာတ်တွေတော့ ကျနေတာပေါ့။ ကျောင်းဆက်တက်ခွင့်ရမလားဆိုတာ အစိုးရရဲ့ကြေငြာချက်ကို သူတို့လေးတွေ စောင့်နေကြတယ်” လို့ အလယ်တန်းကျောင်းသူတွေကို သင်ပေးနေတဲ့ ဆရာမ ဟာဒစ် ရီဇာအီက ပြောပါတယ်။
တာလီဘန်ပြောရေးဆိုခွင့်ရှိသူ ဇဘီဟွတ်လာ မူဂျာဟစ်က မိန်းကလေးအလယ်တန်းကျောင်းတွေ ပြန်ဖွင့်ဖို့ အစီအစဉ်တွေလုပ်နေတယ်လို့ စနေနေ့က Bakhtar သတင်းဌာနကို ပြောခဲ့ပေမယ့် ရက်အတိအကျ မပြောသွားပါဘူး။
“မိန်းကလေးတွေ ပညာတတ်မှ မျိုးဆက်ကိုပြင်နိုင်မှာပါ။ ယောက်ျားလေးတွေ ပညာတတ်တာဟာ မိသားစုအပေါ် သက်ရောက်မှုရှိပြီး၊ မိန်းကလေးတွေ ပညာတတ်တာက လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှု ရှိပါတယ်” လို့ ကျောင်းအုပ်ဆရာကြီး မိုဟမ်မာဒရီဇာက ပြောပါတယ်။
“မိန်းကလေးတွေ ပညာကို ဆုံးခန်းတိုင်အောင် ဆက်လက်သင်ကြားခွင့်ရရေး ကိစ္စကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်”
Ref : Reuters
Comments