အောက်တိုဘာ ၂၅၊ ၂၀၂၁၂
M-Media
-အင်္ဂါနေ့ကနေ ကြာသာပတေးနေ့အထိ ကျင်းပပြုလုပ်ဖို့ရှိတဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက်ဖို့အတွက် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြီးတန်း သံတမန်တစ်ဦးကို အာဆီယံက ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရေး ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ဆိုကာ အာဆီယံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ထိပ်သီးအစည်းအဝေးတက်ခွင့် မပေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာနိုင်ငံကိုယ်စား တက်ရောက်ခွင့်ပေးမယ်လို့ ဆိုပါတယ်။
အစည်းအဝေးကို အွန်လိုင်းကနေ ကျင်းပပြုလုပ်မှာပါ။ မြန်မာကိုယ်စားပြုတက်ရောက်ဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို ဖိတ်ကြားထားပြီး မိမိတို့က တက်ခိုင်းမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
ထိပ်သီးအစည်းအဝေးဟာ ခေါင်းဆောင်တွေလုပ်တဲ့အစည်းအဝေးဖြစ်တာကြောင့် ခေါင်းဆောင်ကိုသာ ဖိတ်ကြားသင့်တယ်လို့လည်း သူက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းရာမှာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံဥက္ကဌက ထုတ်ပြန်မယ့် ကြေငြာချက်မူကြမ်းမှာ ဖော်ပြထားပါတယ်။
Ref: Bloomberg
Comments