အောက်တိုဘာ ၂၉၊ ၂၀၂၁
M-Media
-အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်မှာ အစ္စလာမ်ဘာသာဝင်တွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ အခုတစ်ပတ်အစောပိုင်းမှာ ဖြစ်ပွားခဲ့ပြီး ဗလီတွေ၊ မွတ်စလင်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်တွေ အများအပြား ဖျက်ဆီးခံခဲ့ရပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ လူနည်းစု ဟိန္ဒူတွေအပေါ် မွတ်စလင်တွေက တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း အာဏာရဟိန္ဒူအမျိုးသားရေးပါတီ BJP နဲ့ အနီးကပ်ဆက်ဆံရေးရှိတဲ့ ဟိန္ဒူလက်ယာစွန်းအဖွဲ့ (VHP) က အင်္ဂါနေ့မှာ ဆန္ဒပြပြီးနောက်ပိုင်း မွတ်စလင်တွေကို တိုက်ခိုက်ခဲ့တာပါ။
ထရီပူရာပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေတဲ့ ဒေသတစ်ခုဖြစ်ပြီး နယ်စပ်မြို့ ပါနီဆာဂါမှာ အခုတစ်ပတ်အတွင်း မွတ်စလင်တွေအပေါ် ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ၁၀ ခုထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
မွတ်စလင်တွေရဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ဗလီတွေ ဖျက်ဆီးခံခဲ့ရပြီး တိုက်ခိုက်မှုတွေ ထပ်မဖြစ်အောင် ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကြပ်ထားပါတယ်။ သေဆုံးဒဏ်ရာရမှု သတင်းတွေ ထွက်မလာသေးပါဘူး။
ပါနီဆာဂါမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ ချီတက်ဆန္ဒပြမှုအတွင်း လူပေါင်း ၃၅၀၀ လောက် ပါဝင်ပြီး အဲဒီလူတွေက တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အခုလအစောပိုင်း ဘင်္ဂလားဒေ့ရှ်မှာ ဟိန္ဒူတွေကို မွတ်စလင်လူအုပ်က အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း ထရီပူရာမှာလည်း မွတ်စလင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ခပ်စိပ်စိပ် ဖြစ်လာတာပါ။ ဗလီတွေ၊ မွတ်စလင်ရပ်တွေကို လူအုပ်ကြီးက တိုက်ခိုက်မှုတွေ ရက်ဆက်လုပ်နေတယ်လို့ အိန္ဒိယ အစ္စလာမ် သာသနာ့ပညာရှင်များအဖွဲ့က ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ထရီပူရာရဲတပ်ဖွဲ့ကတော့ ပြည်နယ်အတွင်းက ဗလီဝတ်ကျောင်းတော်ပေါင်း ၁၅၀ ကျော်ကို လုံခြုံရေးပေးထားတယ်လို့ ထုတ်ပြန်ပါတယ်။ ထရီပူရာပြည်နယ်မှာ လူဦးရေ ၄.၂ သန်းရှိပြီး အစ္စလာမ်ဘာသာဝင်က ၉ ရာခိုင်နှုန်းအောက်သာ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ အခုလအစောပိုင်းက ဟိန္ဒူတွေ တိုက်ခိုက်ခံရမှုဟာ ဟိန္ဒူဘုရားပွဲ Durga Puja စီတန်းလှည့်လည်မှုအတွင်း နတ်ဘုရားတစ်ပါးရဲ့ ခြေထောက်ကြားမှာ ကုရ်အာန်ကျမ်းစာ ညှပ်ထားတယ်ဆိုတဲ့ သတင်း ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့ပြီးတဲ့နောက်ပိုင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာရပါတီက ဒီတိုက်ခိုက်မှုတွေကို ရှုတ်ချခဲ့ပြီး လူနည်းစု ဟိန္ဒူတွေနဲ့ တစ်သားတည်းရှိတယ်လို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Ref : BBC
Comments