အောက်တိုဘာ ၃၀၊ ၂၀၂၁
M-Media
-ယီမင်စစ်ပွဲအတွက် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ကို လက်ဘနွန် ပြန်ကြားရေးဝန်ကြီးက ဝေဖန်တဲ့ဗီဒီယို ထွက်လာပြီးတဲ့နောက် ဆော်ဒီအာရေဗျက လက်ဘနွန်ကနေ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးကို ပိတ်ကာ သံအမတ်ကိုလည်း တိုင်းပြည်က နှင်ထုတ်လိုက်ပါတယ်။
မန်ဆူရ်ဟာဒီဦးဆောင်တဲ့ ယီမင်အစိုးရကို ဟူသီလက်နက်ကိုင်အဖွဲ့က ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစတင်ပြီး ယီမင်မှာ ပြည်တွင်းစစ် စဖြစ်လာတာပါ။ ဆော်ဒီနဲ့ ယူအေအီး ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ဟာ ၂၀၁၅ ခုနှစ်မှာ ဒီစစ်ပွဲထဲ ပါဝင်လာခဲ့ပြီး မန်ဆူရ်ဟာဒီအစိုးရဖက်က တိုက်ပေးတာ ဖြစ်ပါတယ်။
လက်ဘနွန် ပြန်ကြားရေးဝန်ကြီး ဂျော့ ကိုဒါဟီက ဟူသီတွေဟာ ပြည်ပကျူးကျော်မှုကို ကာကွယ်နေတာဖြစ်ပြီး အတ္တတွေကြောင့် ယီမင်စစ်ပွဲကြာရှည်နေတာဖြစ်ကြောင်း မီဒီယာတစ်ခုနဲ့ အင်တာဗျူးမှာ ပြောခဲ့ပြီး အင်္ဂါနေ့က ဒီဗီဒီယို အွန်လိုင်းမှာ ပြန့်နှံ့ပြီးနောက်ပိုင်း ဆော်ဒီဖက်က အခုလို တုန့်ပြန်လာတာ ဖြစ်ပါတယ်။
ဆော်ဒီနဲ့ လက်ဘနွန်တို့ဟာ အရင်ကတည်းက တင်းမာမှုတွေရှိထားပြီး အခုမှတ်ချက်ကြောင့် ပိုမိုဆိုးရွားလာတာပါ။ ဝန်ကြီးချုပ် နာဂျစ်မီကာတီ ဦးဆောင်တဲ့ လက်ဘနွန်အစိုးရက ကိုဒါဟီရဲ့ ဒီအင်တာဗျူးဟာ သူတို့အစိုးရမှာ မပါဝင်ခင် တစ်လအရင်က ပြောကြားမှုဖြစ်ပြီး ပုဂ္ဂလအမြင်သာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။
ယီမင်စစ်ပွဲမှာ ပါဝင်နေတဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ကူဝိတ်နဲ့ ဘာရိန်းတို့ဟာ လက်ဘနွန်သံအမတ်ကို အခုတစ်ပတ်အစောပိုင်းမှာ ဆင့်ခေါ်ဖြေရှင်းချက်တောင်းခဲ့သလို၊ ပင်လယ်ကွေ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ကာတာနဲ့ အိုမန်တို့ကလည်း ကိုဒါဟီရဲ့ ပြောကြားမှုကို ရှုတ်ချကြောင်း ကြေငြာချက် ထုတ်ခဲ့ပါတယ်။
ဆော်ဒီအစိုးရက လက်ဘနွန်နိုင်ငံက သွင်းကုန်အားလုံးပိတ်ကြောင်း မနေ့က ထုတ်ပြန်ခဲ့ပြီး၊ လက်ဘနွန်သံအမတ်ကိုလည်း ၄၈ နာရီအတွင်း တိုင်းပြည်ကထွက်ခွာဖို့ ရာဇသံ ပေးခဲ့ပါတယ်။ ဆော်ဒီရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ ဘာရိန်းကလည်း လက်ဘနွန်သံအမတ်ကို နှင်ထုတ်ခဲ့ပါတယ်။
Ref: Aljazeera
Comments