နိုဝင်ဘာ ၄၊ ၂၀၂၁
M-Media
-အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ဖမ်းဆီးထားတဲ့ အမေရိကန်နိုင်ငံသား ဂျာနယ်လစ် ဒန်နီ ဖန်စတာရဲ့ အာမခံ လျှောက်ထားမှုကို ပယ်ချလိုက်ပြီး လူဝင်ကြီးကြပ်ရေး ဥပဒေတွေနဲ့ ထပ်မံစွဲချက်တင်လိုက်ပါတယ်။
ဖန်စတာကိုချုပ်ထားတဲ့ အင်းစိန်ထောင်တွင်းက တရားရုံးမှာ မနေ့က ရုံးထုတ်ခဲ့တာလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) တွေအပြင် အခု လ၀က ဥပဒေဖြစ်တဲ့ ပုဒ်မ ၁၃(၁) ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ တိုင်းပြည်ထဲကို တရားမဝင် ဝင်ရောက်တာ၊ ဗီဇာကျော်လွန်နေထိုင်တာတွေအတွက် တရားစွဲတဲ့ ပုဒ်မဖြစ်ပြီး ဘာ့ကြောင့် ဒီလို စွဲဆိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဖန်စတာရဲ့ရှေ့နေက နောက်ပိုင်းမှာ ကြားနာမှုတွေကို နေ့စဉ် ပြုလုပ်ဖို့ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
အမေရိကန်သံတမန်ဟောင်း ဘီလ် ရစ်ချက်ဆန် မြန်မာနိုင်ငံကို ရောက်နေတဲ့အချိန်မှာပဲ စစ်ကောင်စီက အမေရိကန်နိုင်ငံသားတစ်ဦးကို နောက်မှုထပ်တိုးလိုက်တာပါ။ ရစ်ချက်ဆန်ဟာ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ နိုင်ငံတွေမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားတွေ လွတ်မြောက်ရေးကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။
ရစ်ချက်ဆန်ရဲ့ အခုရီးစဉ်မှာ ဖန်စတာ လွန်မြောက်ရေး ကြိုးပမ်းမယ်လို့ သတင်းတွေထွက်နေပေမယ့် ရစ်ချက်ဆန်စင်တာက မြန်မာနိုင်ငံခရီးစဉ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအတွက်သာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရစ်ချက်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျာနယ်လစ် ဖန်စတာဟာ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာတစ်ဦးဖြစ်ပြီး မေလ ၂၄ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံလိုက်ရတာပါ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ဂျာနယ်လစ် ၁၀၀ လောက်ကို ဖမ်းဆီးခဲ့ပြီး လက်ရှိ ထောင်ထဲမှာ အနည်းဆုံး ၃၁ ဦး ကျန်ရှိနေပါတယ်။
Ref: CNN
Comments