နို၀င်ဘာ ၄၊ ၂၀၂၁
M-Media
-မိမိတို့ရဲ့ နျူစီမံကိန်းကိစ္စ အင်အားကြီးနိုင်ငံတွေနဲ့ ထပ်မံဆွေးနွေးမှုကို နို၀င်ဘာ ၂၉ ရက်နေ့ သြစတြီးယားမြို့တော် ဗီယင်နာမှာ လုပ်ဆောင်မယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။
နျူစီမံကိန်းနဲ့ပတ်သက်လို့ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ ကန့်သတ်မှုကို အီရန်က လက်ခံပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုတွေ ဖယ်ရှားပေးရေး သဘောတူခဲ့တဲ့ JCPOA စာချုပ်ကို ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါတယ်။
စာချုပ်ပါအချက်တွေကို အီရန်က မလိုက်နာဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ သမ္မတ ထရမ့်လက်ထက် ၂၀၁၈ ခုနှစ်မှာ အမေရိကန်က သဘောတူညီချက်ကနေ နှုတ်ထွက်သွားခဲ့ပြီး စာချုပ်လည်း ပျက်လုနီးပါး ဖြစ်သွားပါတယ်။ သမ္မတသစ် ဂျိုးဘိုင်ဒန်လက်ထက်မှာတော့ ပြန်လည်ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ ဖွင့်ဟလာပါတယ်။
အီရန်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယနိုင်ငံခြားရေး၀န်ကြီး အလီ ဘာဂရီ ကာနီက ဥရောပသမဂ္ဂ ညှိနှိုင်းဆွေးနွေးရေးမှူး အန်ရီကေး မိုရာနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း နို၀င်ဘာ ၂၉ ရက်နေ့ ဗီယင်နာမှာ ဆွေးနွေးဖို့ သဘောတူညီချက် ရခဲ့တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
သမ္မတ အီဘရာဟင် ရိုင်စီ ဦးဆောင်တဲ့ အီရန်အစိုးရနဲ့ နျူကိစ္စ ဆွေးနွးမှုလုပ်မလားဆိုတဲ့ ကိစ္စအတွက် JCPOA စာချုပ်ပါ တရုတ်၊ ရုရှား၊ ဂျာမနီ၊ ပြင်သစ်နဲ့ ယူကေတို့ ဗီယင်နာမှာ ဇွန်လအတွင်း ၆ ကြိမ် ဆွေးနွေးမှုလုပ်ခဲ့ပြီး၊ စာချုပ်ကထွက်ထားတဲ့ အမေရိကန်က တစ်ဆင့်ခံ ပါ၀င်ခဲ့ပါတယ်။
နို၀င်ဘာ ၂၉ ရက်နေ့မှာ ဆွေးနွေးပွဲ ပြန်စမယ်ဆိုတဲ့ အီရန်ရဲ့ ထုတ်ပြန်မှုကို ဥရောသမဂ္ဂကလည်း အတည်ပြုပါတယ်။
Ref : Aljazeera
Comments