နိုဝင်ဘာ ၇၊ ၂၀၂၁
M-Media
-ကိုဗစ်ကူးစက်သူတွေကို ကုသရာမှာ အသုံးပြုနိုင်မယ့် သောက်ဆေး Molnupiravir ကို အခုလကုန်ပိုင်းမှာ အများပြည်သူထံ ဖြန့်ဖြူးသွားမယ်လို့ ယူကေ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဆူဆန် ဟော့ပ်ကင်းက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။
ယူကေဟာ Molnupiravir ဆေးကို ပြီးခဲ့တစ်ပတ်က အသိအမှတ်ပြုလိုင်စင် ထုတ်ပေးခဲ့ပြီး ကိုဗစ်ကု သောက်ဆေးကို ပထမဆုံး အသုံးပြုခွင့်ပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေး အဓိကကျလာမယ့် ဒီဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီတွေဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးပေါင်း ထုတ်လုပ်တာပါ။
ယူကေက ကိုဗစ်ကု Molnupiravir သောက်ဆေး အခွက်ရေ ၄၈၀၀၀၀ စာ၊ Pfizer က ထုတ်တဲ့ ကိုဗစ်ကုသောက်ဆေး အခွက်ရေ ၂၅၀၀၀၀ စာ ဝယ်ယူထားတယ်လို့ ပြီးခဲ့တဲ့လမှာ ထုတ်ပြန်ခဲ့ပါတယ်။
ယူကေ ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ ဟော့ပ်ကင်းက Molnupiravir ဆေးကို ခွင့်ပြုချက် ပေးလိုက်နိုင်တာဟာ သတင်းကောင်းတစ်ခုဖြစ်ပြီး စမ်းသပ်မှုအဆင့်တစ်ခုအနေနဲ့ နိုဝင်ဘာ လကုန်ပိုင်း ဒါမှမဟုတ် ဒီဇင်ဘာလဆန်းပိုင်းလောက်မှာ အများပြည်သူထံ ဖြန့်ချီသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
Molnupiravir ပတ်သက်တဲ့ လက်ရှိ စမ်းသပ်မှုတွေဟာ ကာကွယ်ဆေးမထိုးရသေးသူတွေမှာသာ လုပ်ဆောင်ထားတာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသူတွေမှာ ဘယ်လောက်အထိ အလုပ်ဖြစ်နိုင်မလဲဆိုတာ အခုစမ်းသပ်ဖြန့်ချီမှုကနေ သိရှိနိုင်မယ်လို့ သူမက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ကိုဗစ်ရှိနေသူ ဒါမှမဟုတ် ရောဂါလက္ခဏာပြနေသူတွေဟာ Molnupiravir ဆေးကို သောက်သုံးမယ်ဆိုရင် သေဆုံးမှု၊ ရောဂါအပြင်းအထန်ခံစားရမှုကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်ဆိုတာ စမ်းသပ်မှုအချက်အလက်တွေအရ သိရပါတယ်။ ဒီဆေးကို တစ်ရက် ၂ ကြိမ်နှုန်းနဲ့ ၅ ကြိမ် သောက်ရမှာ ဖြစ်ပါတယ်။
ကိုဗစ်တိုက်ဖျက်ရေးအတွက် လက်ရှိမှာ ကာကွယ်ဆေးကိုသာ အဓိက အားထားနေရတာဖြစ်ပြီး ကိုဗစ်ကု Molnupiravir သောက်ဆေးက အခြေအနေကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေလိမ့်မယ်လို့ ပညာရှင်တွေက မျှော်လင့်ထားကြပါတယ်။
Ref: Reuters
Comments