နိုဝင်ဘာ ၁၅၊ ၂၀၂၁
M-Media
-အမေရိကန်နဲ့ ရုရှားတို့က ထုတ်လုပ်တဲ့ စစ်လက်နက်ပစ္စည်းတွေကို အသုံးပြုထားတဲ့ စစ်ရေးပြပွဲတစ်ခုကို တာလီဘန်က တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး သူပုန်အဖွဲ့တစ်ခုကနေ အမြဲတမ်းစစ်တပ်တစ်ခုအဖြစ်ပြောင်းဖို့ ကြိုးစားနေတာကို ဖော်ထုတ်ပြသတာလည်း ဖြစ်ပါတယ်။
အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ အာဖဂန်အစိုးရ ပြိုလဲစဉ် ဩဂုတ်လမှာ တာလီဘန်က အာဖဂန်နစ္စတန်ကို သိမ်းပိုက်နိုင်ခဲ့ပြီး အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ စစ်လက်နက်ပစ္စည်း တော်တော်များများကိုလည်း ရရှိခဲ့ပါတယ်။
တပ်သားသစ် ၂၅၀ သင်တန်းဆင်းပွဲနဲ့အတူ မနေ့ကပြုလုပ်တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ အမေရိကန်လုပ် လက်နက်တပ်စစ်သုံးယာဉ် M117 တွေ ပါဝင်ခဲ့ပြီး၊ ရုရှားလုပ် MI-17 ရဟတ်ယာဉ် ပျံဝဲတာကိုလည်း တွေ့ခဲ့ရပါတယ်။ တာလီဘန်စစ်သားတော်တော်များများက အမေရိကန်လုပ် M4 ရိုင်ဖယ်တွေကို ကိုင်ဆောင်ထားပါတယ်။
တာလီဘန်ဟာ သူတို့အစိုးရကို နိုင်ငံတကာက လက်ခံလာအောင် ကြိုးစားနေသလို တပ်ဖွဲ့ကိုလည်း အမြဲတမ်းစစ်တပ်အဖြစ် အသွင်ပြောင်းဖို့ လုပ်ဆောင်နေပါတယ်။ တာလီဘန်တိုက်ခိုက်ရေးသမားတွေ အရင်ဝတ်နေကြ ရိုးရာ အင်္ကျီရှည်နဲ့ ဘောင်းဘီနေရာမှာ ပုံမှန်စစ်ယူနီဖောင်းအစားထိုးသွားမှာဖြစ်ပြီး၊ အာဖဂန်အစိုးရဟောင်းလက်ထက်က လေယာဉ်မှူးတွေနဲ့ စစ်ဖက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူခန့်အပ်သွားမယ်လို့ တာလီဘန်တာဝန်ရှိသူတွေက ပြောကြားထားပါတယ်။
၂၀၀၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အမေရိကန်က အာဖဂန်အစိုးရကိုပေးတဲ့ စစ်ရေးအကူအညီတန်ဖိုးဟာ ဒေါ်လာ ၂၈ ဘီလီယံဖိုးလောက် ရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်သုံးယာဉ်၊ အမှောင်ခွင်း ကိရိယာ၊ လေယာဉ်တွေ၊ ထောက်လှမ်းရေးစနစ်တွေ စသဖြင့် ပါဝင်ပါတယ်။
တာလီဘန်က အာဖဂန်ကိုသိမ်းပိုက်ချိန် အာဖဂန်စစ်သားတွေဟာ လေယာဉ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ဝင်ရောက်ခိုလှုံသွားခဲ့ပေမယ့်၊ လေယာဉ်တစ်ချို့ကို တာလီဘန်က ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘယ်လောက်များများ အသုံးပြုနိုင်လဲဆိုတာ မသိရပါဘူး။
အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်ကနေ ပြန်လည်ထွက်ခွာသွားတဲ့အချိန်မှာ လေယာဉ် အစီး ၇၀နဲ့လက်နက်တပ် စစ်သုံးယာဉ်တစ်ချို့ကို ဖျက်ဆီးခဲ့ပြီး၊ လေကြောင်းရန် ကာကွယ်ရေးစနစ်ကိုလည်း သုံးလို့မရအောင် လုပ်ခဲ့ပါတယ်။
Ref: Reuters
Comments