နိုဝင်ဘာ ၁၇၊ ၂၀၂၁
M-Media
-မြန်မာ အာဏာသိမ်းစစ်ကောင်စီလက်ကနေ လွတ်မြောက်ရေး ကူညီပေးခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်တယ်လို့ Frontier Myanmar သတင်းဌာနရဲ့ အယ်ဒီတာ အမေရိကန်ဂျာနယ်လစ် ဒန်နီဖန်စတာက ပြောကြားလိုက်ပါတယ်။
ဖန်စတာဟာ မနေ့က အမေရိကန်ကို ပြန်လည်ရောက်ရှိသွားပြီဖြစ်ပါတယ်။ ကန်သံအမတ်ဟောင်း ဘီလ်ရစ်ချန်ဆန်နဲ့အဖွဲ့ နေပြည်တော်လေဆိပ်မှာ သူ့ကိုစောင့်နေတာကို မြင်ရတဲ့တစ်ခဏဟာ ဘ၀မှာ အလွန်ပျော်ရွှင်ရတဲ့အချိန် ဖြစ်တယ်လို့ နယူးယောက်က ဂျွန်အက်ဖ်ကနေဒီ လေဆိပ်ကို ရောက်ရှိလာတဲ့ ဖန်စတာက ပြောပါတယ်။
“လုပ်နိုင်သလောက် လုပ်ပေးခဲ့ကြသူတွေအားလုံးကို ကျွန်တော် ကျေးဇူးအထူးတင်ပါတယ်။ လုပ်ပေးခဲ့တာတွေအားလုံးဟာ နည်းနည်းဖြစ်ဖြစ်တော့ ထိရောက်မှု ရှိခဲ့ပါတယ်”
ဖန်စတာဟာ မေလက ရန်ကုန်လေဆိပ်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး အမှုများစွာနဲ့ တရားစွဲဆို ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် အသင်းအဖွဲ့ ဆက်သွယ်မှု ဥပဒေတွေနဲ့ ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံခဲ့ရပြီး ၃ ရက်အကြာ တနင်္လာနေ့မှာ လွတ်မြောက်ခဲ့တာပါ။
မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်ဟာ ဖန်စတာလွတ်မြောက်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
နိုဝင်ဘာလ အစောပိုင်းကတည်းက စတင်ခဲ့တဲ့ သူ့ခရီးစဉ်မှာ ရစ်ချက်ဆန်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၂ ကြိမ် တွေ့ဆုံခဲ့ပါတယ်။
လေဆိပ်မှာ လုံခြုံရေးတပ်ဖွဲ့တွေဝိုင်းထားတဲ့ ဖန်စတာ မိမိဆီကို လမ်းလျှောက်လာတဲ့ မြင်ကွင်းဟာ အကောင်းဆုံးမြင်ကွင်းဖြစ်တယ်လို့ ရစ်ချက်ဆန်က နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။
“ကျွန်တော့်က သူ့ကို ‘ဒန်နီရေ- ငါမင်းကို အိမ်ပြန်ခေါ်သွားမှာကွ။ အမေရိကန်ကို ဒီနေ့ပဲ ခေါ်သွားမှာ’ လို့ ပြောတယ်။ သူက ‘ကောင်းလိုက်တာဗျာ’ လို့ ပြန်ပြောပါတယ်”
စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖန်စတာကို ပြန်လွှတ်လိုက်တာဟာ လူသားချင်း စာနာထောက်ထားမှုကြောင့်ဖြစ်ပြီး၊ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးကောင်းစေလိုတဲ့ဆန္ဒ မပါဘူးလို့ သတင်းဌာနတွေကို မနေ့က ပြောကြားခဲ့ပါတယ်။
Ref: CNN
Comments