နိုဝင်ဘာ ၂၅၊ ၂၀၂၁
M-Media
-နို၀င်ဘာ ၂၅ ရက် (ယနေ့)မှာ ကျင်းပပြုလုပ်တဲ့ အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး (Asem) ကို မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ခွင့်မရပါဘူး။
အာဆီယံရဲ့ မူအတိုင်း နိုင်ငံရေးနယ်ပယ်ကမဟုတ်သူတစ်ဦးကို မြန်မာနိုင်ငံကိုယ်စားပြု တက်ခွင့်ပေးပေမယ့် စစ်ကောင်စီက စေလွှတ်ခြင်း မရှိပါဘူး။
Asem အစည်းအဝေးကို ၁၉၉၆ ခုနှစ်ကတည်းက စတင်ကျင်းခဲ့တာဖြစ်ပါတယ်။ ၂ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ပြီးခဲ့တဲ့နှစ်က ကျင်းပရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ရွှေ့ဆိုင်းကာ ဒီနှစ်မှ ကျင်းပနိုင်တာဖြစ်ပါတယ်။
အွန်လိုင်းက ပြုလုပ်မှာဖြစ်ပြီး ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်က ဦးဆောင်မှာ ဖြစ်ပါတယ်။ အခုနှစ်အစည်းအဝေးမှာ ဥရောပနိုင်ငံ ၃၀ နဲ့ အာရှ ၂၁ နိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။
Asem အစည်းအဝေးဟာ နိုင်ငံရေး၊ စီးပွားရေးနဲ့ ဘဏ္ဍာရေး၊ လူမှုယဉ်ကျေးမှုဆိုင်ရာ အချက် ၃ ချက်ကို အဓိကထားတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း အာရှနဲ့ ဥရောပက ဒီနယ်ပယ်တွေမှာ ဖြစ်ပေါ်တိုးတက်မှုတွေကို အခုအစည်းအဝေးမှာ သုံးသပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အာဆီယံဟာ အောက်တိုဘာကလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တက်ခွင့်မပေးသလို၊ ပြီးခဲ့တဲ့တစ်ပတ်ကလုပ်တဲ့ အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးကိုလည်း တက်ခွင့်မပေးပါဘူး။
ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းရေး ဧပြီလက အာဆီယံခေါင်းဆောင်တွေနဲ့ သဘောတူညီချက်ကို လိုက်နာဆေငာ်ရွက်ခြင်း မရှိတဲ့အတွက် ဖယ်ကျဉ်ရခြင်းဖြစ်တယ်လို့ အာဆီယံက ထုတ်ပြန်ထားပါတယ်။
Ref: The Star
Comments