နိုဝင်ဘာ ၂၅၊ ၂၀၂၁
M-Media
-ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ရဲ့ ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေးကို လူသားတွေမှာ စမ်းသပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
ဒါကာအခြေစိုက် Globe Biotech ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲဒီဆေးကို Bangavax လို့ အမည်ပေးထားပြီး တစ်ကြိမ်သာထိုးရတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆေးဝါး သုတေသနကောင်စီက လူသားတွေမှာ စမ်းသပ်ဖို့အတွက် အင်္ဂါနေ့က ခွင့်ပြုချက် ထုတ်ပေးခဲ့ပါတယ်။
Bangavax ကိုဗစ်ကာကွယ်ဆေးကို လက်ရှိ မျောက်တွေမှာ စမ်းသပ်ထားပြီး ကူးစက်မြန် Delta အပါအဝင် ကိုဗစ်မျိုးကွဲ ၁၁ ခုကို ရာနှုန်းပြည့်ကာကွယ်နိုင်တာ တွေ့ခဲ့ရပါတယ်။ Pfizer နဲ့ Moderna တို့က အသုံးပြုတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး အေးခဲထားစရာမလိုဘဲ အပူချိန် ၄ ဒီဂရီမှာ ရက်ပေါင်း ၃၀ ထားလို့ရပါတယ်။
ဒါ့ကြောင့် Pfizer နဲ့ Moderna ကာကွယ်ဆေးတွေမှာ ကြုံတွေ့ရတဲ့ သိုလှောင်ဖြန့်ဖြူးမှု ပြဿနာမျိုးကို လျော့ချနိုင်မှာပါ။
Globe Biotech ကုမ္ပဏီရဲ့ အရည်အသွေးဆိုင်ရာ မန်နေဂျာ ဒေါက်တာ မိုဟာမက် မိုဟီယူဒင်းက သုတေသနကောင်စီက ခွင့်ပြုချက်ရပြီးတဲ့နောက် ဆေးဝါးဦးစီးဌာနကို ခွင့်ပြုချက်ထပ်တင်ထားပြီး လူသားတွေမှာ စမ်းသပ်မှုကို လာမယ့်လဆန်းပိုင်းလောက် လုပ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
မြို့တော် ဒါကာ Bangabandhu Sheikh Mujib ဆေးတက္ကသိုလ်က စေတနာ့ဝန်ထမ်း ၆၅ ဦးကို စမ်းသပ်ထိုးနှံမှု လုပ်ဆောင်မှာပါ။ ဒါဟာ အဆင့် ၁ စမ်းသပ်မှုဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ပြီးစီးဖို့ ခန့်မှန်းထားပါတယ်။ အဲဒီနောက် အဆင့် ၂၊ အဆင့် ၃ စမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။
အဆင့်တိုင်းက ရလဒ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ထံ မျှဝေသွားမယ်လို့ Globe Biotech က ပြောပါတယ်။
WHO ရဲ့ ဒေသဆိုင်ရာအကြံပေးဟောင်းဖြစ်တဲ့ ပရော်ဖက်ဆာ ဒေါက်တာ မူဇာဟီရူလ် ဟက်က WHO က ကာကွယ်ဆေးရဲ့ ရလဒ်တွေကို ကျေနပ်တယ်ဆိုရင် အရေးပေါ်အသုံးပြုခွင့် ရနိုင်မှာဖြစ်ပြီး အဲဒီနောက် ပြည်တွင်းမှာ အသုံးပြုဖို့၊ နောက်ပိုင်း ပြည်ပကိုတင်ပို့ဖို့ စီစဉ်နိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။
Bangavax ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်စမ်းသပ်ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြီးခဲ့တဲ့နှစ်ကတည်းက ခွင့်ပြုချက်ပေးခဲ့တာဖြစ်ပါတယ်။
Ref: Arab News
Comments