နိုဝင်ဘာ ၂၉၊ ၂၀၂၁
M-Media
-ပြည်တွင်းစစ်အတွင်း သေဆုံးသွားကြသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားလုပ်တဲ့ တမီလ်လူနည်းစုတွေကို သီရိလင်္ကာ စစ်တပ်နဲ့ ရဲ့တွေက အင်အားသုံး လူစုခွဲမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
တမီလ်လူမျိုးတွေ အဓိကနေထိုင်တဲ့ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ပြည်တွင်းစစ်အတွင်း ကွယ်လွန်သွားကြသူတွေ၊ ပျောက်ဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲတွေ၊ အောက်မေ့ဖွယ်အခမ်းအနားတွေကို မနေ့က လုပ်ဆောင်ခဲ့ကြတာပါ။
ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ဒီလိုအခမ်းအနားတွေကို သွားရောက်ပြီး လူစုခွဲဖို့ အဓမ္မဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ပြည်တွင်းစစ်နောက်ဆုံးဖြစ်ပွားခဲ့တဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက မာလစ်တီဗူမြို့မှာဆိုရင် အောက်မေ့ဖွယ်အခမ်းအနားတွေကို မှတ်တမ်းတင်တဲ့ ဂျာနယ်လစ်တွေကို စစ်သားတွေက နှောက်ယှက်တာတွေ ရှိတယ်လို့ သီရိလင်္ကာ မီဒီယာသမဂ္ဂက ထုတ်ပြန်ပါတယ်။
တမီလ်လူနည်းစုတွေ အဓိကနေထိုင်တဲ့ ဒေသတွေမှာ သတင်းထောက်တွေဟာ အာဏာပိုင်တွေရဲ့ နှောက်ယှက်ဟန့်တားမှုကို အရင်ကတည်းက မကြာခဏ ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။
ဂျာနယ်လစ်တွေ နှောက်ယှက်ခံရတယ်ဆိုတဲ့ သတင်းတွေအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြောင်း သီရိလင်္ကာရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တမီလ်လူနည်းစုကို ကိုယ်စားပြုတဲ့ ‘တမီလ်ကျား’ သူပုန်တွေ ခွဲထွက်ရေး လှုပ်ရှားမှုစတဲ့ ၁၉၇၂ ခုနှစ်ကစပြီး သီရိလင်္ကာမှာ ပြည်တွင်းစစ်ဖြစ်ခဲ့တာပါ။ ပြည်တွင်းစစ် သက်တမ်း ၃၇ နှစ် ကြာခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ အစိုးရတပ်က တမီလ်ကျားသူပုန်တွေကို အမြစ်ပြတ်ချေမှုန်းနိုင်ခဲ့ပါတယ်။
ပြည်တွင်းစစ်အတွင်း လူပေါင်း ၁ သိန်းကျော် သေဆုံးခဲ့ပြီး လူများစုဆင်ဟာလီကြီးစိုးတဲ့ သီရိလင်္ကာအစိုးရက အနည်းဆုံး တမီလ်အရပ်သား ၄ သောင်းလောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂ မှတ်တမ်းတွေက ဖော်ပြပါတယ်။ တမီလ်လူမျိုး အများအပြားလည်း ပျောက်ဆုံးခဲ့ပါတယ်။
သီရိလင်္ကာအစိုးရအဆက်ဆက်ကတော့ ဒီသတင်းတွေကို ငြင်းပါတယ်။
ပြည်တွင်းစစ်အတွင်း ကျဆုံးသွားသူတွေအတွက် နိုဝင်ဘာ ၂၇ ရက်နေ့တိုင်း အောက်မေ့ဖွယ်အခမ်းအနားလုပ်တာကို တမီလ်ကျားသူပုန်တွေက ၁၉၈၀ ပြည့်နှစ်တွေမှာ စတင်ခဲ့တာပါ။ ဒါပေမယ့် ၂၀၁၉ ခုနှစ် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာအစိုးရလက်ထက်မှာ ပြည်တွင်းစစ်နဲ့ပတ်သက်တဲ့ တမီလ်တွေရဲ့ အခမ်းအနားအားလုံးကို ပိတ်ပင်ခဲ့ပါတယ်။
Ref: Aljazeera
Comments