ဒီဇင်ဘာ ၃၊ ၂၀၂၁
M-Media
-လာမယ့်နှစ် မြန်မာနိုင်ငံမှာ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်အကူအညီ လိုအပ်မယ့် ကလေးငယ်အရေအတွက်ဟာ ၅ သန်းကျော် ရှိလာလိမ့်မယ်လို့ ကုလသမဂ္ဂရဲ့ မနေ့ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါဟာ မြန်မာနိုင်ငံက ကလေးငယ် ၃ ဦးမှာ ၁ ဦး အကူအညီ အမြန်ဆုံးလိုအပ်နေတာဖြစ်တယ်လို့ Save The Children အဖွဲ့က ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့ (OCHA) က ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ ၁၄ သန်းလောက်ရှိလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁ သန်း ပိုများလာတာပါ။
မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ အလိုအပ်ဆုံး ၁၀ နိုင်ငံထဲမှာ စတုတ္ထနေရာ ရှိနေတာဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါ ဖြစ်နေတာ၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ပဋိပက္ခတွေက ကလေးငယ်တွေရဲ့ အခြေအနေကို ပိုမိုဆိုးရွားစေပြီး သန်းနဲ့ချီတဲ့ကလေးငယ်တွေ ငတ်မွတ်ခေါင်းပါးမယ့် အန္တရာယ်မျိုး ရင်ဆိုင်ရလာနိုင်တယ်လို့လည်း ကုလသမဂ္ဂက ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ် ၈၇၀၀၀ အပါအဝင် လူပေါင်း ၂၃၄၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ထွက်ပြေးရသူအများစုဟာ တောထဲမှာ ဖြစ်သလိုနေထိုင်နေရပြီး အစားအသောက်နဲ့ ဆေးဝါးတွေ မရရှိသလို၊ အကူအညီပေးရေးအဖွဲ့တွေ သွားရောက်ဖို့ကလည်း ကန့်သတ်ချက်တွေ ရှိနေတယ်လို့ Save The Children က သတိပေးခဲ့ပါတယ်။
လက်ရှိ မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ အခြေအနေက မျိုးဆက်တစ်ခုလုံးကို မထိခိုက်စေရေးအတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကူညီထောက်ပံ့မှုတွေ ပိုမိုပြုလုပ်ကြဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။
Ref: Relief Web
Comments