ဒီဇင်ဘာ ၆၊ ၂၀၂၁
M-Media
-နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာဖြစ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲ မီရှဲလ်ဘာချလတ်က ပြောကြားပြီး ချက်ခြင်း ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
အသက် ၇၆ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတ ဦးဝင်းမြင့်နဲ့အတူ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ၊ သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေတွေနဲ့ ဒီကနေ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပါတယ်။
“စစ်တပ်ကထိန်းချုပ်တဲ့ တရားရုံးမှာ လူမသိသူမသိ လီဆယ်တရားစွဲဆိုပြီး နိုင်ငံတော်အတိုင်ပင်ခံကို ထောင်ချလိုက်တာဟာ နိုင်ငံရေးအရ နှိပ်ကွပ်ဖို့ကလွဲပြီး တစ်ခြားမဟုတ်ပါဘူး။ သူမရဲ့ လွတ်မြောက်ခွင့်ကို တစ်ဖက်သက်ငြင်းဆန်တာတင်မကဘဲ နိုင်ငံရေးဆွေးနွေးမှုတခါးကိုပါ ပိတ်လိုက်တာပါ” လို့ ဘာချလတ်ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ စီမံကိန်းဝန်ကြီးတို့ကို ပြီးခဲ့တဲ့လက စစ်ကောင်စီကနေ ထောင်ဒဏ် ၇၆ နှစ်နဲ့ နှစ် ၉၀ အသီးသီးချမှတ်လိုက်တာကို ဘာချလတ်က ထောက်ပြခဲ့ပြီး နိုင်ငံရေးအတိုက်အခံတွေကို ဖယ်ရှားရေးအတွက် တရားရေးကို စစ်ကောင်စီက အလွဲသုံးစားလုပ်နေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
“တရားဥပဒေ ချိုးဖောက်အာဏာသိမ်းထားပြီး၊ စစ်အာဏာရှင်စနစ်သွားနေတာကို ဒီလိုတရားစွဲဆိုမှုတွေနဲ့ ဖုံးထားလို့ မရပါဘူး”
မနေ့က ကြည့်မြင်တိုင်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ကားနဲ့ ရက်ရက်စက်စက် တိုက်သတ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း ဘာချလတ်က ထည့်သွင်းပြောဆိုခဲ့ပြီး ဒါဟာ လက်ရှိ တင်းမာမှုတွေ၊ တိုက်ခိုက်မှုတွေကို ပိုမိုဆိုးရွားစေလိမ့်မယ်လို့လည်း သတိပေးခဲ့ပါတယ်။
Ref: AFP
Comments