ဒီဇင်ဘာ ၁၅၊ ၂၀၂၁
M-Media
-မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် ဒုတိဝန်ကြီးချုပ်ကို ခန့်အပ်တာဝန်ပေးဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က စီစဉ်နေပါတယ်။
ကမ္ဘောဒီးယားဟာ လာမယ့်နှစ် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူရမှာပါ။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုတွေကို အထူးကိုယ်စားလှယ်တစ်ဦးခန့်ကာ ကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံက စီစဉ်ထားတာပါ။ ဘရူနိုင်းနိုင်ငံရဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို အထူးကိုယ်စားလှယ်အဖြစ် ဩဂုတ်လမှာ အာဆီယံက ရွေးချယ်ခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပါဘူး။
လာမယ့်နှစ် ကမ္ဘောဒီးယားက ဥက္ကဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ ကိုယ်စားလှယ်အသစ် ထပ်ခန့်ဖို့ ရှိနေပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က တပည့်ဖြစ်သူ ပရက်ဆိုခွန်ကို ခန့်အပ်သွားမယ်လို့ ဒီကနေ့ ပနွမ်းပင်က ဟိုတယ်သစ်ဖွင့်ပွဲမှာ ပြောကြားခဲ့ပါတယ်။
“ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရက်ဆိုခွန်ကို အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်မယ်လို့ ကျွန်တော် ဒီကနေ့ အတည်ပြုပါတယ်”
မြန်မာ့နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံးကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေးအပါအဝင် ဧပြီလ အာဆီယံထိပ်သီးအစည်းအဝေးမှာ ရထားတဲ့ သဘောတူညီချက်က တာဝန်တွေအတိုင်း အထူးကိုယ်စားလှယ်က ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
အာဆီယံအဖွဲ့မှာ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ မလေးရှားတို့က အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးကာ မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းလိုပေမယ့် ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့က စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ချက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို ဟွန်ဆန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ဖိတ်ခေါ်တွေ့ဆုံခဲ့သလို၊ လာမယ့် ဇန်နဝါရီ လဆန်းပိုင်းမှာလည်း ဟွန်ဆန်ကိုတိုင် မြန်မာနိုင်ငံကိုလာကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဖို့ရှိနေပါတယ်။
ဟွန်ဆန်ဟာ ကမ္ဘောဒီးယားကို နှစ်ပေါင်း ၄၀ နီးပါး အုပ်စိုးထားတဲ့ အာဏာရှင်တစ်ယောက်ဖြစ်ပြီး သားဖြစ်သူကို ရာထူးလွှဲပေးဖို့လည်း စီစဉ်နေပါတယ်။
Ref: The Star
Comments