ဇန်နဝါရီ ၂၉၊ ၂၀၂၂
M-Media
-ကမ္ဘာ့အမြန်ဆုံးနဲ့ စျေးအကြီးဆုံး အရေးပေါ်ကားကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က သောကြာနေ့မှာ ထုတ်ပြလိုက်ပါတယ်။
HyperSport Responder လို့ အမည်ပေးထားတဲ့ အဲဒီကားကို EXPO 2020 ပြပွဲမှာ ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီကားကို ဒူဘိုင်းအခြေစိုက် ကားကုမ္ပဏီ W Motors က ထုတ်လုပ်တာပါ။
W Motors ဟာ ဟောလီး၀ုဒ်ရုပ်ရှင် Fast & Furious 7 မှာ အသုံးပြုခဲ့တဲ့ နာမည်ကျော် ပြိုင်ကား Lykan HyperSport ကို ထုတ်လုပ်တဲ့ကုမ္ပဏီလည်း ဖြစ်ပါတယ်။
HyperSport Responder အရေးပေါ်ကားက ကန်ဒေါ်လာ ၃.၅ သန်း တန်ဖိုးရှိပြီး ၂.၈ စက္ကန့်အတွင်း တစ်နာရီ ၀ ကနေ ကီလိုမီတာ ၁၀၀ အထိ အရှိန်မြှင့်နိုင်ကာ အမြင့်ဆုံး တစ်နာရီ ကီလိုမီတာ ၄၀၀ အထိ မောင်းနိုင်ပါတယ်။
ရှေ့မီးကြီးမှာ စိန်အလုံးပေါင်း ၄၄၀ ကွပ်ထားပြီး၊ အတွင်းပိုင်းအမိုးက ရွှေပြားခပ်ထားပါတယ်။ ကားမှာအသုံးပြုထားတဲ့ လယ်သာတွေကို ရွှေကြိုးနဲ့ သီချုပ်ထားတာ ဖြစ်ပါတယ်။
ဒူဘိုင်း အရေးပေါ်ကယ်ဆယ်ရေးဌာန DCAS ရဲ့အကြီးအကဲ ခါလီဖာ ဒါရိုင်က HyperSport Responder ကားရဲ့ မြန်နှုန်းနဲ့ စွမ်းဆောင်နိုင်စွမ်းဟာ အရေးပေါ်အခြေအနေတွေမှာ သွားရောက်ရမယ့်အချိန်ကို လျော့ကျစေလိမ့်မယ်လို့လည်း ပြောကြားခဲ့ပါတယ်။
DCAS ဟာ ယူအေအီးနိုင်ငံတစ်ဝှမ်းမှာ အရေးပေါ်ယာဉ်ပေါင်း ၃၃၁ စီးနဲ့ ဝန်ဆောင်မှုပေးနေတာ ဖြစ်ပါတယ်။
Ref: Alarabiya
Comments