ဖေဖော်၀ါရီ ၆၊ ၂၀၂၂
M-Media
-ကမ္ဘာတစ်၀ှမ်း ဆိုက်ဘာတိုက်ခိုက်မှုကနေ ရရှိတဲ့ အကျိုးအမြတ်နဲ့ မြောက်ကိုရီးယားဟာ နျူနဲ့ ဒုံးကျည်စီမံကိန်းကို လည်ပတ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားအပေါ် စီးပွားရေးပိတ်ဆို့မှု စောင့်ကြည့်အဖွဲ့ရဲ့ အဲဒီအစီရင်ခံစာကို ကုလလုံခြုံရေးကောင်စီ မြောက်ကိုရီးယား စီးပွားရေးပိတ်ဆို့မှု ကော်မတီကို မနေ့က တင်သွင်းခဲ့တာပါ။
တိုက်ချင်းပစ်ဒုံးကျည်တွေ၊ နျူလက်နက်စမ်းသပ်မှုတွေကို မတွေ့ရတော့ပေမယ့် ဆိုက်ဘာနည်းလမ်းတွေ၊ တစ်ခြားနိုင်ငံတွေနဲ့ ပူးတွဲသုတေသနတွေကနေတစ်ဆင့် မြောက်ကိုရီးယားက ဒီစီမံကိန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ဇန်န၀ါရီလအတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ၉ ကြိမ်လုပ်ဆောင်ခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် တစ်လအတွင်း အများဆုံးစမ်းသပ်မှု ဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဆိုက်ဘာတိုက်ခိုက်မှုကနေ ရရှိတဲ့အကျိုးအမြတ်နဲ့ လုပ်ဆောင်နေတာလို့ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းအထိ မြောက်အမေရိက၊ ဥရောပနဲ့ အာရှမှာရှိတဲ့ ဒစ်ဂျစ်တယ်ငွေကြေးအိတ်ချိန်း အနည်းဆုံး ၃ ခုကို ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ရာကနေ မြောက်ကိုရီယား ကန်ဒေါ်လာ သန်း ၅၀ ကျော် ရရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဆိုက်ဘာလုံခြုံရေး စောင့်ကြည့်အဖွဲ့ Chainalysis ရဲ့ ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ်အတွင်း ဒစ်ဂျစ်တယ်ငွေကြေးပလက်ဖောင်း ၇ ခုကို တိုက်ခိုက်ခဲ့ပြီး စုစုပေါင်းတန်ဖိုးက ဒေါ်လာသန်း ၄၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။
၂၀၁၉ခုနှစ် ဆိုက်ဘာတိုက်ခိုက်မှုကနေ မြောက်ကိုရီယားဟာ ဒေါ်လာ ၂ ဘီလီယံလောက် ရရှိခဲ့ပါတယ်။
Ref: Reuters
Comments