ဖေဖော်ဝါရီ ၁၀၊ ၂၀၂၁
M-Media
-နိုင်ငံတကာသုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Economist Intelligence Unit’s (EIU) က ၂၀၂၁ ခုနှစ်အတွက် ဒီမိုကရေစီအညွှန်းကိန်းကို ထုတ်ပြန်ရာမှာ မြန်မာ၊ အာဖဂန်နစ္စတန်နဲ့ မြောက်ကိုရီးယားတို့က အောက်ဆုံးမှာ ရှိနေပါတယ်။
EIU ရဲ့ အညွှန်းကိန်းအရ ကမ္ဘာ့လူဦးရေရဲ့ ၆.၆ ရာခိုင်နှုန်းသာ ပြည့်၀တဲဒီမိုကရေစီကို ရရှိကာ လူသားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအားလုံးကို စံစားရပြီး၊ ကမ္ဘာ့လူဦးရေ ၃ ပုံ ၁ ပုံကျော်က အာဏာရှင်တွေအောက် ဖိနှိပ်ချုပ်ချယ်မှုပေါင်းစုံကို ခံစားနေရတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံ၊ တာလီဘန်အဖွဲ့က သိမ်းပိုက်လိုက်တဲ့ အာဖဂန်နစ္စတန်တို့ဟာ ၂၀၂၁ ခုနှစ် ဒီမိုကရေစီအညွှန်းကိန်းမှာ အဆင့် ၁၆၆ နဲ့ ၁၆၇ အထိရောက်သွားပြီး၊ ကွန်မြူနစ်အာဏာရှင် ကြီးစိုးတဲ့ မြောက်ကိုရီးယားက ၁၆၅ မှာ ရှိနေပါတယ်။
EIU ရဲ့ အညွန်းကိန်းစာရင်းမှာ နိုင်ငံပေါင်း ၁၆၇ နိုင်ငံ ပါဝင်တာ ဖြစ်ပါတယ်။ ၂၀၂၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၃၅ ရှိပြီး၊ အာဖဂန်က ၁၃၉နဲ့ မြောက်ကိုရီးယားက ၁၆၇ ရှိတာပါ။
ထိုင်ဝမ်နိုင်ငံက အဆင့် ၁၁ ကနေ ၈ အထိ တက်လာပြီး ဒုတိယအဆင့်အများဆုံးတက်တဲ့နိုင်ငံက အင်ဒိုနီးရှားနိုင်ငံဖြစ်ပါတယ်။ ၆၄ ကနေ ၅၂ အထိ ရောက်လာတာပါ။
ပြီးခဲ့တဲ့တစ်နှစ်အတွင်း အာဖဂန်နဲ့ မြန်မာနိုင်ငံတို့က အဖြစ်အပျက်တွေကြောင့် အာရှတိုက် ပျမ်းမျှဒီမိုကရေစီ အညွန်းကိန်းလည်း သိသိသာသာကို ကျဆင်းသွားပါတယ်။
EIU ရဲ့ ဒီမိုကရေစီအညွှန်းကိန်းဟာ ရွေးကောက်ပွဲနဲ့ ဗဟု၀ါဒကျင့်သုံးမှု၊ အစိုးရယန္တရားလည်ပတ်မှု၊ နိုင်ငံသားတွေ နိုင်ငံရေးမှာ ပါဝင်နိုင်မှု၊ နိုင်ငံရေးယဉ်ကျေးမှု၊ နိုင်ငံသားများ၏လွတ်လပ်မှု စတဲ့ အချက် ၅ ချက်ကို သုံးသပ်ကာ ၀ ကနေ ၁၀ မှတ်အထိပေးပြီး အဆင့်ခွဲတာဖြစ်ပါတယ်။
၈ မှတ်အထက်ရရင် ပြည့်၀တဲ့ ဒီမိုကရေစီရှိတဲ့ နိုင်ငံအဖြစ် သတ်မှတ်ပြီး၊ ၆ မှတ်ကျော်ကနေ ၈ မှတ်ရရင်တော့ အပြစ်အနာဆာရှိနေသေးတဲ့ ဒီမိုကရေစီလို့ သတ်မှတ်ပါတယ်။ ၄ မှတ်ကျော်ကနေ ၆ မှတ်အထိရရင် အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီ၊ ၀ ကနေ ၄ မှတ်အထိဆိုရင် လုံး၀အာဏာရှင်နိုင်ငံ စသဖြင့် သတ်မှတ်တာ ဖြစ်ပါတယ်။
၂၀၂၀ စာရင်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၂၃ နိုင်ငံက ပြည့်၀တဲ့ ဒီမိုကရေစီစနစ် ရှိနေပြီး ၂၀၂၁ ခုနှစ်စာရင်းမှာတော့ ၂ နိုင်ငံလျော့သွားကာ ၂၁ နိုင်ငံသာ ပြည့်၀တဲ့ဒီမိုကရေစီစနစ် ရှိပါတယ်။
အနာအဆာရှိတဲ့ ဒီမိုကရေစီက ၅၃ နိုင်ငံ၊ အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီက ၃၄ နိုင်ငံ၊ လုံး၀ အာဏာရှင်နိုင်ငံက ၅၉ နိုင်ငံ ရှိနေတာ ဖြစ်ပါတယ်။ လုံး၀အာဏာရှင်နိုင်ငံတွေမှာ မြန်မာ၊ တရုတ်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။
Ref: SBS
Comments