ဖေဖော်ဝါရီ ၂၀၊ ၂၀၂၂
M-Media
-ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်တို့အကြား တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာပြီး၊ ရုရှားကလည်း နျူတပ်ဖွဲ့ စစ်ရေးလေ့ကျင့်မှု လုပ်နေတာကြောင့် ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်နိုင်ခြေ ဆက်ရှိနေသေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းကတည်းက ယူကရိန်းနယ်စပ်မှာ ရုရှားက တပ်ဖွဲ့ဝင် ၁ သိန်းကျော် ချထားရမှာ တစ်ချို့ကို ပြန်ဆုတ်လိုက်ပြီလို့ ရုရှားအစိုးရက ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်း ရုရှားကထောက်ပံ့ပေးနေတဲ့ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးသမားတွေက စစ်ရေးလှုပ်ရှားလာပြီး၊ စနေနေ့က ရုရှားရဲ့ မဟာဗျူဟာမြောက် နျူတပ်ဖွဲ့ စစ်ရေးလေ့ကျင့်ခဲ့ကာ သမ္မတပူတင်ကိုယ်တိုင် ဒီစစ်ရေးလေ့ကျင့်မှုကို ဦးစီးခဲ့ပါတယ်။
အမေရိကန် နိုင်ငံတော်လုံခြုံရေးအဖွဲ့က ရုရှားဟာ ယူကရိန်းကို အချိန်မရွေး ကျူးကျော်တိုက်ခိုက်နိုင်ခြေ ရှိတယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်ကို ပြောကြားထားပြီး ဒီကနေ့ ထိပ်တန်းအကြံပေးတွေ အိမ်ဖြူတော်မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းနယ်စပ်က တပ်တွေဆုတ်ပြီလို့ ပြောထားပေမယ့် အမှန်တကယ် ဆုတ်ခွာတာမျိုး မတွေ့ရသေးဘူးလို့ ဥရောပနဲ့ G7 နိုင်ငံတွေက ထုတ်ပြန်ပါတယ်။
ယူကရိန်းအရှေ့ပိုင်းကမှာ ရုရှားကျောထောက်နောက်ခံပြု ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတပ်တွေအကြား တိုက်ခိုက်မှု ပိုဖြစ်လာပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ရုရှားတပ်တွေဟာ နယ်စပ်ကို ပိုကပ်လာတယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပူတင်ဟာ လာမယ့်ရက်ပိုင်းအတွင်း ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း မိမိယူဆတယ်လို့ သောကြာနေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။
Ref: Reuters
Comments