ဖေဖော်ဝါရီ ၂၁၊ ၂၀၂၂
M-Media
-အိမ်နီးချင်း ဆူဒန်၊ အီဂျစ်တို့နဲ့ ရေအရင်းအမြစ်ဆိုင်ရာ အငြင်းပွားမှုရှိနေတဲ့ ဧရာမဆည်ကနေ ပထမဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို အီသီယိုးပီးယားက တနင်္ဂနွေနေ့မှာ စတင်လိုက်ပါတယ်။
Grand Ethiopian Renaissance Dam (GERD) လို့ အမည်ပေးထားတဲ့ အဲဒီဆည်ရဲ့ ဓာတ်အားထုတ်လုပ်မှုကို ဝန်ကြီးချုပ် အဘီယီ အဟ်မဒ်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။ ဒီဆည်ကြီးဟာ အီသီယိုးပီးယားနိုင်ငံရဲ့ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာမှာဖြစ်ပြီး နိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှု ပမာဏကို ၂ ဆအထိ မြင့်တက်စေမှာ ဖြစ်ပါတယ်။
နိုင်းမြစ်ရဲ့ မြစ်ညာမှာ ဆောက်လုပ်ထားတဲ့ GERD ဆည်ကြောင့် မိမိတို့ဆီ ရေစီးဆင်းမှုနည်းသွားပြီး ရေအရင်းအမြစ် ရှားပါးလာနိုင်တယ်လို့ မြစ်အောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ဆူဒန်နဲ့ အီဂျစ်တို့က စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် အဘီယီက အမှောင်ထဲမှာနေထိုင်နေရတဲ့ ပြည်သူ ၆၀ ရာခိုင်နှုန်း အလင်းရစေဖို့၊ စွမ်းအင်ရရှိရေး ထင်းလိုက်ရှာနေရတဲ့ မိခင်တွေရဲ့ လုပ်အားကို ချွေတာဖို့ အဓိကရည်ရွယ်တာဖြစ်ပြီး မြစ်ရေဟာ အရင်ကအတိုင်း ဆူဒန်နဲ့အီဂျစ်ကို စီးဆင်းနေမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အီသီယိုးပီးယား အစိုးရနဲ့ ပြည်သူတွေဟာ ရေကိုထိန်းချုပ်ပြီး ဆူဒန်နဲ့ အီဂျစ်တို့ကို ငတ်မွတ်ခေါင်းပါးအောင် လုပ်ဆောင်မယ်ဆိုတဲ့ ကောလဟာလတွေဟာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ နိုင်းမြစ်ရေကို မိမိသဘောနဲ့မိမိ မသုံးရဆိုတဲ့ ၂၀၁၅ ခုနှစ် သဘောတူညီချက်ကို အီသီယိုးပီးယားက ချိုးဖောက်တာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆူဒန်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ဒေါ်လာ ၄.၂ ဘီလီယံ တန်ဖိုးရှိတဲ့ GERD ဆည်ကို ၂၀၁၁ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး လျှပ်စစ်ဓာတ်အား မီဂါဝပ် ၅ ထောင်ကျော် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အာဖရိကတိုက်မှာ အကြီးဆုံး ရေအားလျှပ်စစ်ဆည်အဖြစ် မှတ်တမ်း၀င်မှာပါ။
အီဂျစ်ဟာ စိုက်ပျိုးရေးနဲ့ သောက်သုံးရေအတွက် နိုင်းမြစ်ကို ၉၇ ရာခိုင်နှုန်း မှီခိုနေရပါတယ်။
Ref: Aljazeera
Comments