ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂
M-Media
-အာဏာသိမ်းစစ်ကောင်စီက ပြည်သူတွေကို ဖိနှိပ်မှုမှာ အသုံးပြုနိုင်တာကို သိလျက်နဲ့ တရုတ်၊ ရုရှားတို့က မြန်မာစစ်တပ်ကို လက်နက်ရောင်းချနေပြီး ဒါကို တားဆီးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလုအထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးက ပြောကြားလိုက်ပါတယ်။
အင်္ဂါနေ့မှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ အန်ဒရူးရဲ့ အစီရင်ခံစာမှာ တရုတ်၊ ရုရှားနဲ့ ဆားဘီးယားတို့ဟာ မြန်မာစစ်တပ်ကို လက်နက်တွေ ဆက်လက်ထောက်ပံ့ပေးနေတယ်လို့ ဖော်ပြထားပါတယ်။
“ပြည်သူကိုသတ်ဖြတ်တဲ့နေရာမှာ လက်နက်တွေကို သုံးနေတဲ့အတွက် မြန်မာနိုင်ငံဆီ လက်နက်တွေ မပို့သင့်ဘူးဆိုတာ အငြင်းပွားစရာမလိုတဲ့ ကိစ္စပါ”
မြန်မာအာဏာသိမ်းစစ်ကောင်စီနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနတို့က အန်ဒရူးရဲ့ ဒီမှတ်ချက်ကို တုန့်ပြန်ပြောဆိုမှု မလုပ်သေးပါဘူး။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်က မြန်မာနိုင်ငံရဲ့ ရေရှည်အကျိုးစီးပွားကို ရှေ့ရှုပြီး ပြဿနာတွေကို နိုင်ငံရေးဆွေးနွေးပွဲတွေကနေတစ်ဆင့် ဖြေရှင်းဖို့ တရုတ်နိုင်ငံက သက်ဆိုင်သူအားလုံးကို အမြဲတမ်း တိုက်တွန်းနေကြောင်း ပြောကြားခဲ့ပါတယ်။
အန်ဒရူးရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဆားဘီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက် ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ အခြေအနေသစ်နဲ့ပတ်သက်ပြီး ဆန်းစစ်သုံးသပ်မှုတွေ ပြုလုပ်ကာ စာချုပ်အဟောင်းအရရော၊ စာချုပ်အသစ်နဲ့ပါ လက်နက်တွေ ပေးပို့ရောင်းချမှု မလုပ်ဖို့ ၂၀၂၁ ခုနှစ် မတ်လကတည်းက ဆုံးဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရုရှားဟာ မြန်မာစစ်တပ်ကို ဒရုန်းတွေ၊ တိုက်လေယာဉ်အမျိုးအစားနှစ်ခု၊ လေကြောင်းရန်ကာကွယ်ရေးစနစ် ပါဝင်တဲ့ ကားအပါအဝင်၊ စစ်ဖက်သုံးယာဉ်အမျိုးအစား နှစ်ခု ရောင်းချခဲ့တယ်လို့ အန်ဒရူးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
တရုတ်က တိုက်လေယာဉ်တွေ၊ ဆားဘီးယားက ဒုံးကျည်နဲ့ လက်နက်ကြီးကျည်တွေ မြန်မာစစ်တပ်ကို ပေးပို့ခဲ့ပါတယ်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် အန်ဒရူးက မြန်မာစစ်တပ်ရဲ့ ငွေဝင်လမ်းကြောင်း လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့လည်း နိုင်ငံတကာအသိုင်းအ၀ိုင်းကို တိုက်တွန်းခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတစ်ဝှမ်း ပြည်သူ ၁၅၀၀ ကျော်လောက် သေဆုံးခဲ့ပါတယ်။
Ref: Reuters
Comments