မတ် ၄၊ ၂၀၂၂
M-Media
-စစ်ခေါင်းဆောင်တွေ ဝင်ငွေအဓိကရနေတဲ့ စီးပွားရေးဦးပိုင်လီမိတက် (MEHL) ရုံးချုပ်အဆောက်အဦးကို နေပြည်တော်မှာ ဆောက်လုပ်နေပြီး လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အတွက်ဖြစ်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေက မီဒီယာကို ပြောပါတယ်။
မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နဲ့ MEHL တို့ဟာ စစ်ခေါင်းဆောင်တွေ ထိန်းချုပ်ထားတဲ့ လုပ်ငန်းစုတွေဖြစ်ပြီး ဒေါ်လာဘီလီယံချီရတဲ့ လုပ်ငန်းတွေအပါအဝင် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်း တော်တော်များများကို လုပ်ကိုင်နေတာဖြစ်ပါတယ်။
ဒီလုပ်ငန်းစုက ရရှိတဲ့ဝင်ငွေတွေဟာ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်သူလူထုအပေါ် နှိပ်စက်ညှင်းပမ်းမှုတွေကို အထောက်အကူပြုနေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပြ ဝေဖန်ထားပါတယ်။
MEHL က လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေထဲမှာ မြ၀တီဘဏ်နဲ့ စစ်တပ်အငြိမ်းစားရန်ပုံငွေလုပ်ငန်းတွေ ပါဝင်ပြီး ရုံးချုပ်တွေက ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်မှာ ရှိနေတာဖြစ်ပါတယ်။
နေပြည်တော် ဥတ္တရသီရိမြို့နယ် မန္တလေးလမ်းမှာ MEHL က ၁၀ ထပ် ရုံးချုပ်အဆောက်အဦးတစ်ခု ဆောက်လုပ်နေတယ်လို့ အငြိမ်းစားဗိုလ်မှူးတစ်ဦးအပါအဝင် ရင်းမြစ်နှစ်ခုက ဧရာ၀တီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
တည်ဆောက်နေတဲ့နေရာဟာ နေပြည်တော်က လူစည်ကားတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆောက်လုပ်မှုကို ဇန်နဝါရီက စတင်ခဲ့ပြီး လက်ရှိမှတော့ ဖောင်ဒေးရှင်းပိုင်း ပြီးသွားပြီလို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။
နေပြည်တော်ကသာ သူတို့အကျိုးစီးပွားကို လုံခြုံစေမယ့် နေရာဖြစ်တယ်လို့ စစ်ကောင်စီက ယူဆတဲ့အတွက် ဒီလိုရွှေ့ပြောင်းတာဖြစ်မယ်လို့ အငြိမ်းစားဗိုလ်မှူးက ပြောကြားခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေကို အဓိကထား ဆန့်ကျင် သပိတ်မှောက်လာကြပြီး တိုက်ခိုက်ဖျက်ဆီးမှုတွေပါ ရှိလာတာ ဖြစ်ပါတယ်။
Ref: Irrawaddy English
Comments