မတ် ၆၊ ၂၀၂၂
M-Media
-ရိုဟင်ဂျာအသိုင်းအ၀ိုင်းမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူ မိုဟီဘူလာ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးခေါင်းဆောင်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်က ဖမ်းဆီးလိုက်ပါတယ်။
ရိုဟင်ဂျာတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ နေရပ်ပြန်နိုင်ရေး စသဖြင့် နယ်ပယ်စုံမှာ ကူညီပေးနေတဲ့ မိုဟီဘူလာဟာ ဘင်္ဂလာဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက လုပ်ကြံခံလိုက်ရတာပါ။
မိသားစုက ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ARSA က လုပ်ကြံသတ်ဖြတ်တာလို့ စွပ်စွဲပြစ်တင်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ARSA နဲ့ အဆက်အသွယ်ရှိတဲ့ အိုလမာကောင်စီ အကြီးအကဲ မော်လဝီ ဇာကိုရီယာကို မိုဟီဘူလာလုပ်ကြံခံရမှုမှာ ပါဝင်မှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ ဖော်ပြထားပါတယ်။
“မိုဟီဘူလာကို လုပ်ကြံဖို့ ဖသ်ဝါဓမ္မသတ်ကို မော်ဝီဇာကိုရီယာက ထုတ်ပေးခဲ့ပါတယ်။ မိုဟီဘူလာ အသတ်ခံခဲ့ရပြီး ဇာကိုရီယာလည်း ထွက်ပြေးတိမ်းရှောင်သွားပါတယ်” လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူ နိုင်မူလ် ဟက်က ပြောပါတယ်။
ဇာကိုရီယာဟာ မိုဟီဘူလာရဲ့ လုပ်ဆောင်ချက်တွေကို မနှစ်မြို့ဘူးလို့ ဟက်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ARSA ရဲ့ ဒီလုပ်ဆောင်ချက်ဟာ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ စည်မျဉ်းစည်းကမ်းတွေကို ဖျက်ဆီးမှုဖြစ်တယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။
မိုဟီဘူလာဟာ မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းအားထုတ်နေသူတစ်ဦးပါ။ ဒါ့အပြင် စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို အသေးစိတ် အချက်အလက်တွေကအစ အထောက်အထားစုဆောင်းကာ မှတ်တမ်းတင်တဲ့ လုပ်ငန်းကိုလည်း သူက လုပ်ဆောင်ခဲ့ပါတယ်။
ARSA ဟာ အိုလမာကောင်စီကနေတစ်ဆင့် ရိုဟင်ဂျာလူ့အဖွဲ့အစည်းမှာ ဩဇာလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ဖွင့်လှစ်ထားတဲ့ အစ္စလာမ်ဘာသာရေးကျောင်းက လူ ၆ ယောက် သတ်ဖြတ်ခံရမှုမှာ ARSA ရဲ့ လက်ချက်မကင်းဘဲ သူတို့ကို ယှဉ်ပြိုင်မယ့် အဖွဲ့အစည်းလို့ ရှုမြင်တဲ့အတွက် ဒီလိုလုပ်တာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။
Ref: Daily Mail
Comments