မတ် ၇၊ ၂၀၂၂
M-Media
-ပိုလန်အပါအ၀င် နေတိုးအဖွဲ့၀င် အနည်းဆုံး ၃ နိုင်ငံက ရုရှားလုပ် တိုက်လေယာဥ်တွေ ယူကရိန်းထံ လွှဲပြောင်းပေးနိုင်ရေး အမေရိကန်အစိုးရက စီစဥ်နေပါတယ်။
စနေနေ့က အမေရိကန်လွှတ်တော်အမတ် ၃၀၀ လောက်နဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးက ယူကရိန်းလေတပ်အတွက် တိုက်လေယာဥ်တွေ ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံခဲ့တာပါ။
ယူကရိန်းလေတပ်သားတွေဟာ ရုရှားတိုက်လေယာဥ်တွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်တဲ့အတွက် နေတိုးအဖွဲ့၀င် နိုင်ငံတွေမှာရှိတဲ့ တိုက်လေယာဥ်အဟောင်းတွေ ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ယူကရိန်းကို လေယာဥ်မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုတာကို နေတိုးအဖွဲ့က မလိုက်လျောတဲ့အတွက် ရုရှားရဲ့ ကျူးကျော်မှုကို ကာကွယ်ရေး အခုနည်းလမ်းနဲ့ ကူညီပေးသင့်တယ်လို့လည်း ဇယ်လင်စကီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရက နေတိုးအဖွဲ့၀င် ပိုလန်နိုင်ငံနဲ့ ဒီကိစ္စကို ဆွေးနွေးနေပါတယ်။ ပိုလန်က သူတို့မှာရှိတဲ့ ရုရှားလုပ် တိုက်လေယာဥ်တွေကို ယူကရိန်းထံ ပေးပို့ရမှာဖြစ်ပြီး အစားထိုးအနေနဲ့ အမေရိကန်က F16 တိုက်လေယာဥ်တွေ ပြန်ပေးရမှာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က နေတိုးအဖွဲ့၀င်နိုင်ငံတစ်ချို့ဟာ ယူကရိန်းထံ တိုက်လေယာဥ်တွေ ပေးပို့ဖို့ သဘောတူထားကြတယ်လို့ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
Ref : CBS News
Comments