ဧပြီ ၁၊ ၂၀၂၂
M-Media
-ပြည်သူ့အစိုးရကို အာဏာပြန်မအပ်မချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ဖယ်ထုတ်ဖို့လိုအပ်ပြီး အာဆီယံနဲ့ ကမ္ဘာကြီးမရှိရင်လည်း အသက်ဆက်နိုင်တယ်ဆိုတဲ့ စစ်ခေါင်းဆောင်တွေရဲ့အတွေး မှားယွင်းကြောင်း ပြသဖို့လိုတယ်လို့ ဂျကာတာပို့စ်က ဆောင်းပါးတစ်ခုမှာ တိုက်တွန်းထားပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ သဘောတူညီချက် ၅ ရပ်အပေါ် စစ်ခေါင်းဆောင်တွေက လေးစားလိုက်နာဖို့ ပျက်ကွက်မှုကို ဒီဆောင်းပါးမှာ အဓိကထောက်ပြထားပါတယ်။
၁၉၈၀ ပြည့်နှစ်တွေက ကမ္ဘောဒီးယား နိုင်ငံရေးအကြပ်အတည်းကို အာဆီယံက ဖြေရှင်းပေးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံက ကိစ္စကိုလည်း ဒီလိုဖြေရှင်းနိုင်မယ်လို့ အခုနှစ် အာဆီယံဥက္ကဌအဖြစ် တာ၀န်ထမ်းဆောင်မယ့် ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က ထင်ခဲ့တာပါ။
ဒါပေမယ့် ဇန်န၀ါရီလ ပထမဆုံးအကြိမ် မြန်မာနိုင်ငံကိုသွားရောက်ကာ စစ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့ ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြဿနာကို ဖြေရှင်းလိုစိတ်မရှိကြဘဲ သူဥက္ကဌအဖြစ် တာ၀န်ယူမယ့် အခုနှစ်အတွင်း ပြေလည်နိုင်မှာမဟုတ်ဘူးလို့ သူ့ရဲ့စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံခြားရေး၀န်ကြီး ပက်ဆိုခွန် မတ်လအတွင်း မြန်မာနိုင်ငံသွားတဲ့ ခရီးစဥ်မှာလည်း တိုးတက်မှု မရှိပါဘူး။
မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့နဲ့ သူတို့ရဲ့ နမော်နမဲ့ လုပ်ရပ်တွေကို အရေးယူဖို့အတွက် အာဆီယံအဖွဲ့အစည်းဟာ သတ္တိရှိဖို့ လိုအပ်တယ်လို့ ဂျကာတာပို့စ်က ဆောင်းပါးမှာ ထောက်ပြထားပါတယ်။
စစ်ခေါင်းဆောင်တွေကို ဖိအားပေးရာမှာ အစည်းအ၀ေးမဖိတ်တာလို ဆောင်ရွက်မှုမျိုးထက် ကတိက၀တ်ကို အကောင်အထည်မဖော်မချင်း၊ ပြည်သူ့အစိုးရကို အာဏာပြန်မပေးမချင်း မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ကနေ ထုတ်ပယ်ထားဖို့လည်း တိုက်တွန်းထားပါတယ်။
ဖြုတ်ချခံလိုက်ရတဲ့ NLD အစိုးရကို ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်တွေကို အာဆီယံက နေရာပေးကောင်းပေးနိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် အာဏာရှိစဥ်မှာ မလေးရှားနဲ့ အင်ဒိုနီးရှားလို နိုင်ငံမျိုးအပေါ် မယုံကြည်သလို သဘောထားမျိုးက NUG ကို အာဆီယံက လက်ခံဖို့ကိစ္စမှာ အဖုအထစ် ဖြစ်လာနိုင်တယ်လို့ ဆောင်းပါးမှာ သုံးသပ်ပါတယ်။
၂၀၁၇၊ ၂၀၁၈ မြန်မာနိုင်ငံမှာ စစ်တပ်က ရိုဟင်ဂျာတွေအပေါ် အပြင်းအထန် ဖိနှိပ်ညှင်းပမ်းနေချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ၀ေဖန်မှုကို မနှစ်မြို့ကြောင်း ပြတဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကို သွားရောက်လည်ပတ်ဖို့ ငြင်းဆိုခဲ့ပါတယ်။
မြန်မာဗိုလ်ချုပ်တွေအပေါ် ပိတ်ဆို့အရေးယူမှု လုပ်ဆောင်ဖို့၊ မြန်မာစစ်တပ်နဲ့ အဆက်အသွယ် ဖြတ်တောက်ဖို့ကိစ္စမှာ အာဆီယံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်း၊ ဂျပန်လို နိုင်ငံမျိုးတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆောင်းပါးမှာ တိုက်တွန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာစစ်ခေါင်းဆောင်က သူတို့ဟာ အာဆီယံအဖွဲ့အစည်းနဲ့ ကမ္ဘာ့အသိုင်းအ၀ိုင်း မရှိလည်း အသက်ဆက်နိုင်တယ်လို့ ထင်မြင်ယူဆနေတာကို မှားယွင်းကြောင်း အာဆီယံက သက်သေပြဖို့ အချိန်တန်ပြီလို့ဆိုကာ ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။
Ref : Jakarta Post
Comments