မေ ၁၂၊ ၂၀၂၂
M-Media
-မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ရေးမှာ အာဆီယံအဖွဲ့က အခုထက်ပိုပြီး ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါ၀င်တာမျိုး မြင်ချင်တယ်လို့ အမေရိကန်က ပြောကြားလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်လာတဲ့ မတည်ငြိမ်မှုတွေကို ဖြေရှင်းဖို့အတွက် အာဆီယံဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို ချမှတ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦးလည်း ခန့်အပ်ခဲ့ပါတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်တွေက အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဂရုမစိုက်ပါဘူး။ အပြန်အလှန်အားဖြင့် အာဆီယံကလည်း စစ်ခေါင်းဆောင်တွေကို အစည်းအ၀ေးတွေမှာ တက်ခွင့်မပြုပါဘူး။
အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသ ညှိနှိုင်းရေးမှူး ကာ့တ်ကမ်းဘဲလ်က မြန်မာ့အရေးမှာ သံခင်းတမန်ခင်းအရ ပိုမိုအားထုတ်ဆောင်ရွက်သွားကြဖို့ အခုတစ်ပတ်နှောင်းပိုင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရင် သမ္မတဘိုင်ဒန်က တိုက်တွန်းလိမ့်မယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။
“ရှေ့ဆက်နိုင်ရေးမှာ စစ်အစိုးရရော၊ အတိုက်အခံအဖွဲ့တွေနဲ့ပါ ဘယ်လို စေ့စပ်ဆောင်ရွက်မလဲဆိုတာမျိုး လက်တွေ့ကြတဲ့ လုပ်ဆောင်မှုတွေ အာဆီယံက လုပ်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
မြန်မာကိစ္စကို အမေရိကန်က အခြားမိတ်ဖက်နိုင်ငံတွေနဲ့ တက်တက်ကြွကြွ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး၊ အာဆီယံအဖွဲ့က သံတမန်ရေးရာပိုင်းမှာ ပိုမို နက်နက်ရှိုင်းရှိုင်း ပါ၀င်ဆောင်ရွက်တာမျိုး လိုချင်တယ်လို့လည်း ကမ်းဘဲလ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။
Ref: Reuters
Comments