ဇူလိုင် ၁၁၊ ၂၀၂၂
M-Media
-သမ္မတနဲ့ ၀န်ကြီးချုပ် နှုတ်ထွက်ပြီး အစိုးရသစ်တက်လာမှ သမ္မတအိမ်တော်နဲ့ ၀န်ကြီးချုပ် အိမ်ယာကနေ စွန့်ခွာမယ်လို့ သီရိလင်္ကာ ပြည်သူတွေက ပြောပါတယ်။
စီးပွားရေးကြပ်တည်းမှု ပြဿနာကို အကြီးအကျယ် ကြုံတွေ့ရပြီး အခြေခံစားသောက်ကုန်တွေ၊ စက်သုံးဆီ၊ ဓာတ်ငွေ့တွေ ပြတ်လပ်တာကို မခံနိုင်တော့တဲ့အဆုံး သီရိလင်္ကာပြည်သူတွေဟာ စနေနေ့က သမ္မတနဲ့ ၀န်ကြီးချုပ်အိမ်တော်တွေကို ၀င်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ပြည်သူတွေ အကြီးအကျယ် ဆန္ဒပြခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် မာဟင်ဒါ ရာဂျာပက်ဆာ ရာထူးကနေ ဆင်းသွားပေမယ့် သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက ရာထူးမှာ ဆက်ရှိနေတာဖြစ်ပါတယ်။
ဇူလိုင် ၁၃ ရက်နေ့မှာ ရာထူးက ဆင်းပေးမယ်လို့ ဂိုတာဘာယာကပြောကြောင်း လွှတ်တော်ဥက္ကဌရဲ့ စနေန့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂိုတာဘာဟာ ရေတပ်စစ်သင်္ဘောတစ်စီးမှာ ပုန်းနေပြီး သူ့ညီ မာဟင်ဒါကလည်း ရေတပ်စခန်းတစ်ခုမှာ ရှိနေတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စနေနေ့က ဆန္ဒပြမှုမှာ နေအိမ် မီးတင်ရှို့ခံလိုက်ရတဲ့ လက်ရှိ၀န်ကြီးချုပ် ရာနီလ် ၀စ်ကရီမီဆင်ဟီကတော့ ရာထူးကဆင်းပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူတွေက အစိုးရရဲ့ ပြောကြားမှုတွေအပေါ်မှာ သံသယရှိနေပြီး အစိုးရသစ် တက်မလာမချင်း သမ္မတနဲ့ ၀န်ကြီးချုပ် အိမ်တော်တွေက ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
“ကျွန်တော်တို့ရဲ့ တွန်းလှန်မှုဟာ အဆုံးမသတ်သေးပါဘူး။ သမ္မတ ဂိုတာဘာယာ အမှန်တကယ် ရာထူးက မဆင်းမချင်း တော်လှန်ရေးကို ကျွန်တော်တို့ စွန့်လွှတ်မှာ မဟုတ်ပါဘူး” လို့ ကျောင်းသားခေါင်းဆောင် လာဟီရူ ၀ီရာစီကာရာက ပြောပါတယ်။
နိုင်ငံရေးကျွမ်းကျင်သူတွေက ဂိုတာဘာယာ အမှန်တကယ် ရာထူးက ဆင်းပေးမလားဆိုတာ မသေချာသေးဘဲ လာမယ့်ရက်ပိုင်း သီရိလင်္ကာနိုင်ငံရေးဟာ မသေချာတဲ့ အနေအထားမှာ ရှိနေတယ်လို့ သုံးသပ်ထားပါတယ်။
Ref: BBC
Comments