ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃
M-Media
– လူကုန်ကူးခံရပြီး မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ အဓမ္မလုပ်အားခိုင်းစေခြင်းခံနေရတဲ့ နိုင်ငံသား ၈ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီးဌာနက တနင်္လာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၄ ဦး ဖြစ်ပါတယ်။ အမျိုးသား ၄ ဦးဟာ အရင်က ဒူဘိုင်းမှာ အလုပ်လုပ်သူဖြစ်ပြီး ထိုင်းနိုင်ငံမှာ အရောင်းစာရေးလုပ်ရမယ်လို့ ခေါ်ယူကာ မြန်မာနိုင်ငံကို လူကုန်ကူးခံလိုက်ရတာ ဖြစ်ပါတယ်။
အမျိုးသမီး ၄ ဦးကိုတော့ ထိုင်းကနေ မြန်မာဖက်ကို ခိုးသွင်းနေတဲ့အချိန် ဖမ်းဆီးကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ၈ ဦးစလုံး မနေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံကို ပြန်ရောက်လာပါတယ်။
ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေး၀န်ကြီး အက်ဒူရာဒို ဟိုဆေး ဒီ ဗီဂါက နိုင်ငံခြားမှာ ပိုက်ဆံများများရမယ်ဆိုပြီး မက်လုံးပေးတဲ့ ဆိုရှယ်မီဒီယာက အလုပ်တွေကို သတိထားသင့်တယ်လို့ ပြောပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့က တရုတ်ငွေလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်ဖို့အတွက် လူကုန်ကူးတဲ့အဖွဲ့တွေ အရှေ့တောင်အာရှမှ လှုပ်ရှားမှုဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း မြင့်တက်လာပါတယ်။
အထူးသဖြင့် မလေးရှားနိုင်ငံသားတွေ လူကုန်ကူးခံရတာကို မီဒီယာတွေမှာ အတွေ့များပြီး အဓမ္မခိုင်းစေခံရမှု၊ နှိပ်စက်ညှင်းပမ်းမှုတွေလည်း ရှိနေပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် မြ၀တီက KK Gardens မှာ လူကုန်ကူးခံရပြီး မလေးရှားနိုင်ငံသား တစ်ထောင်ကျော်လောက် အဓမ္မ လုပ်အားခိုင်းစေခံနေရတယ်လို့ မလေးရှား ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။
Ref: The Star
Comments