ဇွန် ၁၅၊ ၂၀၂၃
M-Media
-မေလအတွင်းက တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုံး မိုခါကြောင့် အတိ ဒုက္ခရောက်နေကြတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးပို့သွားမယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။
အရေးပေါ် ကူညီမှု အဆင့်ကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ကိုင်ရာမှာ အထောက်အကူဖြစ်စေဖို့ ရည်ရွယ်လှူဒါန်းတာလို့ အင်ဒို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုရေး၀န်ကြီး မူဟာဂျီရ် အီဖန်ဒီက ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ အကူအညီတွေဟာ အဆောက်အဦး ပြန်လည်ဆောက်လုပ်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ သောက်သုံးရေ ရရှိရေး၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး စတဲ့ကဏ္ဍတွေအတွက် ရည်ရွယ်တာပါ။
“မြန်မာနိုင်ငံကို အကူအညီတွေပေးအပ်ဖို့ သမ္မတ ဂျိုကို၀ီရဲ့ ညွှန်ကြားချက်အတိုင်း ဒီလိုအကူအညီတွေ ပေးအပ်တာ ဖြစ်ပါတယ်” လို့ အီဖန်ဒီက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အကူအညီဟာ အင်ဒိုနီးရှားရူပီး ၇ ဘီလီယံဖိုး ရှိမှာဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့မှာ ပေးပို့မှာ ဖြစ်ပါတယ်။
မေလအတွင်း တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း မိုခါဒဏ်ကို ရခိုင်ပြည်နယ်က အဓိက ခံစားခဲ့ရတာ ဖြစ်ပါတယ်။
Ref: Antaranews
Comments