ဇူလိုင် ၁၊ ၂၀၂၃
M-Media
-အိန္ဒိယက အမျိုးသမီး သူနာပြုတစ်ဦးဟာ လူ့အဖွဲ့အစည်းအတွင်း စွမ်းစွမ်းတမံ အကျိုးပြုနိုင်ခဲ့မှုကြောင့် မကြာသေးခင်က အစိုးရရဲ့ ဂုဏ်ပြုတစ်ခုကို ရရှိခဲ့ပါတယ်။
သူကတော့ နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်က ခတီဂျာ ဘီဘီပါ။ ၃၃ နှစ်တာ သူနာပြုကာလအတွင်း ကလေးငယ်ပေါင်း တစ်သောင်းကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။
“ကျွန်မမွေးဖွားပေးလိုက်တဲ့ ကလေးငယ်တစ်သောင်းလုံး ကျွန်မ ကြည့်ရှုစောင့်ရှောက်မှုကာလအတွင်း တစ်ဦးမှ သေဆုံးခဲ့ခြင်းမရှိပါဘူး။ ဒီအတွက် ဂုဏ်ယူမိပါတယ်” လို့ အသက် ၆၀ အရွယ် ခတီဂျာဘီဘီက ပြောပါတယ်။
သူမဟာ မကြာသေးခင်ကပဲ ပင်စင်ယူလိုက်ပြီ ဖြစ်ပါတယ်။
ပြည်နယ်ကျန်းမာရေး၀န်ကြီး ဆူဘရာမာနီယန်က ခတီဂျာဘီဘီ မွေးပေးခဲ့တဲ့ ကလေးငယ်တွေ တစ်ဦးမှ သေဆုံးခြင်းမရှိတဲ့ အောင်မြင်မှုအတွက် အစိုးရက ဂုဏ်ပြုခဲ့တယ်လို့ ပြောပါတယ်။
အိန္ဒိယဟာ အရင်က ကမ္ဘာပေါ်မှာ မွေးကင်းစကလေးငယ် သေဆုံးမှု အများဆုံးတိုင်းပြည် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း သေဆုံးမှုအရေအတွက်ဟာ သိသိသာသာ ကျဆင်းခဲ့ပြီး အခုဆိုရင် ကမ္ဘာပျမ်းမျှ သေဆုံးမှုပမာဏလောက်သာ ရှိပါတော့တယ်။
ဒီအောင်မြင်မှုမှာ ခတီဂျာဘီဘီလို ကျွမ်းကျင် သူနာပြုတွေက အရေးပါတဲ့အခန်းကဏ္ဍမှာ ပါ၀င်ပါတယ်။ အိန္ဒိယဟာ ကလေးမွေးဖွားမှုမှာ သူနာပြုတွေ၊ အရပ်လက်သည်တွေကိုသာ အဓိက အားကိုးနေရတဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။
ခတီဂျာဘီဘီရဲ့ သူနာပြုဘ၀ဟာ ၁၉၉၀ မှာ စတင်ပါတယ်။
“အဲဒီတုန်းက ကျွန်မ ကိုယ်၀န် ၇ လ ရှိနေပြီ။ ကလေးမွေးပြီးတော့ ၂ လပဲနားပြီး အလုပ်ပြန်၀င်ပါတယ်။ ကလေးမွေးတဲ့အချိန်မှာ အမျိုးသမီးတွေ ဘယ်လောက် စိတ်သောကရောက်နေလဲဆိုတာ ကျွန်မ နားလည်တယ်။ ဒါ့ကြောင့် သူတို့ စိတ်အေးဖို့၊ သက်သောင့်သက်သာဖြစ်ဖို့ကို ကျွန်မ အမြဲတမ်း ဦးစားပေးပါတယ်”
မိခင်ကို အားကျသူ
ခတီဂျာဘီဘီဟာ ပြည်နယ်မြို့တော် ချနိုင်းကနေ ၉၃ မိုင်၀ေးတဲ့ လူနေထူထပ်တဲ့ ရွာလေးတစ်ရွာမှာ ဆေးခန်းဖွင့်ထားပါတယ်။ သူ့ဆေးခန်းမှာ ရိုးရိုးမွေးလူနာပဲ လက်ခံပြီး ခွဲမွေးရမယ့်လူနာတွေကို ခရိုင်ဆေးရုံကို ပို့ပေးပါတယ်။
သူနာပြုတစ်ဦးဖြစ်တဲ့ မိခင် ဇူလိုင်ခါဘီဘီကို အားကျပြီး မိခင်ခြေရာနင်းခဲ့တာလို့ ခတီဂျာဘီဘီက ပြောပါတယ်။
“ငယ်ငယ်လေးကတည်းက ဆေးထိုးအပ်တွေဘာတွေနဲ့ ကျွန်မ ကစားတယ်။ ဆေးရုံအနံ့တွေဆိုလည်း အသားကျနေတော့တာ”
ခတီဂျာဘီဘီတို့ ငယ်စဥ်က အိန္ဒိယမှာ ကျန်းမာရေးစောင့်ရှောက်မှု အလွန်အားနည်းပါတယ်။ ၀ေးလံခေါင်းဖျားဒေသတွေမှာ ဆေးရုံတွေ၊ ဆရာ၀န်တွေ လုံလုံလောက်လောက်မရှိပါဘူး။
“ကျွန်မ သူနာပြု စလုပ်တုန်းက ဆရာ၀န်တစ်ယောက်၊ သူနာပြုနှစ်ယောက်နဲ့ အကူ ၇ ယောက်ပဲရှိတယ်။ အစပိုင်းနှစ်တွေမှာ မအားရအောင် အလုပ်လုပ်ရတာ။ ကိုယ့်ကလေးကိုယ်တောင် မကြည့်အားဘူး။ မိသားစုတာ၀န်တွေ ကျွန်မ လစ်ဟင်းခဲ့ပါတယ်။ ဒါပေမယ့် တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေကို ကျွန်မ ရခဲ့တယ်”
၁၉၉၀ မှာ အိန္ဒိယနိုင်ငံရဲ့ မွေးကင်းစကလေး သေဆုံးမှုဟာ တစ်သောင်းမှာ ၅၅၆ ဦး ရှိပါတယ်။ ရင်ခွင်ပိုက်ကလေးငယ် သေဆုံးမှုကတော့ တစ်ထောင်မှာ ၈၈ ဦးအထိ ရှိခဲ့ပါတယ်။
လက်ရှိ အချက်အလက်တွေအရ ကလေးတစ်သောင်းမွေးရာမှာ သေဆုံးမှု ၉၇ ဦးသာ ရှိတော့ပြီး ရင်ခွင်ပိုက်ကလေးငယ် သေးဆုံးမှုက တစ်ထောင်မှာ ၈ ဦးသာ ရှိပါတော့တယ်။
ကျန်းမာရေးစောင့်ရှောက်မှု အားကောင်းလာအောင်၊ အမျိုးသမီးတွေ ကျန်းမာရေးအသိ မြင့်မားလာအောင် လုပ်ဆောင်ပေးခဲ့တဲ့ ခေတ်အဆက်ဆက် အိန္ဒိယအစိုးရတွေကို ချီးကျူးတယ်လို့ ခတီဂျာဘီဘီက ပြောပါတယ်။
သူမဟာ တစ်ရက်ကို ကလေးငယ်တစ်ဦး ဒါမှမဟုတ် ၂ ဦးလောက် ပုံမှန် မွေးပေးရပါတယ်။ ၂၀၀၀ ခုနှစ် မတ်လ ၈ ရက်နေ့က ထူးခြား အဖြစ်အပျက်တစ်ခုကို ခတီဂျာဘီဘီက မှတ်မိနေပါတယ်။
“ဗိုက်ကြီးသည် ၂ ယောက်က မွေးဖို့ ကျွန်မကိုစောင့်နေတယ်။ သူတို့လည်း မွေးပြီးရော နောက်ထပ် ၆ ယောက်က မွေးဖို့ ဆေးခန်းကို ရောက်လာကြတယ်”
အဲဒီအချိန်က ခတီဂျာဘီဘီမှာ အကူတစ်ယောက်သာ ရှိပါတယ်။ ကလေးငိုသံက ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ ပြေပျောက်စေမယ့် အားဆေးပါ။
“အိမ်ပြန်ဖို့လုပ်တော့ ကလေးငိုသံတွေကို ကျွန်မကြားလိုက်ရတယ်။ ရင်ထဲကို အေးသွားတာပဲ”
ခတီဂျာဘီဘီရဲ့ ကလေးမွေးဖွားမှု သက်တမ်းတစ်လျှောက်မှာ နှစ်မွှာပူး အစုံ ၅၀၊ ၃ မွှာပူးတစ်စုံ မွေးပေးခဲ့ရပါတယ်။
ယနေ့ခေတ်မှာ ချမ်းသာတဲ့သူတွေက ပုဂ္ဂလိကဆေးရုံတွေကို သွားကြပြီး ခွဲမွေးတဲ့သူတွေလည်း ပိုများလာတယ်လို့ သူမက ပြောပါတယ်။
“မီးဖွားရင်း သေဆုံးမှုတော်တော်များများကို ကျွန်မမိခင်က ကြုံတွေ့ခဲ့ရပါတယ်။ ခွဲမွေးတာက လူ့အသက်တော်တော်များများကို ကင်တင်နိုင်ပါတယ်။ ကျွန်မ သူနာပြုစလုပ်တုန်းက ခွဲမွေးဖို့ဆိုရင် အမျိုးသမီးတွေ ကြောက်ကြတယ်။ အခုတော့ ရိုးရိုးမွေးတာကို ကြောက်တဲ့အတွက် ခွဲမွေးဖို့ ရွေးလာကြပါပြီ”
ပင်စင်ယူပြီးနောက် ရှေ့ဆက် ဘာလုပ်မယ်ဆိုတဲ့ အစီအစဥ် ခတီဂျာဘီဘီမှာ တိတိကျကျ မရှိသေးပါဘူး။ သူ့ရဲ့ ဘ၀ဟောင်းကို လွမ်းဆွတ် သတိရနေအုံးမယ်လို့ သူမက ပြောပါတယ်။
“မွေးကင်းစကလေးတွေ စူးစူး၀ါး၀ါး အော်ငိုလိုက်တဲ့အသံကို ကြားချင်ပါသေးတယ်။ အမျိုးသမီးတွေဟာ မီးဖွားရင်း သေလောက်အောင် နာကျင်တဲ့ ၀ေဒနာကို ခံစားနေရတာတောင် မွေးလာတဲ့ကလေး ငိုသံကို ကြားလိုက်တာနဲ့ နာကျင်မှုတွေမေ့ပြီး ပြုံးလာကြတယ်။ ဒီိလိုမြင်ကွင်းမျိုးကို မြင်ရတဲ့ ပီတိမျိုးက စကားလုံးနဲ့ ဖော်ပြလို့မရဘူး။ ကျွန်မရဲ့ သူနာပြုသက်တမ်းတစ်လျှောက်လုံးဟာ ကြည်နူးစရာပါ”
Ref: BBC
Comments