စက်တင်ဘာ ၁၀၊ ၂၀၂၃
M-Media
-ရုရှားက ယူကရိန်းမြို့တွေကို တိုက်ခိုက်ရာမှာ အီလွန်မက်စ်က သွယ်၀ိုက်ပြီး ပါ၀င်ပတ်သက်ခဲ့တယ်လို့ ယူကရိန်းသမ္မတရဲ့ အကြံပေး မီခိုင်လို ပိုဒိုလ်ယက်က ၀ေဖန်လိုက်ပါတယ်။
စာရေးဆရာ ၀ေါလ်တာ အိုက်ဇက်ဆန် ရေးသားတဲ့ အီလွန်မက်စ်အထုပ္ပတ္တိမှာ ဖွင့်ချထားတဲ့ အချက်အလက်တစ်ချို့ကြောင့် မက်စ်အပေါ် ၀ေဖန်မှုတွေ မြင့်တက်လာပါတယ်။
ခရိုင်းမီးယားက ရုရှားရေတပ်သင်္ဘောတွေကို ယူကရိန်းဒရုန်းတွေ တိုက်ခိုက်ဖို့သွားတဲ့အချိန် အီလွန်မက်စ်က သူ့ရဲ့ Star Link အင်တာနက်လိုင်းကို ဖြတ်တောက်ခိုင်းခဲ့တဲ့အကြောင်း စာအုပ်မှာ ထည့်သွင်းရေးသားထားတာပါ။
ဒီလိုအင်တာနက် ဖြတ်လိုက်တာကြောင့် ယူကရိန်းရဲ့တိုက်ခိုက်မှု မအောင်မြင်ခဲ့ပါဘူး။
မက်စ်က ဒီတိုက်ခိုက်မှုသာ အထမြောက်သွားရင် ရုရှားဖက်က ယူကရိန်းကို နျူနဲ့ တိုက်ခိုက်လာနိုင်တဲ့အတွက် ဒီလိုလုပ်လိုက်ရတာလို့ ပြောပါတယ်။
“ဒီတိုက်ခိုက်မှုသာ အောင်မြင်သွားရင်း ရုရှား ရေတပ်သင်္ဘောအုပ် နစ်သွားမယ်။ အသေးစား ပုလဲဆိပ်ကမ်းတိုက်ခိုက်မှုမျိုး ဖြစ်ကာ အခြေအနေ ပိုဆိုးသွားမှာပါ။ ဒီလိုကိစ္စမျိုးမှာ ကျွန်တော်တို့စနက် မဖြစ်ချင်ပါဘူး” လို့ မက်စ်က ပြောပါတယ်။
၀ေဖန်
ယူကရိန်းသမ္မတအကြံပေး ပိုဒိုလ်ယက်က မက်စ်ပိုင်တဲ့ ဆိုရှယ်မီဒီယာ X (ယခင် Twitter) မှာပဲ မက်စ်ကို ပေါ်ပေါ်ထင်ထင် ၀ေဖန်ခဲ့ပါတယ်။
ခရိုင်းမီးယားက ရုရှားရေတပ်သင်္ဘောတွေအပေါ် ယူကရိန်းရဲ့ တိုက်ခိုက်မှုကို ခွင့်မပြုခဲ့တာကြောင့် အဲဒီရေတပ်သင်္ဘောတွေဟာ ယူကရိန်းမြို့တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်ခဲ့ပြီး အရပ်သားတွေ၊ ကလေးသူငယ်တွေ သေဆုံးခဲ့ကြောင်း၊ ဒီအဖြစ်အပျက်မှာ အီလွန်မက်စ်လည်း တာ၀န်ရှိကြောင်း ပိုဒိုလ်ယက်က ရေးသားခဲ့ပါတယ်။
မက်စ်ကတော့ စာအုပ်ထဲက အကြောင်းကို ဆိုရှယ်မီဒီယာမှာ ပြန်ရှင်းပါတယ်။
ခရိုင်းမီးယား ဆီဗက်စတိုပိုလ်က ရုရှား ရေတပ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ယူကရိန်းဒရုန်းတွေ သွားရောက်ချိန်မှာ ယူကရိန်းက Star Link အင်တာနက်လိုင်းကို အသုံပြုဖို့ တောင်းဆိုခဲ့ပြီး သူဖက်ကတော့ ခွင့်မပြုခဲ့ကြောင်း X (ယခင် Twitter) မှာ ရေးသားခဲ့ပါတယ်။
အဓိက စစ်ပွဲတစ်ခုမှာ ပါ၀င်ပတ်သက်မှု ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ဒီလိုလုပ်ရတာဖြစ်ပြီး သူ့မှာ ရွေးစရာမရှိဘူးလို့ မက်စ်က ဆိုပါတယ်။
“(Star Link သုံးဖို့ တောင်းတာက) ကျောက်ချထားတဲ့ ရုရှားရေတပ်သင်္ဘောတွေကို မြှုပ်ပစ်ဖို့ အတွက်ပါ။ ဒီတောင်းဆိုမှုကိုသာ ကျွန်တော် ခွင့်ပြုလိုက်ရင် စစ်ပွဲဖြစ်စေတဲ့၊ အခြေအနေကို ပိုမိုဆိုးရွားးစေမယ့် အဓိက အဖြစ်အပျက်တစ်ခုမှာ Space X က ပါ၀င်ပတ်သက်သလို ဖြစ်သွားပါလိမ့်မယ်”
ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို ခုခံမှုနဲ့ တန်ပြန်ထိုးစစ်တွေမှာ Star Link ရဲ့ အင်တာနက်၀န်ဆောင်မှုကို ၂၀၂၂ ခုနှစ် စစ်ပွဲစတင်ကတည်းက အားထားနေရတာ ဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့ ၀ါဒဖြန့်မှုတွေမှာ X ဆိုရှယ်မီဒီယာက အဓိကအခန်းကဏ္ဍကနေ ပါ၀င်နေတယ်လို့လည်း ကျွမ်းကျင်သူတွေက ၀ေဖန်ပြောဆိုထားပါတယ်။
အိုက်ဇက်ဆန်ရေးတဲ့ အထုပ္ပတ္တိစာအုပ်မှာ မက်စ်က Star Link ၀န်ဆောင်မှုဟာ စစ်ပွဲအတွက် မရည်ရွယ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
“Star Link ကို စစ်ပွဲမှာ အသုံးပြုဖို့ မရည်ရွယ်ပါဘူး။ လူတွေ ရုပ်ရှင်ကြည့်ဖို့၊ အပန်းဖြေဖို့၊ အွန်လိုင်းပညာရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်သာ ရည်ရွယ်ပါတယ်။ ဒရုန်းတိုက်ခိုက်မှုအတွက် မဟုတ်ပါဘူး”
Ref: Aljazeera
Comments