News @ M-Media

ပါလက်စတိုင်းပြည်သူများအား အစ္စရေးက အစုလိုက်အပြုံလိုက် သတ်ဖြတ်နေမှုအကြောင်း စပိန်က ထုတ်ပြောလာ

ဒီဇင်ဘာ ၁၊ ၂၀၂၃

M-Media



-အစ္စရေးဟာ မိမိတို့မိတ်ဖက် ဖြစ်နေပေမယ့်လည်း ဂါဇာမှာ အရပ်သားတွေအပေါ် အစုလိုအပြုံလိုက် သတ်ဖြတ်နေတာကို မိမိတို့ လက်သင့်မခံနိုင်ဘူးလို့ စပိန်၀န်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။ 

အောက်တိုဘာ ၇ ရက်နေ့ ဟားမက်စ်ရဲ့ တိုက်ခိုက်မှုကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်တွေကို အစ္စရေးက သတ်ဖြတ်လာတာ ၂ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ 

စုစုပေါင်း အသတ်ခံရသူ ၁၅၀၀၀ ကျော် ရှိလာခဲ့ပြီး အများစုက အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ 

အစ္စရေးရဲ့ ဒီလို အကြမ်းဖက်မှုကို မိတ်ဖက်နိုင်ငံတစ်ခုဖြစ်တဲ့ စပိန်က ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ လူသိရှင်ကြား ထုတ်ဖော်ကန့်ကွက်လာပါတယ်။ 

အစ္စရေးစစ်ရုံး တာ၀န်ရှိသူတစ်ဦးနဲ့ ဒီကနေ့ ဖုန်းပြောဆိုမှုအတွင်း ဒီသဘောထားကို ထည့်ပြောခဲ့တယ်လို့ ဆန်းချက်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ 

“အကြမ်းဖက်တိုက်ခိုက်မှုအတွက် အစ္စရေးမှာ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဂါဇာမှာ အရပ်သားတွေ သေဆုံးတာကိုတော့ စပိန်က လက်သင့်မခံပါဘူး။ အစ္စရေးဟာ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာဖို့ လိုပါတယ်” 

ကြာသာပတေးနေ့က အင်တာဗျူးတစ်ခုမှာလည်း ဆန်းချက်ဇ်က ဂါဇာမှာ သေဆုံးမှုအရေအတွက် အလွန်မြင့်မားတာကြောင့် အစ္စရေးဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာရဲ့လားဆိုတာ သံသယဖြစ်စရာ ကောင်းနေတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

ဒီမှတ်ချက်ကြောင့် အစ္စရေးက စပိန်သံအမတ်ကို ဆင့်ခေါ်ကာ မကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref: Aljazeera