ဇန်န၀ါရီ ၂၇၊ ၂၀၂၄
M-Media
-ဂါဇာကမ်းမြှောင်မှာ ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုတွေ မဖြစ်စေရေး အစ္စရေးက လိုက်နာဆောင်ရွက်ရမယ့် အရေးပေါ်ကာလ အချက် ၆ ချက်ကို နိုင်ငံတကာ ခုံသမာဓိရုံး ICJ က သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အစ္စရေးဟာ ပါလက်စတိုင်းတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ ယူဆတဲ့အတွက် ဒါကို ကြား၀င်တားဆီးပေးဖို့ တောင်အာဖရိကရဲ့ တိုင်ကြားတင်ပြမှုကို ကြားနာပြီး ICJ က ဆုံးဖြတ်ချက်တွေ ထုတ်ပြန်လိုက်တာပါ။
၁၉၄၈ ခုနှစ် လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး နိုင်ငံကာ သဘောတူညီချက် အပိုဒ် ၂ မှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေကို တားဖို့ လိုအပ်တာတွေအားလုံး အစ္စရေးက လုပ်ဆောင်ရမယ်လို့ ICJ က ပြောပါတယ်။
လူမျိုးစုတစ်ခုက လူတွေကို သတ်ဖြတ်တာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်ဆီးအောင်လုပ်တာ၊ လူမျိုးစုတစ်ခု ပျောက်ဆုံးသွားစေဖို့အတွက် အသက်ရှင်ရပ်တည်ရေး လိုအပ်တဲ့ အခြေအနေတွေကို ဖျက်ဆီးပစ်တာ၊ လူမျိုးတစ်ခုရဲ့ မွေးဖွားနှုန်းကို တားဆီးတာတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု လက္ခဏာတွေဖြစ်တယ်လို့ အပိုဒ် ၂ မှာ ဖော်ပြထားပါတယ်။
ဒီလို ကျူးလွန်မှုတွေကို အစ္စရေးစစ်တပ်က မလုပ်ဆောင်ဖို့၊ ဂါဇာကမ်းမြှောင်က ပါလက်စတိုင်းပြည်သူတွေအပေါ် လူမျိုးတုန်းအောင် လုပ်ဆောင်ဖို့ လှုံဆော်မှုတွေကို တားဆီးရေး၊ လှုံ့ဆော်သူတွေကို အရေးယူရေး၊ ဂါဇာပြည်သူတွေ လိုအပ်တဲ့ အခြေခံ၀န်ဆောင်မှု၊ အကူအညီ ပေးပို့တာတွေကို တားဆီးခြင်းမပြုရေး၊ ဂါဇာမှာဖြစ်ပွားတဲ့ စစ်ရာဇ၀တ်မှု သက်သေခံအထောက်အထားတွေကို မဖျက်ဆီးဖို့နဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ ၀င်ခွင့်ပြုရေး စတဲ့ အချက်တွေလည်း ICJ ရဲ့ ဆုံးဖြတ်ချက်ထဲမှာ ပါ၀င်ပါတယ်။
ဂါဇာမှာ ချက်ခြင်းအပစ်ရပ်ဖို့ ကိစ္စကိုတော့ ICJ ရဲ့ ဆုံးဖြတ်ချက်မှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
ဒီအချက် ၆ ချက်ကို လိုက်နာဆောင်ရွက်ထားတဲ့ အစီရင်ခံစာတစ်စောင်ကို အစ္စရေးက တစ်လအတွင်း ICJ ထံ ပြန်လည်တင်ပြရမှာဖြစ်ပါတယ်။
နာဇီရန်ကြောင့် ဥရောပကနေ တရားမ၀င် ၀င်ရောက်လာတဲ့ ဂျူးတွေ လက်နက်ကိုင်ကာ ပါလက်စတိုင်းတွေကို သတ်ဖြတ်မောင်းထုတ်ပြီး ၁၉၄၈ ခုနှစ်မှာ ပေါ်ပေါက်လာခဲ့တဲ့ အစ္စရေးနိုင်ငံဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ဥပဒေတွေကို လေးစားလိုက်နာခြင်းမရှိပါဘူး။
ICJ ရဲ့ အခုဆုံးဖြတ်ကို အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ချက်ခြင်းပယ်ချခဲ့ပြီး ဂါဇာမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
Ref: Aljazeera
Comments