နိုဝင်ဘာ ၄၊ ၂၀၁၆
M-Media
– အသက် ၂၄ နှစ်အရွယ် ကိုကျော်မင်းထွန်းတစ်ယောက် ဘ၀တစ်လျှောက်လုံး မြန်မာနိုင်ငံမှာပင် နေထိုင်ကြီးပြင်းခဲ့သည်။ ၎င်း၏ မိခင်ဘာသာစကားက မြန်မာစကားဖြစ်သည်။ မိဘများ၊ နှစ်ဖက်ဘိုးဘွားများကလည်း မြန်မာနိုင်ငံမှာပင် မွေးဖွားခဲ့သူများဖြစ်သည်။ သို့သော်လည်း ၎င်းက ဇာတိမြေဟု ယူဆထားသည့်နိုင်ငံ၏ တရားဝင်နိုင်ငံသားမဖြစ်သေး။ မည်သည့်အချိန်တွင် ဖြစ်မည်ဆိုသည်မှာလည်း ရေရေရာရာမရှိ။
ပြဿနာက တိုင်းပြည်၏ နားလည်ရန်ခက်ခဲသော နိုင်ငံသားဥပဒေနှင့် ကိုက်ညီမှုမရှိသည့် တမီလ်ဟိန္ဒူလူမျိုးတစ်ယောက် ဖြစ်နေသောကြောင့်ဖြစ်သည်။ ထိုဥပဒေအရ နိုင်ငံသားဆိုသည်ကို ၁၈၂၃ ခု ဗြိတိသျှတို့ ၀င်ရောက်မလာမီအချိန် တိုင်းပြည်၏ နယ်နမိတ်အတွင်း နေထိုင်သူများဟု ယူဆသော တိုင်းရင်းသား ၁၃၅ မျိုးဟု ခေါ်တွင်သည့် လူမျိုးစာရင်းတွင် ပါဝင်မှု ရှိ၊ မရှိအပေါ် အခြေခံသည်။ အဆိုပါဥပဒေကို ၁၉၈၂ ခုနှစ်တွင် စစ်အာဏာရှင်က ဖန်တီးရေးဆွဲခဲ့ပြီး ထိုတိုင်းရင်းသားစာရင်းတွင် မပါဝင်သောသူများအား ပြည့်ဝသော နိုင်ငံသားဖြစ်ခွင့်မပေးဘဲ တစ်ဆင့်နိမ့်ပြီး အခွင့်အရေးနည်းနည်းသာရသည့် နိုင်ငံသားအမျိုးစားနှစ်ခုကိုသာ လျှောက်ထားခွင့်ပြုသည်။
တိုင်းရင်းသားဖြစ်မှုအပေါ် အလွန်အမင်း အမှီပြုထားမှုကြောင့် လူ့အခွင့်အရေးအဖွဲ့များက ခွဲခြားသည့်ဥပဒေဟု သမုတ်သည်။ ထိုဥပဒေကိုလည်း လိုသလိုရွေးချယ်ကျင့်သုံးပြီး ဌာနများ ဖောင်းပွနေခြင်း၊ ပုံမှန်လိုဖြစ်နေသည့် လာဘ်စားခြင်းတို့ကလည်း အခြေအနေကို ရှုပ်ထွေးစေသည်။ ထို့ပြင် နှစ်ပေါင်းများစွာ သီးခြားနေထိုင်ခွင့်၊ နိုင်ငံသားဖြစ်မှုဆိုင်ရာ စာရွက်စာတမ်းမျိုးစုံကိုလည်း ထုတ်ပေးခဲ့ပြန်သည်။
နောက်ဆက်တွဲရလဒ်ကတော့ တရုတ်နွယ်ဖွား၊ အိန္ဒိယနွယ်ဖွား၊ နီပေါနွယ်ဖွားနှင့် မွတ်စလင်အများစု၊ နိုင်ငံခြားသားမိဘ သို့မဟုတ် ဘိုဘွားရှိသောသူများ အပါအ၀င် တိုင်းရင်းသားစာရင်းတွင် မပါဝင်သူများက နိုင်ငံသားလျှောက်ထားရာတွင် နှစ်ချီစောင့်ရခြင်းပင် ဖြစ်လေသည်။
“နိုင်ငံသားစီစစ်ရေးလုပ်ငန်းကလည်း မြန်မာနိုင်ငံရဲ့ အခြား အစိုးရဌာနတွေလိုပဲ ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးကတည်းက ကိုးယို့ကားယား ဖြစ်ခဲ့တာပါ” ဟု မဲလ်ဘုန်းရှိ Deakin တက္ကသိုလ်မှ နိုင်ငံရေး အကြံပေးနှင့် ပါရဂူဘွဲ့တက်ရောက်နေသူ ရိုနန် လီက ပြောကြားခဲ့သည်။
ဒုတိယတန်းစားနိုင်ငံသား
အောင်ကျော်မင်းထွန်းတို့ မိသားစုက အဆိုပါ နိုင်ငံသားပြဿနာ၏ နမူနာဖြစ်သည်။
ဖခင်ဖြစ်သူက နိုင်ငံသားစီစစ်ရေးကဒ် ကိုင်ထားပြီး ၁၉၈၂ နိုင်ငံသားဥပဒေ မပြဌာန်းခင်က ရရှိခဲ့ခြင်းဖြစ်သည်။ အစ်ကိုဖြစ်သူကတော့ ၂၀၀၀ ပြည့်နှစ်များတွင် အဆိုပါ စီစစ်ရေးကဒ်ရရှိရန် ၃ သိန်းဝန်းကျင် ပေးခဲ့ရသည်။ မိခင်နှင့် အစ်မဖြစ်သူတို့က နေထိုင်ခွင့်လက်မှတ်သာ ရရှိထားသည်။ ၎င်းနှင့် ညီမဖြစ်သူတို့က မည်သည့်အထောက်အထားမှ မရသေး။ လုပ်ထုံးလုပ်နည်းအရ ၎င်းတို့မှာ ဒုတိယတန်းစားဖြစ်သော ‘နိုင်ငံသားပြုခွင့်ရသူ’ ဖြစ်ခွင့်ရှိသော်လည်း ရုံးပေါင်းစွာကို နှစ်ပေါင်းများစွာ သွားခဲ့ရပြီး မည်သည့်ရလဒ်မှ မထွက်ခဲ့။
ရန်ကုန်ရှိ ၎င်းတို့လူ့အဖွဲ့အစည်း၏ ၃ ပုံ ၂ ပုံမှာလည်း ထိုပြဿနာမျိုး ကြုံတွေ့ရမည်ဟု သူက ခန့်မှန်းသည်။ အများစုမှာ မြောက်များစွာပေးရသည့် လက်သိပ်ထိုးငွေကို မတတ်နိုင်ကြသော အလွန်ချို့တဲ့သူများ ဖြစ်သည်။ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမရှိဘဲ သူနှင့်အခြားသူများမှာ နိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့်၊ နိုင်ငံကူးလက်မှတ်လျှောက်ထားခွင့်နှင့် အိမ်ယာဝယ်ယူခွင့် ရမည်မဟုတ်ဟု အောင်ကျော်မင်းထွန်းက ဆိုသည်။
“တစ်ယောက်ယောက်က ကျွန်တော်တို့ကို မောင်းထုတ်ရင် သွားရမှာဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့မှာ ဘာအထောက်အထားမှ မရှိဘူးလေ။ စိုးရိမ်စရာပါပဲ။ ကျွန်တော်ဒီမှာမွေးတယ်။ ဒီမှာပဲ သေမှာဖြစ်တဲ့အတွက် ပြစရာအထောက်အထားလေးတော့ ရှိသင့်တာပေါ့ဗျာ”
ဇာတိမြေတွင် နိုင်ငံပျောက်သူများ
မြန်မာနိုင်ငံ၏ နိုင်ငံသားကိစ္စအကြောင်းပြောလျှင် နိုင်ငံအနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့် ကပ်နေသည့် ရခိုင်ပြည်နယ်တွင်နေထိုင်ပြီး လူဦးရေ ၁ သန်းဝန်းကျင်ရှိသည့် ရိုဟင်ဂျာများနှင့်စကာ ၎င်းတိုနှင့်ပင် ဆုံးကြသည်။
၎င်းတို့ကလည်း တိုင်းရင်းသား ၁၃၅ မျိုးစာရင်းတွင် မပါဝင်။ နိုင်ငံသားအခွင့်အရေးကို ခိုင်ခိုင်မာမာ တောင်းဆိုနိုင်စွမ်း မရှိသောကြောင့် ရန်လိုသောအစိုးရနှင့် တိုင်းရင်းသားစာရင်းတွင်ပါဝင်ပြီး တင်းပြည့်နိုင်ငံသားဖြစ်သည့် အိမ်နီးချင်းရခိုင်တိုင်းရင်းသားတို့၏ ပြုသမျှ နုကြရသည်။ ခြားနားချက်တစ်ခုက ရိုဟင်ဂျာများမှာ ခွဲခြားဆက်ဆံမှုကဲ့သို့ စနစ်တစ်ခုအောက်တွင်နေကြရပြီး အလုပ်အကိုင် သို့မဟုတ် အခြားသော အကြောင်းအရင်းများအတွက် သွားလာခွင့် ကန့်သတ်ခံထားရသည်။ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးတို့တွင်လည်း အလွန်အမင်း အကန့်အသတ်ရှိနေသည်။ လူမျိုးစုခြင်းဖြစ်ပွားသည့် အကြမ်းဖက်မှုသားကောင် အများစုမှာ ရိုဟင်ဂျာများဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် ၎င်းတို့နေအိမ်များမှ မောင်းထုတ်ခံရပြီးနောက် လူဦးရေ ၁၂၀၀၀၀ နီးပါးမှာ ညစ်ညမ်းသော ဒုက္ခသည်စခန်များတွင် နေထို
င်နေရသည်။
ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခများနှင့်ပတ်သက်၍ နိုင်ငံတကာက ရှုတ်ချခဲ့ကြပြီး နိုင်ငံသားဖြစ်မှုဥပဒေကို ဆန်းစစ်ပြင်ဆင်မှု မလုပ်ပါက ထိုအခြေအနေမှာ တိုးတက်မည့်ပုံမရှိ။ သို့ရာတွင် နိုင်ငံမဲ့မှုက မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသောပြဿနာဖြစ်ပြီး အစိုးရကလည်း လက်ရှောင်သည့်သဘောရှိသည်။
“ရခိုင်ကိုကွက်ကြည့်ရုံလောက်နဲ့ အခြေအနေကို ပြည့်ပြည့်စုံစုံ မမြင်နိုင်ဘူးရှင့်။ အဲဒီမှာ ထင်ထင်ရှားရှားတွေ့ရပေမယ့် နိုင်ငံအတွင်း အခြားအုပ်စုတွေလည်း နိုင်ငံသားဆိုင်ရာ အထောက်အထားရဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု ရန်ကုန်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များအေဂျင်စီမှ အကြီးတန်းတာဝန်ရှိသူ စီစီလီ ဖရာဒေါ့တ်က ပြောကြားခဲ့သည်။ သူမမှာ နိုင်ငံသားရေးရာ ကိစ္စများကို ကိုင်တွယ်ဆောင်ရွက်နေသူဖြစ်သည်။
“အဲဒါနဲ့ပတ်သက်တဲ့ အကြီးမားဆုံး ပြဿနာကတော့ နိုင်ငံအတွင်း နိုင်ငံမဲ့ဖြစ်နေမှုအတွက် ပြည့်ဝတဲ့မူတစ်ခု မရှိတာပါပဲ။ ကျွန်မတို့မှာ ပြည်စုံပြီး၊ အသေးစိတ်တဲ့ အချက်အလက် မရှိပါဘူး”
လူမျိုးပြောင်းနေ
လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းမှုတည်ဆောက်ရေးအဖွဲ့တစ်ခုဖြစ်သော Seagull Foundation က မန္တလေးမြို့ရှိ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစု ၁၀၀ ကျော်ကို မကြာသေးမီက စစ်တမ်းကောက်ယူမှုတစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းတို့ထဲမှ အားလုံးနီးပါးမှာ နိုင်ငံသား စီစစ်ရေးကဒ်ပြား ရရှိရေးတွင် ပြဿနာများ ကိုယ်စီရှိနေကြသည်ကို တွေ့ခဲ့ရသည်။ တမင်အချိန်ဆွဲထားပုံမျိုးဖြင့် တစ်မေ့တစ်မော စောင့်ရသည်ဟု ၎င်းတို့က ဆိုသည်။ အများစုက အထောက်အထားရရှိရေးအတွက် သတ်မှတ်ထားသည့်ဘောင်ဝင်စေရန် ဘာသာ သို့မဟုတ် လူမျိုးပြောင်းရန် ပြောခံရသည်ဟု ဖြေကြားခဲ့သည်။
လာဘ်လာဘအဖြစ် ကျပ် ၅ သိန်းအထိ ပေးရသည်ဟု ဖြေကြားသူများ၊ ကျောင်းတွင် မှတ်ပုံတင်လုပ်ပေးသည့်အခါ မိမိတို့ကလေးငယ်များမှာ စနစ်တကျ ဖယ်ထုတ်ခံရသည်ဟု ဖြေကြားသူများလည်းရှိသည်။ လူအများစု အထူးသဖြင့် မွတ်စလင်များက အထောက်အထားရရှိလိုလျှင် တတိတန်းစား ‘ဧည့်နိုင်ငံသား’ ကဒ်များကိုသာ ယူကြရန် ဖိအားပေးခံနေရသည်ဟု ဆိုသည်။ ထိုကဒ်များကိုင်ဆောင်ပါက နိုင်ငံရေးတွင် ပါဝင်ခွင့်မရနိုင်သလို အခြားသော ကန့်သတ်ချက်များလည်း ရှိနေသည်။
လူဝင်မှုကြီးကြပ်ရေးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကတော့ အစိုးရအနေဖြင့် အဆိုပါခြစားမှုပြဿနာကို တိုက်ဖျက်ရန်အတွက် လူဝင်မှုကြီးကြပ်ရေးဌာနကို ရှောင်တခင် ၀င်ရာက်စစ်ဆေးမှုပြုလုပ်ရန်၊ တိုင်ကြားမှုများအားလုံးကို အမြန်ဆုံး စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ကြိုးစားနေသည်ဟု ပြောကြားခဲ့သည်။ နိုင်ငံသားဥပဒေနှင့် ပတ်သက်၍ အခြားပြဿနာများအတွက် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
သို့သော်လည်း Seagull Foundation အကြီးအကဲ ဟယ်ရီမျိုးလွင်ကတော့ အခြေခံမှစ၍ ပြုပြင်ပြောင်းလဲမှုလိုအပ်ပြီး ခြစားမှုတိုက်ဖျက်ရေးလုပ်ငန်းများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့သည်။
“မှတ်ပုံတင်မှာ ဘာသာ၊ လူမျိုးဆိုတာတွေ မထည့်သင့်ပါဘူး။ လူဝင်မှုကြီးကြပ်ရေးစနစ်မှာလည်း နိုင်ငံသား၊ နိုင်ငံခြားသား ၂ မျိုးသာ ရှိသင့်ပါတယ်”
လှုပ်မရ
ရခိုင်နှင့် အခြားနေရာများတွင် မတည်ငြိမ်မှုများ ဖြစ်နေခြင်း၊ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ နိုင်ငံတစ်ဝှမ်းတွင် ခေါင်းထောင်ထလာခြင်းတို့ကြောင့် မွတ်စလင်များက အဆိုပါ ခြစားမှုအခြေအနေတွင် ပါဝင်နေရခြင်းမှာ အံ့သြစရာတော့မဟုတ်။
Deakin တက္ကသိုလ်မှ ပညာရှင်ဖြစ်သူ လီက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ သတ်မှတ်ချက်နှင့်ပြည့်မီသည့် မွတ်စလင်များပင်လျှင် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေး တောင်းဆိုရာတွင် ပြဿနာများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
“ရခိုင်ပြည်နယ်က ခရီးသွားလာမှု ကန့်သတ်တာဟာ ပြည်သူတွေ မှန်ကန်တဲ့အထောက်အထားရှိလားဆိုတဲ့ အပေါ်မှာထက် ဘာသာတရားနဲ့ အသားအရောက်ကို အခြေခံပြီး သတ်မှတ်ပုံရပါတယ်” ဟု သူက ပြောကြားခဲ့သည်။
ထိုပြဿနာများ၏ သားကောင်များထဲတွင် ၂၀၁၂ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း စစ်တွေရှိ သက်ကယ်ပြင် ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် အသက် ၂၆ နှစ်အရွယ် ကမန်အမျိုးသမီး ဖွေးဖွေးလည်း ပါဝင်သည်။ ကမန် မွတ်စလင်များက တိုင်းရင်းသားလူမျိုးစာရင်းတွင် ပါဝင်သော်လည်း ရိုဟင်ဂျာများကဲ့သို့ တိုက်ခိုက်မှုများ၊ ဆင်းရဲဒုက္ခများကို ခံစားနေရသည်။ ၂၀၁၂ မတိုင်ခင်က နိုင်ငံသားစီစစ်ရေးကဒ်ပြား လိုအပ်မည့် အဖြစ်အပျက်မျိုး သူမက မကြုံတွေ့ခဲ့။ သူမ၏ အခြေအနေက အာမခံချက်ရှိခဲ့ပြီး လွတ်လပ်စွာ ခရီးသွားလာနိုင်ခဲ့သည်။
အကြမ်းဖက်မှုတွင် သူမ၏အိမ် မီးရှို့ခံလိုက်ရပြီးနောက်ပိုင်း ဒုက္ခသည်စခန်းတွင် နေထိုင်ခဲ့ရပြီး ထိုစခန်းမှ ထွက်၍ မရတော့။ အထောက်အထားရရန် ဆောင်ရွက်ခဲ့သော်လည်း စီစစ်မှုလုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုကြောင့် ၂ နှစ်တာ ကြာမြင့်သွားခဲ့ပြီး၊ လာဘ်လာဘများလည်း ပေးရသည်ဟု သူမက ဆိုသည်။ ဒုက္ခသည်စခန်းမှ စစ်တွေမြို့လယ်ကောင်ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားလာရာတွင်လည်း အဆင်မပြေမှုများရှိပြီး ဆိုက်ကားနှင့် တက္ကဆီများဖြင့်သွားပါက ၂ နာရီခန့်ကြာသည်ဟု ဆိုသည်။
“ကျွန်မရုံးသွားတိုင်း သူတို့က ပိုက်ဆံတောင်းတယ်။ တစ်ကြိမ်ကို ၂ သောင်း၊ ၃ သောင်းလောက်ပေါ့။ ၀န်ထမ်းတွေပြောင်းသွားရင် ထပ်ပြီး ညှိရပြန်ရာ။ ကျွန်မ ပိုက်ဆံတော်တော်လေး ကုန်ခဲ့ပါတယ်။ ပြီးတော့ ကျွန်မက ဒုက္ခသည်စခန်းမှာနေရတာပါ။ ဟိုသွားဒီသွားဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး”
နောက်ဆုံး ၂၀၁၅ ခုနှစ်တွင် မှတ်ပုံတင်ရခဲ့သော်လည်း ကမန်လူမျိုး ခင်ပွန်းဖြစ်သူက မရသေးသည့်အတွက် ဒုက္ခသည်စခန်းမှ ထွက်၍ မရခဲ့။ ယခင်က စစ်တွေမြို့လည်ကောင်တွင် ဆိုင်ဖွင့်ခဲ့ဖူးသည့်အဆက်ကြောင့် ယခုအချိန်တွင် သူမက စခန်းတွင် လက်ချုပ်လိုက်နေပြီး လက်ခအဖြစ် ဆန်အနည်းငယ်သာရကာ ဆက်လက် စောင့်ဆိုင်းနေရလေသည်။
အမည်ပြဿနာ
၁၉၈၂ ဥပဒေဒဏ် အများဆုံးခံရသည့် ရိုဟင်ဂျာများအတွက် ၎င်းတို့ဘ၀ ပုံမှန်ပြန်ဖြစ်ရေး ဆောင်ရွက်မှုများမှာ ရပ်တန့်နေသည်။ ဗုဒ္ဓဘာသာအမျိုးသားရေ၀ါဒီများ၏ ဆန့်ကျင်မှုကြောင့်သာမကဘဲ ရိုဟင်ဂျာများက အစိုးရကို မယုံကြည်မှု၊ နှစ်ပေါင်းများစွာရှိခဲ့သည့် ခွဲခြားဆက်ဆံမှု ပေါ်လစီများမှ ပေါက်ဖွားလာသော စည်းလုံးမှုလွန်ကဲမှုတို့ကြောင့် ဖြစ်သည်။
ရိုဟင်ဂျာများ၏ ဘိုးဘေးအချို့မှာ ရခိုင်ဒေသတွင် ရာစုနှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်ဆိုသည့် အထောက်အထားရှိသော်လည်း မြန်မာနိုင်ငံမှ လူအများစုက ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများ ယူဆကြသည်။ အချို့သော ရိုဟင်ဂျာများက ၁၈၂၄ ခုနှစ်တွင် ဗြိတိသျှက မြန်မာနိုင်ငံကို သိမ်းပိုက်ကာ နယ်နမိတ်ရေးဆွဲခဲ့မှု မတိုင်ခင်နှင့် ရေးဆွဲခဲ့ပြီးနောက်ပိုင်းတွင် ထိုဒေသတစ်ဝိုက်သို့ ပြောင်းရွှေ့အခြေချလာသူများ ဖြစ်သည်။
စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ယခင်အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် နိုင်ငံသားစီစစ်ရေး ရှေ့ပြေးအစီအစဉ်တစ်ခုကို ဆောင်ရွက်ခဲ့ပြီး ရိုဟင်ဂျာများကို လူမျိုးနေရာတွင် ‘ဘင်္ဂါလီ’ ဟု အတင်းအဓမ္မ ရေးသွင်းစေခဲ့သောကြောင့် မအောင်မြင်ခဲ့။ ဘင်္ဂါလီဆိုသည့်စကားလုံးက ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်မှ ၀င်ရောက်လာသူများဟု သဘောသက်ရောက်သည်။ ယခုနှစ်အစောပိုင်းကလည်း နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရက ရိုဟင်ဂျာများကို ဘာသာလူမျိုးမထည့်ဘဲ စာရင်းကောက်၍ ထိုပြဿနာကိုဖြေရှင်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း ထိုနည်းလမ်းက လူကြိုက်မများခဲ့။
မော်သီညာ ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ရိုဟင်ဂျာအမျိုးသား ရှမ်ရှူလ် အာလွန်က မြန်မာနိုင်ငံ၏ လူမှုရေးနှင့် နိုင်ငံရေးစနစ်တွင် လူမျိုးဆိုသည်က အလွန်ရေးပါပြီး မိမိအား ရိုဟင်ဂျာမွတ်စလင်ဟု မသတ်မှတ်လျင် သက်သေခံအထာက်အထားကို လက်ခံမည်မဟုတ်ဟု ပြောကြားခဲ့သည်။
“ဖုန်းတစ်ခုထဲမှာ ဆင်းကဒ်မထည့်ထားရင် ဖုန်းက အလုပ်လုပ်မှာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ ဆက်သွယ်လို့ ရမှာ မဟုတ်ပါဘူး။ ဘာသာလူမျိုးမထည့်ဘဲ မှတ်ပုံတင်တွေပေးဖို့ကြိုစားရင်လည်း အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကတော့ လက်မခံပါဘူး”
Ref : IRIN
(IRIN သတင်းဌာနမှ ဖော်ပြသည့် Bribes and bureaucracy: Myanmar’s chaotic citizenship system ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
Comments