နိုဝင်ဘာ ၁၁ ၊ ၂၀၁၆
M-Media
မောင်ရဲဝင်း(တောင်ကြီး) ရေးသည်။
နိုဝင်လာလ (၈) ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲရလဒ်ဟာ ကမ္ဘာကြီးကို အံ့သြစေခဲ့ပါတယ်။ အမေရိကနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရမယ်ဆိုတဲ့ ကျောရိုးကို အခြေခံပြီးထား မဲဆွယ်စည်းရုံးတဲ့အတွက် ရီပါပလစ်ကန်ပါတီဟာ မဲဆန္ဒနယ်အများစုမှာ အနိုင်ရ ခဲ့ကြတာပါ။
ရီပါပလစ်ကန်ပါတီက ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမဲဆွယ်ရာမှာနိုင်ငံနဲ့ လူမျိုးကို ကာကွယ်ရမယ်၊ ပြည်သူတွေရဲ့ လုံခြုံရေးကို ရှေ့ရှုရမယ်၊ အကြမ်းဖက်ရန်က ကာကွယ်ရမယ်၊ လူဝင်မှုကြီးကြပ်ရေးကိစ္စ ထိန်းချုပ်ရမယ်၊ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို ဦးစားပေးရမယ်၊ ဖွံ့ဖြိုးတိုးတက်မှုကိုတားဆီးနေတဲ့ နိုင်ငံရေး လုပ်ထုံးလုပ်နည်းတွေကို ဖယ်ရှား ပစ် ရမယ် ဆိုတဲ့ ကြွေးကြော်သံများနဲ့ မဲဆွယ်ခဲ့ပါတယ်။
တဘက်မှာလည်း ဒေါ်နယ်ထရမ့်ရဲ့ မက္ကဆီကန် လူမျိုးတွေကိုတားဆီးမယ့်ကိစ္စ၊ အစ္စလာမ်ဘာသာဝင်တွေကို ထိန်းချုပ်မယ့်ကိစ္စ၊ အမျိုးသမီးတွေကို ချိုးနှိမ်တဲ့ကိစ္စ၊ လူမည်းတွေကို အထင်သေးတဲ့ကိစ္စတွေကလည်း တကမ္ဘာလုံးရဲ့ အာရုံစူစိုက်မှုကို ရရှိခဲ့ပါတယ်။
အပြောအဆိုကြမ်းတမ်းပြီး တကိုယ်ကောင်းဆန်တဲ့ ဒေါ်နယ်ထရမ့်၊ လူမုန်းများပါတယ်ဆိုတဲ့ ဒေါ်နယ်ထရမ့် ဟာ နိုင်ငံရေးဝါရင့် အမျိုးသမီးကြီး ဟယ်လရီကလင်တန်အပေါ် အသာစီးရသွားတာကို စာနယ်ဇင်းသမားတွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ပညာရှင်တွေ တောင် မယုံနိုင်လောက်အောင်ဖြစ်ရပါတယ်။ သေခြာတာကတော့ ဒေါ်နယ်ထရမ့်ဟာ (၄၅) ယောက်မြောက် အမေရိကန် သမ္မတဖြစ်လာ ခဲ့ပြီဆိုတာပါပဲ။
ဘာ့ကြောင့် ဒေါ်နယ်ထရမ့် က ဟယ်လရီကလင်တန်အပေါ်အသာစီးရသွားတာလဲ၊ သူ ဘာတွေပြောခဲ့လို့ အများစုမဲကို ရယူနိုင်ခဲ့တာလဲ၊ ဒေါ်နယ်ထရမ့်ရဲ့အောင်ပွဲ အရင်းအမြစ်ကို ပြန်လည်သုံးသပ် ကြည့်ကြရအောင်။
ရီပါပလစ်ကန်ပါတီကို ကိုယ်စားပြုဖို့အတွက် ပါတီတွင်းရွေးချယ်တဲ့အခါမှာ ဝါရင့်နိုင်ငံရေးသမားတွေကို အောင်နိုင်ခဲ့ပြီးတဲ့နောက် ပြိုင်ဘက်ပါတီက ဟယ်လရီကိုပါ အနိုင်ရသွားတာတဲ့ ဒေါ်နယ်ထရမ့်ဟာ နိုင်ငံရေးလောက ထဲကို ဗျူဟာ အသစ်အဆန်းတွေ သယ်ဆောင်လာခဲ့သူဖြစ်ပါတယ်။ အမျိုးသားရေးဝါဒကို အခြေခံပြီး ဒေါ်နယ်ထရမ့်ကို လက်ခံကြသူတွေရှိပေမယ့် သူအနိုင်ရလိုက်တာဟာ အမျိုးသားရေးဝါဒကြောင့်လည်း မဟုတ်၊ အစ္စလာမ်ကြောက်တရားကြောင့်လည်း မဟုတ်၊ အမျိုးသမီး သမ္မတတင်ဖို့ အဆင့်သင့်မဖြစ်လို့လည်း မဟုတ်ပါဘူး။
သမ္မတဘေလ်ကလင်တန်၊ သမ္မတအိုဘားမားတို့ရဲ့ ဦးဆောင်မှုအောင်မှာ ချွတ်ခြုံကျရတဲ့ ပြည်သူတွေရဲ့ ခံစားချက်တွေကို ထင်ဟပ်စေတဲ့ မူဝါဒတွေကို ရှေ့တန်းတင်တဲ့အတွက် ဒေါ်နယ်ထရမ့်ရဲ့ ပြောဆိုစည်းရုံးမှုတိုင်းဟာ နေ့စဉ်ရုန်းကန်နေရဲ့တဲ့ ဘဝကို စိတ်ကုန်ပြီး အပြောင်းအလဲတွေကို ဆာလောင်နေတဲ့ အလုပ်သမား လူတန်းစားရဲ့နားထဲ တယောထိုးသံတွေလို သာယာသွားခဲ့စေ လို့ပဲ ဖြစ်ပါတယ်။
အမေရိကန် ပထမဦးစားပေး
—————————-
ဒေါ်နယ်ဟာ “အမေရိကန်နိုင်ငံကို အင်အားကြီးအောင်ပြန်လုပ်မယ်” လို့ ကြွေးကြော်ချက်နဲ့အစပြုပြီး နိုင်ငံရေးလောကထဲကို ခြေစုံပစ်ဝင်လာခဲ့တာ ဖြစ်ပါတယ်။ ယခင် သမ္မတတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပျော့ညံ့မှုကြောင့် အမေရိကန်နိုင်ငံဟာ အဘက်ဘက်မှာ နောက်ကျကျန်နေရပြီလို့ စည်းရုံးရေးခရီးတွေမှာ မကြာခဏပြောပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကယ်တင်ရှင်ကြီးလုပ်ပြီး သံတမန်ရေးတွေနဲ့ နိုင်ငံခြားဆက်ဆံရေးတွေ တည်ဆောက်နေပေမယ့် ရသင့်ရထိုက်တဲ့ အကျိုးအမြတ်မရရှိဘူးလို့ ယူဆသူဖြစ်ပါတယ်။ ဒါကြောင့် ဥရောပနဲ့ အာရှနိုင်ငံတွေမှာ အမေရိကန်ရဲ့ လိုအပ်ချက်တွေကိုအရင်မဖြည့်စီးပေးရင် စစ်ရေး အကူအညီပေးနေတာတွေ၊ ငွေကြေး အကူအညီပေးနေ တာတွေ ပြန်ရုပ်သိမ်းမယ်၊ စီးပွားရေး အကျိုးမရှိရင် ဘာအကူအညီမှ မပေးဘူးလို့ ကြုံးဝါးထားပါတယ်။ အမေရိကန်သမ္မတဟာ အမေရိကန်ပြည်သူတွေအတွက်သာဖြစ်ရမယ်ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်က အခြေခံလူတန်းစား အမေရိကန်ပြည်သူတွေနားထဲ နာဝင်ချိုတဲ့ စကားတွေဖြစ်ပါတယ်။
သမ္မတ ဘေလ်ကလင်တန်လက်ထက်က မက္ကဆီကို၊ အမေရိကန်နဲ့ ကနေဒါ နိုင်ငံတို့အကြားချုပ်ဆိုခဲ့တဲ့ မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးစာချုပ် (NAFTA) ရဲ့ အကျိုးဆက်ကြောင့် အမေရိကန်နိုင်ငံက စက်ရုံအလုပ်ရုံတွေ ပိတ်၊ မက္ကဆီကိုနိုင်ငံကို ရွေ့ပြောင်းသွားခဲ့ပါတယ်။ သန်းပေါင်းများစွာသော ပြည်သူတွေ အလုပ်လက်မဲဖြစ်ရပြီး အမေရိကန်စီးပွားရေးကို ထိခိုက်စေခဲ့ပါတယ်။
အထူးသဖြင့် ဝစ္စကန်ဆင်၊ မီချီဂန်နဲ့ အိုဟိုင်းရိုးပြည်နယ်တွေက မော်တော် ယာဉ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို အကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။ သမ္မတဘေလ် ကလင်တန်နဲ့ သူချုပ်ဆိုခဲ့တဲ့ ကုန်သွယ်ရေးစာချုပ်ကို အဲဒီပြည်နယ်မှာနေထိုင်သူတွေ အခဲမကျေသေးဘူးဆိုတဲ့အချက်ကို ဒေါ်နယ် အသုံးချနိုင်ခဲ့ပါတယ်။
ဒီစာချုပ်ကို ပြန်စစ်ဆေးမယ်။ ပြန်ပြီး ညှိနှိုင်းမယ်။ အမေရိကန်ဘက်က လိုချင်တာ မရရင် ဖျက်မယ်။ တခြားကုန်သွယ်ရေးစာချုပ်တွေကို ပြန်စိစစ်မယ်။ ပြည်တွင်းက စက်ရုံတွေပိတ်ပြီး နိုင်ငံရပ်ခြားကိုပြောင်းရွေ့တဲ့ ကုမ္ပဏီတွေကို ဒဏ်ခတ်မယ်။ အမေရိကန်ဈေးကွက်ထဲ ဝင်လာတဲ့ တရုတ်ပစ္စည်းတွေကို အခွန်တွေ တိုးကောက်မယ်။ ပြည်တွင်းဖြစ်ကိုအားပေးမယ်။
တံခါးဖွင့် စီးပွားရေးဆိုတာ အမေရိကန်ပြည်သူတွေအတွက် အကျိုးရှိမှသာ ဖွင့်သင့်သလောက်ဖွင့်မယ်ဆိုတဲ့ ယူဆချက်က စက်ရုံအလုပ်ရုံတွေကို မှီခိုနေကြတဲ့ အလုပ်သမား လူတန်းစားတွေ အကြိုက်ပါပဲ။ ဒါကြောင့် ယခင် ရီပါပလစ်ကန်ပါတီ သမ္မတလောင်းတွေ ဖြစ်တဲ့ ဂျွန်မကိန်းနဲ့ မိဒ်ရောမ်နီ တို့မစည်းရုံးနိုင်ခဲ့တဲ့ ဝစ္စကန်ဆင်၊ မီချီဂန်နဲ့ အိုဟိုင်းရိုးပြည်နယ်တွေကို ဒေါ်နယ်ထရမ့် အနိုင်ရယူပြလိုက်နိုင်တာ ဖြစ်ပါတယ်။
နိုင်ငံခြားရေးပေါ်လစီမှာလည်း အမေရိကန်နိုင်ငံသည်သာ ပထမ ဦးစားပေးဖြစ်ရမယ်လို့ ကြွေးကြော်ချက်ဟာ ကမ္ဘာ့အလယ်မှာ အမေရိကန်နိုင်ငံရဲ့အင်အားလျော့ကျနေပြီလို့ ခံစားနေရတဲ့ ပြည်သူတွေအဖို့ မျှော်လင့်ချက် တရပ်ဖြစ်စေခဲ့ပါတယ်။
အိုဘားမားကို သမိုင်းကဖျောက်မယ်
————————————-
သမ္မတအိုဘားမားကို အားမလိုအားမရဖြစ်နေတဲ့ အမေရိကန်ပြည်သူတွေရဲ့ ခံစားချက်ကို ဖမ်းစားနိုင်ဖို့ရာအတွက် ‘အိုဘားမားရဲ့ အမိန်ကြေညာချက်တွေကို ပယ်ဖျက်မယ်၊ အိုဘားမားကို သမိုင်းထဲက ဖျောက်မယ်’ လို့ ပြောဆို စည်းရုံးခဲ့ပါတယ်။ အဲဒီအပြင် အိုဘားမားရဲ့ နိုင်ငံခြားဆက်ဆံရေး ပျော့ပျောင်းမှုတွေ၊ ဆီးရီးယား ဒုက္ခသည်တွေကို ကူညီပေးမှုတွေ၊
စီးပွားရေး တိုးတက်မှုနှုန်းနှေးတာတွေ ကိုလည်း ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်ပြီး သူဟာ ပြည်သူတွေနဲ့ အမြင်တူတယ်ဆိုတဲ့ အချက်ကို ပြသနိုင်ခဲ့တယ်။
အိုဘားမား သက်တမ်း (၈) နှစ်တာကာလ အတွင်း စီးပွားရေးတည်ငြိမ်လာပေမယ့် သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ မတွေ့မြင်ရဘူးလို့ လူများစုကခံစားလာကြ ပါတယ်။ အမေရိကနိုင်ငံရဲ့ GDP တိုးတက်နှုန်းဟာ လွန်ခဲ့တဲ့ (၅) နှစ်အတွင်း နှစ်စဉ် ၂ ရာခိုင်နှုန်းကျော်ကျော်လေးသာရှိနေခဲ့ပါတယ်။ ယခု ၂၀၁၆ မှာ တိုးတက်မှုနှုန်းလျော့နေမယ်လို့ ခန့်မှန်းချက်တွေထွက်ပေါ်လာနေတာတဲ့အပြင် တရုတ်နိုင်ငံကို စီးပွားရေးအရ ရှုံးနိမ့် စပြုနေပြီလို့ အမေရိကန်ပြည်သူတွေ မှတ်ယူထားကြပါတယ်။
အမေရိကန်ပြည်သူအများစု မနှစ်သက်တာကတော့ အိုဘားမားကဲ (ObamaCare) လို့ခေါ်တဲ့ ကျန်းမာရေး အာမခံအစီအစဉ်ပဲဖြစ်ပါတယ်။ အလုပ်ရှင်တွေကို မဖြစ်မနေ ကျန်းမာရေးအာမခံစီစဉ်ပေးဖို့ ၂၀၁၅ ခုနှစ်ကစပြီး ဥပဒေအရပြဋ္ဌာန်းထားပြီး၊ ကျန်းမာရေးအာမခံ မစီစဉ်ပေးရင် အလုပ်ရှင်ကို ဒဏ်ရိုက်မယ် (ဒါမှမဟုတ်) စီစဉ်ထားပေးလျက်သားနဲ့ အာမခံမဝယ်ရင် အလုပ်သမားကိုဒဏ်ရိုက်မယ်လို့ ပါရှိပါတယ်။ ဒီအစီအစဉ်ကိုအစပြုတဲ့အချိန်က လွှတ်တော်မှာ ညှိနှိုင်းမရလို့ အစိုးရရုံးတွေ ပိတ်ရတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။ အသုံးမတည့်တဲ့ ကျန်းမာရေး အာမခံကို ဥပဒေပြုပြီး ဝယ်ခိုင်းတယ်လို့ ပြည်သူအများစုက ခံစားရတဲ့အတွက် အိုဘားမားကဲ ကို မနှစ်သက်ကြတာပါ။ ဒေါ်နယ်ထရမ့်က ဒါကို အကွက်ကောင်းယူပြီး သူအာဏာရရင် အိုဘားမားကဲ တခုလုံး ဖျက်သိမ်းပေးပါမယ်လို့ ပြောဆိုစည်းရုံးခဲ့တာပါ။
တံတိုင်းခတ်မယ်၊ စစ်ဆေးမယ်
——————————-
လူဝန်မှုကြီးကြပ်ရေး ကိစ္စရပ်အပေါ် ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်မှုဟာ အမေရိကန်ပြည်သူအများစုကို သိမ်းသွင်းနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ မက္ကစီကိုပြည်သူတွေ အမြောက်အများဟာ အမေရိကန်နိုင်ငံထဲ တိတ်တခိုးဝင်ရောက် နေထိုင်ကြပါတယ်။ မက္ကစီကို နယ်စပ်ကတဆင့် မူးယစ်ဆေးဝါးနဲ့ အတူ ဒုစရိတ်သမားတွေဝင်ရောက်နေတယ်လို့ အမေရိကန်ပြည်သူတွေက ယုံကြည်ကြပါတယ်။ ဒါကြောင့် တရားမဝင် ဝင်ရောက်နေထိုင်ကြတဲ့ မက္ကစီကန် လူမျိုးတွေကို သူတို့နိုင်ငံ ပြန်ပို့မယ်၊ နယ်စပ်တလျောက် တံတိုင်းကြီးတည်ဆောက်မယ်၊ ဒီတံတိုင်းရဲ့ ကုန်ကျစရိတ်ကိုလည်း မက္ကစီကန်အစိုးရကို ပေးခိုင်းမယ်လို့ မဲဆွယ်ကာလတလျောက်မှာ ပြောဆိုစည်းရုံးခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်ဟာ အမေရိကန်နိုင်ငံအတွင်းကို ဒုက္ခသည်တွေ ခေါ်သွင်းနေတဲ့ ကိစ္စကိုလည်း မလိုလားသူတယောက်ဖြစ်ပါတယ်။ အထူးသဖြင့် ဆီးရီးယား ဒုက္ခသည်တွေကို ခေါ်သွင်းမယ်ဆိုရင် အမေရိကန်ပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ရတယ်လို့ ပြောလေ့ရှိပါတယ်။ တဆက်တည်းမှာ ပြည်တွင်းက မွတ်စလင်တွေကို စောင့်ကြည့်ရမယ်၊ အစ္စလာမ်ဘာသာဝင် တွေကို ပြည်ဝင်ခွင့် ပိတ်ရမယ်၊ အကြမ်းဖက်ကိစ္စဖြေရှင်းပြီးမှ အစ္စလာမ်ဘာသာဝင်တွေကို ပြည်ဝင်ခွင့် ကိစ္စ ပြန်စဉ်းစားမယ် အစရှိသဖြင့် ပြောဆိုစည်းရုံးတာဟာလည်း အစ္စလာမ်ကြောက်ဝါဒအောက်မှာ နားယောင်နေတဲ့ အမေရိကန်ပြည်သူတွေ သဘောကျစေတဲ့အချက်ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးစည်းဘောင်တွေ လွန်ဆန်သူ
—————————————-
ဒေါ်နယ်ဟာ နိုင်ငံရေးလောကထဲက မဟုတ်ပေမယ့် နိုင်ငံရေးသမားတွေနဲ့ နီးစပ်သူတစ်ဦးပါ။ လွန်ခဲ့တဲ့ အနှစ် (၃၀) အတွင်း တီဗီရှိုးတွေကတဆင့် လက်တွေ့ဖျော်ဖြေရေးသမားအဖြစ် လူသိများတဲ့ အမေရိကန် သူဌေးကြီးဖြစ်ပါတယ်။ နာမည်ကြီး သူဌေးတဦး အနေနဲ့ ငွေကုန်ခံပြီး ကြော်ငြာတွေနဲ့ ထွေထွေထူးထူး လုပ်နေစရာမလိုတဲ့အပြင် စည်းရုံးရေးမဲဆွဲပွဲတွေအတွက် တခြားလူတွေဆီ လက်ဝါးဖြန့်စရာ မလို၊ ဘယ်သူ့မျက်နှာမှထောက်ထားစရာမလို သူဖြစ်ပါတယ်။ ဒါကြောင့် စိတ်ထဲရှိတာလွတ်လွတ်လပ်လပ်ပြောမယ်၊ ပြောချင်တာပြောမယ်ဆိုတဲ့ သူရဲ့အမူအကျင့်ဟာ သာမန် အမြင်မှာ ကလေးဆန်ပြီး ရိုင်းစိုင်းတယ်လို့ထင်ကြပေမယ့် တခြားနိုင်ငံရေးသမားတွေနဲ့ မတူတာတော့အမှန်ပါပဲ။ ဖျော်ဖြေရေးသမား တယောက်အနေနဲ့ ပရိသတ် အကြိုက်ပြောတတ် တာကြောင့် သူ့ရဲ့ ထူးခြားတဲ့အမူအကျင့်ဟာ လူတွေကြားထဲ ရေပန်းစားလာခဲ့ပါတယ်။ နိုင်ငံရေးအရ သင့်မသင့်တွေ ကြည့်မနေဘဲ လုပ်စရာရှိတာလုပ်၊ ပြောစရာရှိတာပြောမယ်ဆိုတဲ့ သူ့ရဲ့ စရိုက်ဟာ မာယာများတဲ့နိုင်ငံရေးသမားတွေကို စိတ်ကုန်နေသူတွေအဖို့ အားကိုးစရာဖြစ်လာခဲ့ပါတယ်။
ဟယ်လရီနဲ့ ဆန့်ကျင်ဘက်
—————————
ဒေါ်နယ်ထရမ့်လျောက်မယ့်ခရီးဟာ ဟယ်လရီလျောက်မယ့် ခရီးလမ်းကြောင်းနဲ့ အင်မတန်မှကွာဟလှပါတယ်။ ဟယ်လရီဟာ အိုဘားမားနဲ့ မူဝါဒရေးရာတွေမှာ သဘောထားကွဲလွဲမှုတွေရှိပေမယ့် ဟယ်လရီအနိုင်ရရင် အိုဘားမားလျောက်တဲ့ လမ်းပေါ်မှာ ဆက်လျှောက်နေမှာဖြစ်တယ်လို့ ယေဘုယအားဖြင့် ယူဆလို့ရပါတယ်။ ဒါကြောင့် ဟယ်လရီအနိုင်ရတာဟာ အိုဘားမားလက်အောက်မှာ ဆက်နေရသလို ပဲဖြစ်မယ်လို့ ဒေါ်နယ်ထရမ့် အပါအဝင် ရီပါပလစ်ကန်ခေါင်းဆောင်တွေက အမြဲပြောကြပါတယ်။ ဒီလိုပြောဆိုမှုဟာ အရင်ရွေးကောက်ပွဲမှာ အိုဘားမားကို မဲမပေးခဲ့သူတွေကို ထပ်မံဆွဲယူလိုက်တဲ့အပြင် အိုဘားမားကို မကြိုက်သူတွေကိုလည်း မဲဆွယ်စည်းရုံးလိုက်သလိုပါပဲ။
စီးပွားရေးမူဝါဒတွေကိုကြည့်ရင် ဟယ်လရီက တံခါးဖွင့်ဝါဒကို ဆက်လက်ကျင့်သုံးသွားမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာမူဝါဒတွေအပေါ် စည်းဘောင်တွေ တိုးချဲ့ရမယ်လို့ဆိုပါတယ်။
ဒေါ်နယ်က ပြည်တွင်း စီးပွားရေးလွတ်လပ်မှုကို အားပေးမှာဖြစ်ပြီး စည်းဘောင်တွေကိုလျော့ချမယ်၊ သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး တားမြစ်ချက်တွေကို ပယ်ဖျက်မယ်၊ ပြည်ပရဲ့ပြိုင်ဆိုင်မှုတွေကိုသာ ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ ဟယ်လရီက သူလုပ်ချင်တဲ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွန်တွေကို တိုးမြင့်ဖို့လိုအပ်တယ်လို့ ပြောနေချိန်မှာ ဒေါ်နယ်ဟာ တသီးပုဂ္ဂလဝင်ငွေရော စီးပွားရေး လုပ်ငန်းဝင်ငွေတွေအပေါ်မှာပါ အခွန်တွေလျော့ချသွားမှာဖြစ်တယ်၊ ဒါပေမယ့် နိုင်ငံခြားသွင်းကုန်တွေအပေါ်မှာတော့ အခွန်တိုးမယ်လို့ဆိုပါတယ်။
ဒါကြောင့် ဒေါ်နယ်ထရမ့်ရဲ့အောင်ပွဲဟာ အမျိုးသားရေးဝါဒီကို အခြေခံတာမဟုတ်ဘဲ အမေရိကန်အခြေခံလူတန်းစားတွေ ကြားချင်၊ မြင်ချင်၊ ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်ဆောင်ပေးမယ် ဆိုတဲ့ နိုင်ငံအကျိုးစီးပွားအပေါ် အခြေခံတဲ့တာဖြစ်လို့ ပြည်သူတွေနားထဲ သံချို သွေးတဲ့ တေးသံသာတွေဖြစ်လို့ ပါပဲ။ ပြောင်းလဲမှုကိုဆာလောင်နေတဲ့ အခြေခံပြည်သူ အလုပ်သမား လူတန်းစားရဲ့ အားပေးထောက်ခံမှုနဲ့ သူဌေးကြီးဒေါ်နယ်ထရမ့်က အောင်ပွဲဆင်ခဲ့ရခြင်းဖြစ်ပါတယ်။
မောင်ရဲဝင်း (တောင်ကြီး)
Comments