နိုဝင်ဘာ ၁၁၊ ၂၀၁၆
M-Media
– နိုင်ငံတကာ ရာဇ၀တ်မှုဆိုင်ရာရဲတပ်ဖွဲ့ (အင်တာပို)သည် ၎င်းတို့၏ ဥက္ကဌသစ်အဖြစ် တရုတ် အကြီးတန်းလုံခြုံရေးအရာ ရှိတစ်ဦးကိုလည်းကောင်း၊ ဒုတိယဥက္ကဌအဖြစ် ရုရှားအရာရှိတစ်ဦးကိုလည်းကောင်း ခန့်အပ်ခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် နိုဝင်ဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အင်တာပို၏ ၈၅ ကြိမ်မြောက် အထွေထွေညီလာခံတွင် ထိုကဲ့သို့ ခန့်အပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့၏ Twitter စာမျက်နှာတွင် ဖော်ပြထားသည်။ ဥက္ကဌဖြစ်သူမှာ တရုတ်ပြည်သူ့လုံခြုံရေး ဒုတိယ၀န်ကြီး မန် ဟောင်ဝေးဖြစ်ပြီး ဒုတိယဥက္ကဌမှာ မော်စကိုရှိ အင်တာပို၏ အမျိုးသားဗဟိုဗျူရိုဌာနခေါင်းဆောင် အလက်ဇန်းဒါး ပရိုကိုချော့ ဖြစ်သည်။
တရုတ်အရာရှိတစ်ဦးကို ယခုကဲ့သို့ ဥက္ကဌအဖြစ် ခန့်အပ်မှုက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခြစားမှုတိုက်ဖျက်ရေး အစိတ်အပိုင်းတစ်ခုဖြစ်သော ပြည်တွင်း လာဘ်ပေးလာဘ်ယူမှု တွန်းလှန်ရေးကို တွန်းအားဖြစ်စေမည်ဖြစ်သည်။ ထို့ပြင် ခြစားမှုအတွက် အလိုရှိသူများ နိုင်ငံပြင်ပသို့ တိမ်းရှောင်သွားသည့်အခါ လိုက်လံဖမ်းဆီးရာတွင် တရုတ်နိုင်ငံအတွက် ပိုမို အဆင်ပြေစေမည်ဖြစ်သည်။
အင်တာပိုအဖွဲ့ကို ၁၉၂၃ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၀ ရှိကာ ကုလသမဂ္ဂပြီးနောက် ဒုတိယအကြီးဆုံး နိုင်ငံတကာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၀န်ထမ်းပေါင်း ၈၀၀ ခန့်ရှိပြီး နှစ်စဉ်အသုံးစရိတ်သည် ယူရို သန်း ၈၀ ခန့်ရှိကာ အများစုကို အဖွဲ့ဝင်နိုင်ငံများက ထည့်ဝင်ခြင်းဖြစ်သည်။
Ref : Presstv