6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
6 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
6 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

နိုဝင်ဘာ ၂၅၊ ၂၀၁၆
M-Media
– ၂၀၁၄ ခုနှစ်မတိုင်မီအထိ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ ၁ ရာခိုင်နှုန်းအောက်သာ ရှိခဲ့သည်။ ယခုသော် အွန်လိုင်းအသုံးပြုမှုမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြင့်မားလာသည်။ သို့သော်လည်း ယင်းမြင့်မားမှုနှုန်းက သတင်းအတုအယောင်နှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှု၌ အဓိကဖြစ်နေပေ၏။ လူတိုင်းလိုလို ဖေ့စ်ဘုတ်အား တစ်ချိန်တည်းတစ်ပြိုင်တည်း အသုံးပြုလာခြင်း၏ နောက်ဆက်တွဲအခြင်းအရာများကို Sheera Frenkel က အဖြေရှာလျက်ရှိသည်။

မြန်မာနိုင်ငံသို့ အင်တာနက်မှတဆင့် ဒေါ်နယ်ထရမ့်အကြောင်း ရောက်ရှိလာသည်။ ဤသို့အားဖြင့် ရီပတ်ပလီကင်ပါတီမှ ရွေးချယ်ခံ သမ္မတအကြောင်းကို သျှားရဝေမှ ပထမဆုံးကြားဖူးသည်ဟု ဆိုသည်။

“တစ်နေ့ကအထိ သူ့ကို ဘယ်သူမှ မသိရှိကြဘူး။ နောက်တော့ လူတိုင်း သိသွားတယ်။ အင်တာနက်ဆိုတာ ဒါပါပဲ။ (အင်တာနက်ဟာ) လူတွေကို ယုတ္တိမဲ့၊ အဓိပ္ပာယ်မဲ့တာတွေကို ပြောဆိုလာစေပြီး၊ အဲ့ဒါတွေကို ကျော်ကြားစေတာပါပဲ” ဟု အသက် ၁၉ နှစ်အရွယ် ကျောင်းသူက ဆိုလိုက်ပါသည်။

များမကြာသေးမီကမှ ပြင်ပကမ္ဘာနှင့် ထိတွေ့ဆက်ဆံခွင့်ရခဲ့သော လူဦးရေ သန်း ၅၀ ရှိ တိုင်းသူပြည်သား အများစုကဲ့သို့ သျှားရဝေ သည်လည်း လက်သစ်အင်တာနက်သုံးသူတစ်ဦးဖြစ်သည်။ တစ်နေ့ သူမ၏သူငယ်ချင်းတို့အကြား ရေပန်းစားလူကြိုက်များနေသော တရုတ်ပြည်ထုတ် Huawei သာမန်စမတ်ဖုန်းတစ်ခုကို ၀ယ်ယူရန် ရန်ကုန်မြို့လယ် ဖုန်းအရောင်းဆိုင်သို့ ထွက်လာခဲ့သည်။ “ဒီနေ့တော့ ဒီဖုန်းကို ကျွန်မ ၀ယ်မယ်။ ဒီအင်တာနက်ဟာ အမှန်တကယ် ဘယ်လောက်ထူးခြားသလဲဆိုတာ စူးစမ်းကြည့်နိုင်မယ်လို့ ထင်ပါတယ်”။

သူမသည် အင်တာနက်ကို မသိမမြင်ဖူးသူတော့ မဟုတ်ပါ။ သူငယ်ချင်းတစ်ဦး၏ ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ရည်းစားဟောင်းတစ်ဦးနှင့် ပတ်သက်ခဲ့ဖူးသည်။ သူမ၏ဦးလေး ၀ယ်သုံးခဲ့သော တပတ်ရစ် tablet ဖုန်းမှ နောက်ဆုံးပေါ် ထိုင်းဂီတအဖွဲ့များကိုလည်း တငေးတမော ကြည့်ရှုဖူးသည်။ သို့သော် သူမ၏ ၀င်ရောက်စူးစမ်းမှုက ခြုံငုံတိုတောင်းသော်လည်း သူမအဖို့ စိတ်ရှုပ်ထွေးစေခဲ့သည်။ ၎င်းမှာ စကားများစွာပြောဆိုချင်သူများအတွက် အများမြင်ကွင်းနေရာတစ်ခုဖြစ်ပြီး တောင်စဉ်ရေမရ၊ မောက်မာပလွှာမှုများဖြင့် ပြည်လျှံနေသည်ကို တွေ့ရသည်။ သူမ နေထိုင်ရှင်သန်လာသော ငြိမ်သက်အေးဆေးသည့်ဘ၀နှင့် ပြဿားတစ်လမ်း သံတစ်လမ်း ဖြစ်နေပေသည်။

“ကျွန်မရဲ့ဖခင်က ချင့်ချင့်ချိန်ချိန်နေတတ်သူတစ်ဦးဖြစ်ပါတယ်။ သူဟာ စကားကို သတိထားပြီး ပြောဆိုတတ်သလို ကျွန်မတို့ကိုလည်း ဒီအတိုင်းပဲ ပြောစေလိုသူဖြစ်ပါတယ်။ ကျွန်မကတော့ မိခင်လို တွန်းတွန်းတိုက်တိုက်လူစားမျိုးပါ။ ကျွန်မတို့က စကား များများပြောလေ့ရှိတယ်။ ဒါပေမယ့် အင်တာနက်မှာ မြင်တွေ့ရသလိုမျိုးတော့ လုံးဝ မဟုတ်ပါဘူး” ဟု သူမက ခါးလည်ထိရှည်လျားသော ဆံပင်ကို သပ်လျက် စိတ်မသက်သာစွာ ပြောပြသည်။

သူမ၏ဖခင်က သူမအား ဖုန်းဝယ်ဖို့ အချိန်ဆွဲခဲ့သည်။ ၎င်းကို အသုံးပြုရန် စိတ်ချလုံခြုံရသည်ဟု ထင်သည့်အချိန်မှ ခွင့်ပြုခဲ့ခြင်းဖြစ်၏။ ထိုစဉ်က အဘယ်ကြောင့် ယင်းသို့ပြုကြောင်း သူမ နားမလည်ခဲ့။ အွန်လိုင်းပေါ် ယုတ်ညံ့သိမ်ဖျင်းသော ဓာတ်ပုံတို့ကို တင်သူများ သို့တည်းမဟုတ် မြန်မာနိုင်ငံ၏ အတောင်ပေါက်စ အင်တာနက်ကို ခုတုံးလုပ်၍ ဥပဒေချိုးဖောက်ဆိုးသွမ်းသူများကြောင့်လော ဟု သူမ တွေးထင်ခဲ့သည်။ အွန်လိုင်းပေါ် အန္တရာယ်ကင်းစွာ အသုံးပြုတတ်ရန် မည်သို့ လုပ်ဆောင်၊ ပြောဆို၊ ရေးသားရမည်ကို သူမအား ပြောပြသူ တစ်ဦးမျှ မရှိသဖြင့် သူမ သေသေချာချာ မသိရှိခဲ့။

ဇူလိုင်လလယ် နေ့တစ်နေ့၊ ရန်ကုန်မြို့လယ် လူစည်ကားရာစတိုးဆိုင်ပြင်သို့ မှန်ကြည်စက္ကူဖြင့် ထုပ်ပိုးထားသော ဆဲလ်ဖုန်းကိုကိုင်၍ တိုးထွက်လာသည်။ သူမ၏လက်ချောင်းများက ဖုန်းပေါ်မှခလုတ်ဖွင့်ရန် ရွှေ့လိုက်သော်လည်း တုန့်ဆိုင်းနေလေသည်။

“ငါ ချက်ခြင်း မဖွင့်သေးဘဲ မိသားစုနဲ့အတူရှိတဲ့အခါကျမှ ဖွင့်သုံးသင့်တယ်ထင်တယ်။ (အသုံးပြုရမှာ) ငါ စိုးကြောက်နေပါပကော” ဟု သူမဖာသာ ဆိုမိသည်။

သူမအဖို့ ကြောက်ရွံ့စိုးထိတ်စရာအကြောင်းလည်း ရှိနေ၏။ နှစ်ပေါင်းငါးဆယ်နီးပါးခန့် မြန်မာနိုင်ငံသည် လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ခွင့်မှန်သမျှကို ကန့်သတ်ဖိနှိပ်ထားသော စစ်အာဏာရှင်စနစ်အောက်တွင် ရှင်သန်ခဲ့ရသည်။ ၎င်းက အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့မှုများဖြစ်စေပြီး ကမ္ဘာနှင့်အဆက်ပြတ်သွားစေခဲ့သည်။ စစ်အုပ်ချုပ်ရေးကို တရားဝင်လျှော့ချ၍ အမည်ခံအရပ်သားအစိုးရအဖွဲ့ စတင်ထူထောင်သည့် ၂၀၁၁ ခုနှစ်တွင် အပြောင်းအလဲဖြစ်လာသည်။ စစ်တပ်၏ ထိန်းချုပ်မှု တစ်စစလျော့ပါးလာက ၂၀၁၅ ခုနှစ် ပထမဆုံးပြည်လုံးကျွတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချု့ပ်က မဲအပြတ်အသတ်ဖြင့် အာဏာရရှိလာသည်။ ထိုအချိန်မှစတင်ပြီး ဗုဒ္ဓဘာသာလူများစုတိုင်းပြည်၏ သာမန်လူထုအကြား အင်တာနက်အသုံးပြုမှုမှာ ကြောက်ခမန်းလိလိ အရှိန်အဟုန်ပြင်းစွာ တမဟုတ်ချင်း ၀င်ရောက်ရိုက်ခတ်လာပါတော့သည်။ ၎င်းက လူတစ်ဦးချင်း အပြန်အလှန် ဆက်ဆံရေးမှသည် သတင်းအချက်အလက်သာမက နိုင်ငံအဆင့် ကန့်သတ်ခံ မီဒီယာများသို့ နယ်ကျွံဝင်ရောက်နိုင်သည်အထိ အရာအားလုံးကို အမြစ်လှန်ပြောင်းလဲစေခဲ့သည်။

ယခုအခါ အင်တာနက်တော်လှန်ရေးနှင့် ထိတွေ့ဆက်ဆံမှုမရှိသေးသော နားယောင်တတ်သူများအတွက် ဖေ့စ်ဘွတ်နှင့်အင်တာနက်မှ ဆန်းစစ်ဆင်ခြင်အပ်သည့် အွန်လိုင်းအကြောင်းအရာများကို ပြောဆိုမှတ်သားမှုက အထူးရေပန်းစားလျက်ရှိသည်။ ၎င်းတို့အနက် အများအပြားသည် ဖေ့စ်ဘွတ်ပေါ်မှ ခိုင်မာတိကျမှုမရှိသော ထိလွယ်ရှလွယ်အကြောင်းများ၊ ကာမဂုဏ်လှုံ့ဆော် ယုံတမ်းစကားများ ဖြစ်ကြသည်။ ဥပမာ – ပူလောင်သောအစားအသောက်စားသောက်စဉ် ရေခဲရေသောက်ခြင်းက ဗိုက်နာစေသည်၊ အင်ဂျလီနာ ဂျိုလီက မြန်မာကလေးငယ်တစ်ဦးကို တိတ်တဆိတ် မွေးစားထားပြီး ကိုယ်လက်အင်္ဂါချို့ယွင်းမှုကြောင့် ပိတ်လှောင်ထားသည်၊ ထိုင်းကက်ဘိနက်ဝန်ကြီးတစ်ဦးက အိုလံပစ်အားကစားမယ်တစ်ဦးနှင့် လျှို့ဝှက်ချိန်းတွေ့သည် စသည်များ ……..။

ဤယုံတမ်းစကားများမှာ ထင်သလောက် ဆိုးကျိုးအန္တရာယ် မပေးနိုင်သေး။ သို့ရာတွင် နေရာအတည်တကျမရှိသော မွတ်စ်လင်မ်တို့က ဗုဒ္ဓဘာသာဝင်များကို တအုံတကျင်း တိုက်ခိုက်နေသည်ဆိုသော သတင်းတုသတင်းယောင်များနှင့်တစ်ကွ ပြည်တွင်းမွတ်စ်လင်မ်လူ့အစုအဝေးအား မကောင်းမြင်စေသည့် ဆောင်းပါးနှင့်ရေးသားချက်များလည်း မြင့်တက်လာလျက်ရှိသည်။ ယင်းသို့ ရေးသားချက်များမှာ ဆိုရှယ်မီဒီယာများပေါ် လျင်မြန်စွာ ပျံ့နှံ့ကျယ်လောင်သွားပြီး မွတ်စ်လင်မ်ဆန့်ကျင်ရေးဆန္ဒပြမှုများ၊ ပြည်တွင်းနေ မွတ်စ်လင်မ်များအပေါ် တိုက်ခိုက်မှုများနှင့် အတွင်းကျကျ ဆက်စပ်နေသည်ကို တွေ့ရ၏။

မြန်မာနိုင်ငံရှိ လူနည်းစုဝင် မွတ်စ်လင်မ်လူ့အစုအဝေးအပေါ် အကြမ်းဖက်မှုများမှာ ဆယ်စုနှစ်များစွာ ပြန့်ကြဲကြာမြင့်နေပြီဖြစ်သည်။ ပြီးခဲ့သည့်လအတွင်း အကြမ်းဖက်လှိုင်းဖြစ်စဉ်တစ်ခု၌ ရိုဟင်ဂျာမွတ်စ်လင်မ် ၇၀ ဦးအား သတ်ဖြတ်ခဲ့မှုမှာ ပြင်းထန်ရက်စက်လွန်းလှသည်။ မီးလောင်တိုက်သွင်းခံသည့် ရွာများကို ဂြိုဟ်တုပုံရိပ်များမှတဆင့် မြင်တွေ့နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဆိုသည်။ တစ်ချိန်က နိုင်ငံရေးနယ်ပယ်နောက်မြီးဆွဲများဖြစ်ခဲ့ကြသော မွတ်စ်လင်မ်ဆန့်ကျင်ရေးအစွန်းရောက်အဖွဲ့များကဲ့သို့ အုပ်စုများမှာ ဖေ့စ်ဘွတ်ကဲ့သို့ လွတ်လပ်စွာ တင်ဆက်နိုင်သည့် အွန်လိုင်းပလက်ဖောင်းများကို အသုံးချပြီး နိုင်ငံအနှံ့အပြားမှ အားပေးထောက်ခံသူများကို ရှာဖွေရယူနေပေသည်။ ထပ်ဆင့်ဆိုရလျှင် ယင်းသို့ စုဖွဲ့အားပေးထောက်ကူကြသူများမှာ (အမေရိကန်သမ္မတသစ်)ဒေါ်နယ်ထရမ့်အား အားပေးထောက်ခံသော ကေသုံးလုံး အမေရိကန် လူဖြူအစွန်းရောက်အဖွဲ့များ အပါအ၀င် ကမ္ဘာတစ်ဝှန်းမှ အစွန်းရောက်လှုပ်ရှားမှုများအပေါ် အာသာဆန္ဒတွေ့နေဟန်ရှိသည်။

လူထုမီဒီယာနယ်ပယ် အခိုင်အမာတည်ဆောက်ထားနိုင်ပြီးသော အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲကာလအတွင်း သတင်းအတုအယောင်များက လူတို့၏အာရုံကို ဖမ်းစားနိုင်ခဲ့သေးသည်ဆိုလျှင် – စစ်တပ်၏နှိပ်ကွပ်မှုမှ လတ်တလော လွတ်မြောက်ပြီး သတင်းမီဒီယာနှင့် ထိတွေ့ရင်းနှီးကာစ မြန်မာနိုင်ငံအတွက်ဆိုလျှင် မည်သို့ ဖြစ်သွားနိုင်ပါသနည်း ?

“လူတွေဟာ သူတို့ ဖေ့စ်ဘွတ်ပေါ်တွေ့မြင်ရတဲ့ သာမန်သတင်းအကြောင်းတွေ မပြောဆိုကြဘူး။ ထူးဆန်းတာတွေပဲ ပြောကြတယ်။ ထရမ့်အကြောင်း ကျွန်မ ဘာဆိုဘာမျှ မသိခဲ့ဖူးဘူး။ ခုနောက်မှာတော့ သူ့အကြောင်း လူတိုင်း ပြောနေကြတယ်” ဟု သျှားရဝေက ဆိုသည်။ သူမ၏သူငယ်ချင်းတစ်ဦးက သူ၏အလယ်အလတ်အဆင့် ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်နေကြသော မွတ်စ်လင်မ်မိသားစုတစ်ခုကို နှင်ထုတ်လိုက်သင့်သည်၊ ထရမ့်က မွတ်စ်လင်မ်တို့ကို ပိတ်ပင်ကန့်သတ်တော့မည်၊ ယင်းမှာ ကောင်းမွန်သော အယူအဆတစ်ခုဖြစ်သည်ဟု ဆိုလာသဖြင့် ထိုသူနှင့် အချေအတင်စကားများခဲ့ရသည်ကို သူမ မှတ်မိနေသေး၏။

၎င်း သူမ၏သူငယ်ချင်းသည်လည်း အခြားသူများစွာအတိုင်း အွန်လိုင်းအသုံးပြုနေခဲ့သူဖြစ်ပြီး အစွန်းရောက်အမြင် ၀င်ရောက်နေသည့်အပြင် သူ၏ နိုင်ငံရေးဆိုင်ရာ ကိုယ်ပိုင်အတွေးအမြင်အား အခိုင်အမာချပြရေးသားနေသူဖြစ်၏။ ယနေ့အင်တာနက်သည် ထိုသို့သောအကြောင်းအရာများ ဝေမျှရန်အတွက် တည်ဆောက်ထားသည့်နှယ်ပင်။ သတင်းအချက်အလက်သည် အစစ်အမှန်သော်လည်းကောင်း အတုအယောင်သော်လည်းကောင်းဖြစ်စေကာမူ News Feed ထိပ်ပေါ် ရောက်ရှိလာပြီး ထူးထူးခြားခြား ကျယ်လောင်သွားလေ့ရှိပါသည်။ မကြာသေးမီက အမေရိကန်သမ္မတရွေးကောက်ပွဲ၌ သတင်းအတုအယောင်အခန်းကဏ္ဍနှင့်ပတ်သက်ပြီး အငြင်းအခုံများ ဖြစ်လင့်ကစား ဖေ့စ်ဘွတ်အနေနှင့် အဓိကအခန်းကဏ္ဍ၌ မပါဝင်ခဲ့ပေ။ သတင်းတုသတင်းယောင်များက ဆန္ဒမဲအပေါ် ထိခိုက်စေသည် အလွန်အမင်း တမူထူးခြားကြောင်း မတ်ဇူကာဘတ်က ကနဦးပိုင်းတွင် ဆိုခဲ့သေးသည်။ သို့သော် နောက်ပိုင်းတွင် ယင်းအရေးကို ထိန်းသိမ်းကိုင်တွယ်သွားမည်ဟု ဆိုသည်။ BuzzFeed သတင်းဌာနနှင့်ပြောဆိုခဲ့သော ဖေ့စ်ဘွတ်ဝန်ထမ်းများက ယုံကြည်စိတ်ချရသည့် သတင်းဌာနများထံမှ ၀င်ရောက်လာလျှင် အဆိုပါ ဖော်ပြချက်များကို ပြန်လည်စိစစ်ရန် မှတ်သားထားသင့်ကြောင့် အကြံပြုထားကြသည်။

မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်၏ သြဇာသက်ရောက်မှုကို တိုင်းတာပြရန် မလွယ်ကူလှချေ။ သို့သော် အင်တာနက်နှင့် ဖေ့စ်ဘွတ်ကို အပြန်အလှန်အသုံးပြုနေသူ မြန်မာလူထုအကြား ၎င်းက လုံးလုံးလျားလျား လွှမ်းမိုးထားပေသည်။ ရန်ကုန်အခြေစိုက် ဈေးကွက်ဖော်ဆောင်ရေးကုမ္ပဏီတစ်ခုဖြစ်သော Amara Digital ၏အဆိုအရ ဖေ့စ်ဘွတ်အသုံးပြုသူမှာ ယမန်နှစ်ထက် နှစ်ဆမြင့်တက်လာပြီး လစဉ်အသုံးပြုနေသူ ၉.၇ သန်းအထိ ရှိကြောင်း၊ ဖေ့စ်ဘွတ်မှ အခမဲ့အသုံးပြုအစီအစဉ် စတင်လိုက်ပြီးနောက် ယင်းသို့ ပမာဏမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

ဖေ့စ်ဘွတ်သည် ဆန္ဒရှိရာမှန်သမျှ ပြောရန်နေရာ ဟူသည့်အမြင်ရှိနေကြောင်း သျှားရဝေက ဆိုသည်။

အစွန်းရောက်ဘုန်းကြီးများမှသည် နိုင်ငံရေးကာတွန်းဆရာများအထိ ထိုနေရာတွင် စုရုံးနေကြသည်။ ဖေ့စ်ဘွတ်ပေါ်ရေးသားချက်ကြောင့် လူများစွာတို့မှာလည်း ထောင်နန်းစံခဲ့ရပြီးဖြစ်သည်။ သို့တိုင် အထူးသဖြင့် အနီးကပ်စောင့်ကြည့်သော တရားရေးစနစ် မရှိသည့် မြို့ပြမဟုတ်သောနေရာများတွင် လူသိမသိ ဖမ်းဆီးခံရသူ မည်မျှရှိကြောင်း အတိအကျ မသိနိုင်ပါဟု လူ့အခွင့်အရေးအုပ်စုများက ဆိုသည်။

မြန်မာပြည်ရှိ လူများစွာအဖို့ အင်တာနက်နှင့် ဖေ့စ်ဘွတ်က လွတ်လပ်စွာပြောဆိုခွင့်နှင့် အမေရိကန်တန်ဖိုးများကို သယ်ဆောင်လာပေးခဲ့သည်။ သို့ပင်သို့ငြား စစ်တပ်ထိန်းချုပ်မှုမှ မကင်းလွတ်နိုင်သေးသော အစိုးရတစ်ရပ်၏လက်အောက်ဝယ် လွတ်လပ်စွာပြောဆိုခွင့်တန်ဖိုးတရားများကို လက်တည့်စမ်းခြင်းဖြင့် ဖြစ်ပေါ်လာမည့်အကျိုးဆက်ကိုမူ သူတို့အား ပြောပြမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိ။ အင်တာနက်အား မည်သို့မည်ပုံ ဘေးကင်းလုံခြုံစွာ အသုံးပြုရေး သင်ကြားပေးရန်မှာ ဖေ့စ်ဘွတ်၏ တာဝန်လော၊ သက်ဆိုင်ရာ အစိုးရ၏တာဝန်လော ? ၎င်းတို့ ဖေ့စ်ဘွတ်ပေါ်ရေးသားမှုအတွက် ဖေ့စ်ဘွတ်က အကာအကွယ်ပေးမည်လော ? ၎င်းတို့ အသုံးပြုနေသည့် အင်တာနက်အတွက် ဘေးကင်းလုံခြုံအောင် အသင် မည်သို့ လုပ်ဆောင်ပေးမည်နည်း ? ထရမ့် အပါအ၀င် အမေရိကန်များစွာတို့မှ ရွေးကောက်ပွဲကာလအတွင်း သတင်းအတုအယောင်များအပေါ် စီးမျောနစ်ဝင်သွားသေးလျှင် မည်သည်က အတု၊ မည်သည်အစစ် ဟူသည်ကို ပိုင်းခြားနားလည်နိုင်သည့် မြန်မာလူထု မည်မျှရှိနိုင်မည်နည်း ?

မိုဘိုင်းဖုန်းဆိုင်ကပ်လျက်ရှိ ဈေးဆိုင်တစ်ဆိုင်က ဖုန်းကို သက်ဝင်လှုပ်ရှားအောင် မပြုသေးဘဲ – လူတစ်ဦးဦးထံ ဖုန်းဆက်မှု ပြုသေးဘဲ ဆင်းမ်ကဒ်နှင့် ဒေတာအစီအစဉ်များ သက်ဝင်လှုပ်ရှားဦးမည်မဟုတ်ကြောင်း ရှင်းပြခဲ့သည်။ နောက်ဆုံးတွင် သျှားရဝေက ဆိုင်မှထွက်ခွာလာပြီး ဖုန်းကို ဖွင့်လိုက်ပါတော့သည်။ ဖေ့စ်ဘွတ်နှင့် အခြားအသုံးချ apps များကတော့ ပိတ်လျက်ရှိဆဲ။ “ကျွန်မ Facebook ကို သုံးမယ်၊ သုံးမှဖြစ်မယ် … ဒါက လောကရပ်ဝန်းတစ်ခုပဲလေ”။ ရက်သတ္တပတ်အနည်းငယ်လွန်မြောက်သော် သူမ အိတ်ကပ်တွင်းရှိ အင်တာနက်လောကနှင့် ထိတွေ့မှု ရရှိသွားပေသည်။

၂၀၁၁ ခုနှစ်က မိုဘိုင်းဆင်းမ်ကဒ်တစ်ခု၏ တန်ကြေးမှာ ဒေါ်လာ သုံးထောင် အထက်၌ ရှိခဲ့သည်။ အထက်ဆင့် အာဏာပိုင်များနှင့် နီးစပ်သူများသာ ကောင်းစွာ ရရှိအသုံးပြုနိုင်ခဲ့ကြသည်။ လက်တစ်ဆုပ်စာ အင်တာနက်ကဖေးများက မြို့ပြဒေသတွင် ရှိသော်လည်း အခြေခံလူတန်းစားများအဖို့ ကုန်ကျစားရိတ်ကြီးမြင့်နေခဲ့သည်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့၏အဆိုအရ တိုင်းပြည်၏ ၀.၂ ရာခိုင်နှုန်းမျှသာ အွန်လိုင်းပေါ် ရောက်နိုင်သည်ဟု သိရ၏။

စစ်အုပ်ချုပ်ရေး၏တင်းကြပ်မှု လျော့ပါးလာပြီး နှစ်အနည်းငယ်တွင် အင်တာနက်အသုံးပြုမှု တိုးတက်လာသော်လည်း နှေးကွေးလျက်ရှိသေးသည်။ အိတ်ဆောင်နှင့် စားပွဲတင် ကွန်ပြူတာများ ရှားပါးနေခဲ့သည်။ ၂၀၁၄ ကာလအလွန် နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများအတွက် တံခါးဖွင့်လိုက်ချိန်တွင်တော့ ရေထိန်းတံခါးပွင့်လှပ်သည့်နှယ် ဖြစ်သွားသည်။ မိုဘိုင်းမျှော်စင်တိုင်များ နေရာတကာတွင် ရုတ်ခြည်း ထွက်ပေါ်လာကြသည်။

“၂၀၁၁ ခုနှစ်မှာ ကျွန်မတို့ရဲ့ ပုံမှန်ငွေသွင်းအသုံးပြုသူများက ထောင်ဂဏန်းပဲ ရှိခဲ့တယ်။ အခုချိန်မှာတော့ သန်း ၅၀ လူဦးရေရှိတဲ့နိုင်ငံတစ်ခုမှာ အသုံးပြုသူဦးရေ ၃၅ သန်းထိ ရှိနေတယ်” ဟု ဧရာမ ဆက်သွယ်ရေးကုမ္ပဏီ Ericsson မှ ရေရှည်ထိန်းသိမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတာဝန်ခံ ဒုဥက္ကဌ Elaine Weidman-Grunewald က ပြောကြားသည်။ မြန်မာကျေးလက်ဒေသရှိ ကျောင်း ၃၁ ကျောင်းမှ ခန့်မှန်းစာသင်သား ၂၂၀၀၀ ထံ အင်တာနက်နှင့် tablet များ ထောက်ပံ့ပေးနိုင်ရေးအတွက် Ericsson ၏ အစီအစဉ်တစ်ခုဖြင့် သူမသည် ယခုနှစ်ဆန်းပိုင်း ရောက်ရှိသည်။ tablet များမှာ ကျောင်းသူကျောင်းသားများအတွက် ပထမဆုံးနှင့် တစ်ခုတည်းသော အင်တာနက်နှင့်ထိတွေ့နိုင်မည့် ပစ္စည်းဖြစ်နေသည်။ “မြန်မာပြည်က အင်တာနက် အသုံးပြုနှုန်းက မယုံနိုင်စရာပါပဲ။ ဒီနှစ် ပထမခြောက်လပတ်မှာ မြန်မာရဲ့ မိုဘိုင်းအသုံးပြုမှုက ကမ္ဘာ့ထိပ်ဆုံးသုံးနိုင်ငံထဲ စာရင်းဝင်နေပါတယ်” ဟု သူမက ဆိုသည်။

မြန်မာလူဦးရေ ခန့်မှန်းခြေ ၂၀ ရာခိုင်နှုန်းဝန်းကျင်မှာ ယခုအခါ အွန်လိုင်းပေါ် ရောက်နေကြပြီး ၎င်းတို့အများစုမှာ လွန်ခဲ့သည့် ၂ နှစ်ကမှ စတင်အသုံးပြုသူများဖြစ်ကြကြောင်း ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသည်။ နှိုင်းယှဉ်ကြည့်ကြပါစို့။ ၁၉၈၉ ခုနှစ်နှောင်းပိုင်း အရောင်းအ၀ယ်ပံပိုးသူများ၏တောင်းဆိုချက်ကြောင့် စတင်လာသော အမေရိကန်နိုင်ငံတွင် အင်တာနက်အသုံးပြုမှုမှာ အွန်လိုင်းပေါ် လူဦးရေ ၂၀ ရာခိုင်နှုန်း ရောက်လာရန် ၇ နှစ် အချိန်ယူခဲ့ရသည်။ ကမ္ဘာ့အင်တာနက်ဈေးကွက်အနက် အမြန်ဆုံးကြီးထွားလာသည့် နိုင်ငံတစ်ခုဖြစ်သော အိန္ဒိယတွင် ၂၀၀၀ ခုနှစ်မှ ၂၀၁၅ နှစ်လယ်အထိ ၎င်း၏လူဦးရေ ၂၀ ရာခိုင်နှုန်းအထိပင် မရောက်ရှိနိုင်ခဲ့ပေ။

ကြာညောင်းစွာ အကြွင်းမဲ့ ဖယ်ချန်ခံရပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွင့်လှစ်လိုက်သောအခါ အတားအဆီးမဲ့ လျင်မြန်စွာ တိုးဝင်လာခြင်းဖြစ်ကြောင်း မြန်မာပြည်၏ထူးခြားမှုအပေါ် Weidman-Grunewald က သုံးသပ်သည်။

နေရာတိုင်းတွင် ယင်းသို့ ကြီးထွားလာမှုကို တွေ့ရသည်။ သာဓကအားဖြင့် ရန်ကုန်မြို့လယ် ဆူးလေစေတီတော် အောက်ဖက်တစ်ကြောတွင် တစ်ချိန်က တံဆိပ်တုံးနှင့် နာရီဆိုင်များ ပျောက်ကွယ်သလောက်ရှိပြီး မိုဘိုင်းဖုန်းနှင့်အသုံးအဆောင်များ တင်ရောင်းသည့် ဆိုင်ခန်းများက အစားထိုးဝင်ရောက်လာကြသည်။

“ဒါက လူတိုင်း ၀ယ်တဲ့ပစ္စည်း ဖြစ်နေတယ်။ ဖုန်းဝယ်သူတွေ များမှများပါပဲ။ လူတွေက ၀ယ်ပြီးရင်း ၀ယ်နေကြတာပါ” ဟု အသက် ၁၉ နှစ်အရွယ် အရောင်းသမားက လမ်းမတစ်လျှောက် အမျိုးအစားတူပစ္စည်းဆိုင်များ မှိုလိုပေါက်နေသော်လည်း အလျဉ်း စိတ်မသက်မသာမဖြစ်ပဲ ပြောဆိုပါသည်။ သူသည် ၃ ဒေါ်လာနှင့်ညီမျှသောငွေကြေးဖြင့် လာရောက်အားပေးသူများကို အီးမေးလ်လိပ်စာတစ်ခု ပြုလုပ်ပေးပြီး ဖေ့စ်ဘွတ်အကောင့်တစ်ခုဖွင့်ပေးကာ သူတို့အား အသုံးပြုပုံကိုပါ ပြသဆောင်ရွက်ပေးနေသည်။ ယင်းသူတို့အနေဖြင့် ၎င်းတို့၏ ကိုယ်ပိုင် အီးမေးလ်လိပ်စာကို ရွေးချယ်ခြင်းရှိမရှိ မေးမြန်းကြည့်ရာ သူက စိတ်ရှုပ်သွားဟန်တူ၏ “ဘယ်သူမှ မေးမြန်းတောင်းဆိုတာမျိုး မရှိပါဘူး။ သူတို့က အီးမေးလ်ကို ကရုစိုက်တာမဟုတ်ကြဘူး။ အီးမေးလ်လိပ်စာကို အလွယ်တကူ အခမဲ့ဖန်တီးနိုင်တယ်ဆိုတာ အများစုက မသိကြဘူ။ ဘယ်သူမှလည်း ဒါကို မသုံးကြပါဘူး။ သူတို့မှာ ဖေ့စ်ဘွတ် ရှိနေပြီလေ” ဟု သူက ပြောဆိုရှင်းပြ၏။

အကယ်၍ ၀င်ရောက်ရာအချက်အလက်များကို မေ့လျော့လျှင်လည်းကောင်း၊ အသုံးပြုမရတော့လျှင်လည်းကောင်း သူတို့က ဖေ့စ်ဘွတ်အကောင့်သစ်တစ်ခုကို ပြုလုပ်လိုက်ကြပေသည်။ ဒါဇင်ပေါင်းများစွာသောလူတို့ကို BuzzFeed News သတင်းဋ္ဌာနမှ တွေ့ဆုံမေးမြန်းရာ၌ ၎င်းတို့ထံ ဖေ့စ်ဘွတ်အကောင့်များ တစ်ခုထက် ပို၍ ရှိခဲ့ကြောင်း အားလုံးက ဆိုသည်။ အမည်ရင်းဖြင့် အသုံးပြုကြရမည့် ဖေ့စ်ဘွတ်၏မူဝါဒကိုလည်း မည်သူမျှ မသိရှိကြပါ။

သျှားရဝေသည် ဖုန်းဝယ်ပြီး နှစ်ရက်အကြာတွင် မိမိသည် အကောင့်တစ်ခုဖွင့်လှစ်ပြီးကြောင်း စာတိုပေးပို့ကာ မိတ်ဆွေများကို လိုက်ရှာပေါင်းထည့်ပါတော့သည်။

“ကျွန်မမှာ မိတ်ဆွေ ၁၂ ဦးပဲ ရှိသေးတယ်။ လူတိုင်းက နှစ်လိုဖွယ်ရှိကြပါတယ်။ ကျွန်မရဲ့သူငယ်ချင်းက မန္တလေးအတူသွားတုန်းက ဓာတ်ပုံတွေတင်ဖို့ တိုက်တွန်းပါတယ်။ ကျွန်မ ထင်ထားသလောက် မဆိုးပါဘူး” ဟု သူမအစ်ကို၏မိတ်ဆွေတစ်ဦးကို စာရင်းပေါင်းထည့်ရင်း ဆိုသည်။ ၎င်းမှာ အီးမေးလ်လိပ်စာနှင့် ချိတ်ဆက်ထားကြောင်း သူမလည်း မသိရှိချေ။

မိုဘိုင်းဖုန်းအသုံးအဆောင်များရောင်းချနေသည့် ရန်ကုန်မှ ပျံကျဈေးသည်တစ်ဦးအား ဇူလိုင် ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – မင်းဇေယျာဦး၊ BuzzFeed News)

အငှားယာဉ်တစ်စီးသည် လေဆိပ်သွားရာလမ်းဘေးတစ်နေရာတွင် ထိုးရပ်သွားသည်။ မှန်တံခါး လှိမ့်ဆင်းသွားရာတွင် ဦးဝီရသူအား တွေ့လိုက်ရသည်။ သူမှတ်မိသိရှိသော ဂျာနယ်လစ်တစ်ဦးနှင့် စကားစမြည်ပြောဆိုနေလေသည်။ ထိုအရှင်ဝီရသူမှာ မွတ်စ်လင်မ်ဆန့်ကျင်ရေး၌ အပြင်းစားရပ်တည်နေသူဖြစ်၍ ဗမာဘင်လာဒင် ဟု အမည်တွင်ရစ်သူဖြစ်သည်။ သူသည် လူနည်းစုဝင် မွတ်စ်လင်မ်များအား ဖိနှိပ်ရေးတရားဟောပြောလှုံဆော်မှုဖြင့် ထောင်သွင်းအကျဉ်းကျခဲ့သူလည်းဖြစ်၏။ သူသည် ခရီးစဉ်တစ်ခုအတွက် လေဆိပ်သို့သွားနေသော်လည်း သတင်းများတွင် အမည်ဖော်ပြခွင့် မပေးချေ။

ဦးဝီရသူသည် အစွန်းရောက်ဘုန်းကြီးအုပ်စုတစ်ခု၌ အလွန်အလေးပေးခံရသည့် အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တစ်ချိန်က ယင်းအုပ်စုမှာ ၉၆၉ ဟု အမည်တွင်ပြီး ယခုအခါ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မြန်မာလို အတိုကောက် မဘသ)ဟု အမည်ပြောင်း ခေါ်ဆိုထားသည်။ စစ်အုပ်ချုပ်ရေးပြီးဆုံးချိန်မှစပြီး ဗုဒ္ဓဘာသာဝင်လူများစုတိုင်းပြည်၌ ဘုန်းတော်ကြီးများမှာ လောကီလူ့ဘောင်အရေးတွင် ထဲထဲဝင်ဝင် စွက်ဖက်လာကြသည်။ လက်ရှိနှစ်များအတွင်း နိုင်ငံ့လူဦးရေ ၄ ရာခိုင်နှုန်းဝန်ကျင်ရှိ ပြည်တွင်းမွတ်စ်လင်မ်များအနက် လူ ၂၀၀ ကျော် သတ်ဖြတ်ခံရခြင်း၊ လူတစ်သိန်းခွဲကျော် အိုးအိမ်စွန့်ခွာစေခြင်းတို့ကို တစ်ဖက်သတ် ကျူးလွန်ကြသည့် ဗုဒ္ဓဘာသာဝင်လူရမ်းကားအုပ်စုနှင့် အလျဉ်းမပတ်သက်ကြောင်း ဦးဝီရသူနှင့် မဘသအဖွဲ့က ငြင်းဆိုထားကြ၏။ ရိုဟင်ဂျာများအပေါ် လတ်တလောကျူးလွန်သည့် အကြမ်းဖက်မှု ပွင့်ထွက်လာအောင် နိုင်ငံလုံခြုံရေးအင်အားစုများက မီးထိုးပေးခဲ့သည်ဟု အရပ်ဖက်လူ့အဖွဲ့အစည်းများက အခိုင်အမာ ဆိုကြသည်။ သို့သော် မွတ်စ်လင်မ်တို့အား ယုတ်မာရက်စက်သူများအဖြစ် မဘသတို့၏ ပုတ်ခတ်ပုံဖော်နေမှုကိုကား ငြင်းဆိုမရပေ။ မွတ်စ်လင်မ်တို့ကို မြန်မာနိုင်ငံမှ မောင်းထုတ်လိုသူတို့က ယင်းပုံဖော်ချက်ကိုပင် အတန်တန် သုံးစွဲနေကြောင်း တွေ့ရပြီး၊ ၎င်းတို့၏ မွတ်စ်လင်မ်ဆန့်ကျင်ရေးအတွေးအမြင်များက ဖေ့စ်ဘွတ်အားဖြင့် ပိုမိုကျယ်ပြန့်အောင်မြင်လာကြောင်း ၎င်းတို့ကိုယ်တိုင်က ၀န်ခံပြောကြားထားပေသည်။

ထရမ့်၏ အာဏာပိုင်အဖွဲ့ကို အစွန်းသမားများဖြင့် ဖွဲ့စည်းထားသည်ဟူသော သတင်းထွက်လာပြီးနောက် ဦးဝီရသူက ထရမ့်၏ အိမ်ဖြူတော်အစိုးရက အစ္စလာမ်စ်အကြမ်းဖက်ဝါဒတိုက်ပွဲ၌ အောင်မြင်မှုတစ်ရပ်အဖြစ် စာတစ်စောင် ထုတ်ပြန်ခဲ့သည်။ ၎င်းစာတွင် “အမေရိကန်ပြည်သူများ ဂျိဟာ့ဒ်(အန္တရာယ်)မှ လွတ်မြောက်ပါစေ၊ ကမ္ဘာမြေသွေးချောင်းစီးခြင်းမှ ကင်းလွတ်ပါစေ” ဟူ၍ ပါဝင်ရေးသားထားသည်။ ၎င်းမှာ ထရမ့်၏အနိုင်ရရှိမှုအပေါ် ကမ္ဘာတစ်ခွင် ထင်ရှားသူများစွာ၏ “စိန်နားကပ်ရောင်ဖြင့် ပါးပြောင်ခြင်း” အနက် အပါအ၀င်တစ်ခုသာ ဖြစ်၏။

ဤသည်မှာ ဦးဝီရသူ၏ ဖေ့စ်ဘွတ်မှ ပထမဆုံးအကြိမ် ကမ္ဘာသိ မိမိကိုယ်ကိုဂုဏ်ဖော်ချက် မဟုတ်ခဲ့ပါ။ သူသည် ၂၀၀၃ ခုနှစ်တွင် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုံ့ဆော်သွေးထိုးမှုအတွက် ထောင် ၇ နှစ်ကျခဲ့ပြီး ၂၀၁၂ ဇန်န၀ါရီလတွင် ပြန်လည်လွတ်မြောက်ခဲ့သည်။ ၎င်းနောက် ထိုလမ်းကြောင်းကိုသာ ပြန်လည်လျှောက်လှမ်းခဲ့ပြန်သည်။

“တကယ်လို့သာ မြန်မာနိုင်ငံကို အင်တာနက် ရောက်မလာခဲ့ရင် ဦးဇင်းရဲ့ အတွေးအမြင်နဲ့ သတင်းစကားတွေကို အခုလို သိရှိသူ များလာမှာ မဟုတ်ဘူး” ဟု BuzzFeed သတင်းဋ္ဌာနသို့ ဦးဝီရသူက ပြောကြားသည်။ သူသည် စာအုပ်များ မပြတ်တမ်းရေး၍ တရားဟောကြားနေသော်လည်း “အမြန်ဆန်ဆုံး သတင်းပြန့်ကားစေတာ အင်တာနက်ပဲ” ဟု ဖြည့်စွက်ပြောကြားလိုက်၏။

သူ၏ ပထမဆုံး အကောင့်မှာ သိပ်မထင်ရှားခဲ့၊ ဖေ့စ်ဘွတ်စိစစ်သူများက မိမိတို့၏ သတ်မှတ်ချက်စံနှုန်းကို ချိုးဖောက်သည်ဟုဆိုကာ ၎င်းအား ဖျက်ပစ်ခဲ့ကြောင်း၊ ဒုတိယအကောင့်မှာ မိတ်ဆွေစာရင်း ၅၀၀၀ လျင်မြန်စွာ ပြည့်သွားပြီး နောက်ထပ် လူသစ်လက်ခံမရတော့ကြောင်း၊ ထို့ကြောင့် စာမျက်နှာအသစ်တစ်ခု ထပ်ဖွင့်ကာ ၎င်းကို နာရီမလပ် ကိုင်တွယ်နိုင်ရန် အချိန်ပြည့်ဝန်ထမ်းနှစ်ဦးကို ငှားရမ်းခန့်အပ်ခဲ့ရကြောင်း သူက ဆိုသည်။

“ဦးဇင်းမှာ နောက်လိုက် follower တစ်သိန်းကိုးသောင်းရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုရယ်၊ သတင်းစာမျက်နှာတစ်ခုရယ် ရှိတယ်။ ဖေ့စ်ဘွတ်ဟာ အလွန်အသုံးတည့်ပြီး ဦးဇင်းရဲ့သတင်းစကားတွေကို ဖြန့်ချိဖို့ အရေးပါလှတယ်”။

ဦးဝီရသူသည် ဖေ့စ်ဘွတ်စာမျက်နှာပေါင်းများစွာကို ဗဟိုဋ္ဌာနပြု၍ ကိုင်တွယ်မောင်းနှင်လျက် မွတ်စ်လင်မ်စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်ရန်၊ မွတ်စ်လင်မ်တို့အား တိုင်းပြည်မှနှင်ထုတ်ရန် လှုံ့ဆော်လျက်ရှိသည်။ ဖေ့စ်ဘွတ်မှ ပိတ်ဆို့ရပ်နားစေသည့်တိုင် ထိုစာမျက်နှာများအား ပြန်ဖွင့်ပေးလေ့ရှိသည့် အမာခံအင်အားစုတစ်ရပ် သူ့ထံတွင် ရှိနေကြောင်းလည်း ဆိုသည်။ မည်သို့ပင်ဆိုစေ အွန်လိုင်းနောက်လိုက်များ အင်အားကောင်းလာအောင် သူက ဆက်လက်လုပ်ဆောင်နေလျက်ပင်။

ရန်ကုန်မှ ဧည့်လမ်းညွှန်အော်ပရေတာတစ်ဦးဖြစ်သူ ၀င်းလိုလတ်(၅၄ နှစ်)က သူသည် ကနဦးပိုင်းတွင် အဆိုပါတစ်ယူသန်ဘုန်းကြီး၏ ဇာတ်လမ်းများကို သတင်းစာများမှ ဖတ်ရှုရကြောင်း၊ သားဖြစ်သူ၏ ဖေ့စ်ဘွတ်အကောင့်မှတဆင့် ဦးဝီရသူအား အနီးကပ်လေ့လာသိရှိခဲ့ရကြောင်းဆိုသည်။ “သူ့ပြောကြားချက်အများအပြားက ထိလွယ်ရှလွယ်အရာတွေချည်းပဲ။ ဒါပေမယ့် နိုင်ငံပိုင်သတင်းစာကတော့ သူ့ကို လူမျိုးရေးဝါဒီတစ်ဦးလို ပုံဖော်ပေးလေ့ရှိပါတယ်။ မွတ်စ်လင်မ်တွေဟာ ဗမာလူ့အဖွဲ့အစည်း ပျက်စီးရေးကို အများအပြားလုပ်ဆောင်နေကြောင်း ဦးဝီရသူက မတွန့်မဆုတ် ပြောနေတတ်ပါတယ်”။

ဖေ့စ်ဘွတ်ပေါ် ဦးဝီရသူ၏ ဟောပြောမှုဗီဒီယို ထွက်လာပြီးကတည်းက သူသည် ပုံမှန်ဝင်ရောက်ကြည့်ရှုလေ့လာခဲ့သည်။ မွတ်စ်လင်မ်များသည် တိုင်းပြည်အား မည်သို့နစ်နာအောင်ပြုလုပ်နေသည့် အချက်အလက်သစ်များကို တွေ့ရှိလေ့လာရသဖြင့် သူ့မိတ်ဆွေတို့ကိုလည်း ဦးဝီရသူ၏တင်ပြချက်များအား ဖတ်ရှုရန် တိုက်တွန်းသည်ဟု သူက ဆိုသည်။

သူ့ဖုန်းထဲထည့်မှတ်ထားသော အီရတ်ရှိ ISIS တို့၏ ခေါင်းဖြတ်သတ်ဖြတ်မှုပုံများပါဝင်သည့် တင်ပြချက် post အများအပြားကို BuzzFeed သတင်းအဖွဲ့အား သူက ပြသခဲ့သည်။ ထိုဓာတ်ပုံများ၌ “မွတ်စ်လင်မ်အကြမ်းဖက်သမားများက ဗုဒ္ဓဘာသာဝင်များကို လည်လှီးနေပုံ” ဟူ၍ စာတန်းထိုးထားသည်ကို တွေ့ရ၏။ နောက်ထပ်ပို့စ်တစ်ခုတွင် သတင်းစာမျက်နှာတစ်ခုမှ အထူးသတင်းအဖြစ် ဗုဒ္ဓဘာသာဝင်တို့အား တိုက်ခိုက်ရန် မြန်မာနိုင်ငံတစ်ဝှန်းရှိ ဗလီဝတ်ကျောင်းများတွင် ဗုံးနှင့်ဖောက်ခွဲရေးပစ္စည်းများကို သိုလှောင်ထားကြောင်း ရေးသားထားသည်။ ယင်းသို့သော အစီအမံမျိုး မတွေ့ခဲ့ရပါဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က BuzzFeed News သို့ ပြောကြားသည်။ သို့ရှိရာ ယင်းသတင်းသည် လအနည်းငယ်စီခြား၍ ပေါ်ထွက်လာလေ့ရှိပြီး အကြောက်တရားသွတ်သွင်းခြင်းနှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုအတွက် မီးမွှေးခြင်းသာဖြစ်ပေသည်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း UNESCO မှ အမည်မဖော်လိုတစ်ဦးက မြန်မာတိုင်းမ်နှင့်အင်တာဗျူးတစ်ခုတွင် မြန်မာနိုင်ငံ၌ မီဒီယာနှင့်သတင်းအချက်အလက်နားလည်မှုနှုန်းမှာ အလွန်နိမ့်ကျကြောင်း ဆိုထားသည်။ ၎င်းကို digital literacy ဟု သုံးနှုန်းလေ့ရှိပြီး လူတို့မှ အင်တာနက်သုံး၍ မိမိလုပ်ဆောင်မှုကို ကောင်းစွာနားလည်နိုင်မှု၊ အွန်လိုင်းကို ဘေးကင်းစွာ အသုံးပြုနိုင်မှုရေချိန်အား ၎င်းအားဖြင့် ချိန်ထိုးတိုင်းတာလေ့ရှိသည်။ စကားဝှက်နှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များ လုံခြုံစေရန် အစရှိသဖြင့် အင်တာနက်ကို ဘေးကင်းစွာ အသုံးချစေရေး အစီအမံ မထားရှိဘဲ အွန်လိုင်းအား အလျင်အမြန်အသုံးပြုစေသည့် မြန်မာနိုင်ငံကဲ့သို့ တိုင်းပြည်များသည် digital literacy အနိမ့်ကျဆုံးထဲ ပါဝင်နေသည်ကို တွေ့ရ၏။

digital literacy မြင့်မားလာရေးအတွက် စဉ်ဆက်မပြတ် နည်းလမ်းရှာနေကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံအတွက် အထူးစီမံမည့် လုံခြုံရေးနှိုးဆော်ချက်တစ်ရပ်အား ထုတ်ပြန်မည်ဖြစ်ကြောင်း၊ လူ့အသိုင်းအ၀ိုင်းစံနှုန်းများကို ဘာသာပြန်ပုံဖော်ထားသည့် လက်ကမ်းစာစောင်များ ထုတ်ဝေရန် ဒေသတွင်း အရပ်ဖက်ပွင့်လင်းအဖွဲ့အုပ်စုများနှင့် လက်တွဲဆောင်ရွက်လျက်ရှိကြောင်း ဖေ့စ်ဘွတ်က ဆိုသည်။

“ဖေ့စ်ဘွတ်နဲ့ချိတ်ဆက်ဝေမျှလိုသူတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ အသိုင်းအ၀ိုင်းဖြစ်အောင် ထိန်းသိမ်းဖို့ (နဲ့) လုပ်ငန်းစဉ်ပိုင်းမှာ ကျွန်တော်တို့ရဲ့တောင်းဆိုကမ်းလှမ်းမှုက ကျွန်တော်တို့အတွက် အလွန်အရေးပါလှပါတယ်။ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုအကြောင်း လူတွေကို ပညာပေးဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်။ သူတို့ရဲ့အကောင့်လုံခြုံရေးအတွက် အသုံးချနိုင်တာကို သတိထားမိအောင်ဖော်ပြပြီး digital literacy ကို မြှင့်တင်ဆောင်ရွက်နေပါတယ်။ ဒီအပိုင်း ပိုမိုထိရောက်ဖို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ၊ စိတ်ချနိုင်တဲ့လုပ်ဖော်ကိုင်ဖက်တွေ၊ အွန်လိုင်းကို ရုတ်ခြည်းတိုးဝင်လာတဲ့ နိုင်ငံများစွာအပါအ၀င် အာဏာပိုင်တွေနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။ တစ်ချက်တည်းနဲ့ အရာအားလုံးဘောင်ဝင်စေနိုင်တာကတော့ ဘယ်နေရာမှာမှ မရှိပါဘူး။ ကမ္ဘာ့ဒေသအသီးသီးက လူတွေ ထိတွေ့စေနိုင်မယ့် ပညာပေးအစီအစဉ်တွေ အကောင်ဖော်ပေးနိုင်တာ အောက်ခြေအဆင့် အသင်းအဖွဲ့များပါပဲ။ သူတို့နဲ့တည်ဆောက်ထားတဲ့ ဆက်ဆံရေးဟာ ဘယ်လောက်အရေးပါကြောင်း ကျွန်တော်တို့ နားလည်ထားပါတယ်” ဟု ဖေ့စ်ဘွတ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော Jay Nancarrow က BuzzFeed News သို့ ပြောပြသည်။

ကုမ္ပဏီသည် Digital literacy တိုးတက်ရေးကို လုပ်ဆောင်နေသော်ငြား စင်ပေါ်ရောက်လာသော အတုအယောင်သတင်းများအား ရင်ဆိုင်မည့် ၎င်းတို့၏အစီအမံများကိုမူ ဖွင့်ဟပြောဆိုမှု မရှိပေ။

သျှားရဝေသည် သူမ၏ စမတ်ဖုန်းသစ်ကိုင်ဆောင်မှု စတုတ္ထမြောက်နေ့တွင် မိတ်ဆွေတစ်ဦးအား ပေါင်းထည့်လိုက်၏။ ၎င်းသူမှာ ဦးဝီရသူနှင့် အခြား မွတ်စ်လင်မ်ဆန့်ကျင်ရေးဘုန်းကြီးတို့၏ တင်ပြချက်များကို ပုံမှန် တင်ဆက်ပေးနေသူဖြစ်သည်။ “သူဟာ တစ်ကျောင်းတည်းသားဖြစ်နေလို့ အတော်အံ့သြသွားပါတယ်။ သူ့ကိုတော့ လူချင်း မသိခဲ့ပါဘူး။ သူဟာ ဖေ့စ်ဘွတ်ပေါ် ဒီလိုအကြောင်းအရာတွေ ရေးတင်နေတဲ့အပေါ် ကျွန်မ တုန်လှုပ်မိပါတယ်” ဟု သူမက ပြောပြသည်။

ထိုသူနှင့် မိတ်ဆွေဖြစ်လိုက်ရာမှ ဖေ့စ်ဘွတ်တိုက်ပွဲထဲသို့ ပထမဆုံးအကြိမ် ဆွဲသွင်းခံလိုက်ရကြောင်း၊ ထိုစဉ်က ပိတ်ကာခြင်း blocking သို့မဟုတ် တင်ပြပြောဆိုချက်အပေါ် ခပ်မဆိတ်နေပြီးကျော်လွှားခြင်း muting posts အကြောင်းကို သူမ မသိနားမလည်ခဲ့ကြောင်း၊ ၎င်းက အလွန်အာရုံထွေပြားစေကြောင်း သူမက ရှင်းပြသည်။ “ရံဖန်ရံခါ ကျောင်းမှာ သိရှိတဲ့လူက အွန်လိုင်းပေါ်မှာကျတော့ တစ်မျိုးဖြစ်နေတယ်။ (ဖေ့စ်ဘွတ်မှာ) block လုပ်တာ ပါဝင်နေလို့ ကျွန်မ အားရကျေနပ်မှုဖြစ်ပါတယ်”။

ဥပဒေပေါ်ပေါက်လာသောအခါ လူတို့သည် ၎င်းတို့၏ ဖေ့စ်ဘွတ်ပေါ်ရေးသားချက်များကြောင့် ထောင်သွင်းအကျဉ်းချခံရသည့်သတင်းကို ကြားသိနေရပါသော်လည်း ဦးဝီရသူမှာ သူ၏အွန်လိုင်းရေးသားချက်များအတွက် ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိသည့်အပေါ် သူမ ဇဝေဇ၀ါ ဖြစ်နေရသည်။ “သူတို့တစ်တွေကို ကျွန်မ တစ်ဦးမျှ မသိရှိပါဘူး။ သူတို့ကို ထောင်ထဲရောက်စေတဲ့ အွန်လိုင်းပြောဆိုချက်တွေကိုလည်း ကျွန်မ မသိရှိပါဘူး”။

face

အွန်လိုင်းသရော်စာရေးသားသူ ကြက်ဖကြီးဟု စွပ်စွဲ၍ ဤနှစ်အစောပိုင်းက ဖမ်းဆီးထိန်းသိမ်းခံရသူ၏ဇနီး ဒေါ်ဆွေဆွေလွန်း (ဓာတ်ပုံ – မင်းဇေယျာဦး/ BuzzFeed News)

သူမ၏ခင်ပွန်းမှာ အခြားသူများစွာအတိုင်း ဖေ့စ်ဘွတ်ပေါ် ပုံတင်စုဆောင်းခြင်းကို နှစ်သက်ကြောင်း ဒေါ်ဆွေဆွေလွန်းက သိရှိသည်။ များသောအားဖြင့် သူသည် ငါးဖမ်းလုပ်ငန်းခွင်မှနားချိန်တွင် မိတ်ဆွေများနှင့် အွန်လိုင်းစကားပြောခြင်း chatting ပြုလုပ်လေ့ရှိကြောင်း သူမက ဆိုသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီး နိမ့်ကျစုတ်ခြာသော ရန်ကုန်ဆင်ခြေဖုံးအရပ်ရှိ သူမတို့၏ အိမ်ငယ်လေးသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်။ သူမ၏ခင်ပွန်းသည် အွန်လိုင်းပေါ်မှာ နာမည်ကြီးသရော်စာပညာရှင် ကြက်ဖကြီးအဖြစ် သံသယ၀င်ခံရသူ ဖြစ်ကြောင်း ထိုအခါမှ သူမှ သိရှိခဲ့ရသည်။

ကြက်ဖကြီး၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံတစ်ဝှန်းက ကျယ်ပြန့်စွာ အားပေးကြိုဆိုလက်ခံခဲ့ကြသည်၊ သူ၏ပုံများကို တိတ်တဆိတ်သိမ်းယူကြသည်၊ ဖြန့်ဝေတတ်ကြသည်။ အကျော်အမော် ဟောလီးဝုဒ်ရုပ်ရှင်သရုပ်ဆောင်များ သို့မဟုတ် တိရစ္ဆာန်များ၏ကိုယ်ခန္ဓာများပေါ် စစ်ခေါင်းဆောင်အသီးသီးတို့၏ဦးခေါင်းပုံကို ဓာတ်ပုံပြင်ပညာ photoshopping ဖြင့် တပ်ဆင်ပြီး ဟားစရာမြင်ကွင်းအဖြစ် တင်ဆက်တတ်ခြင်းကြောင့် ကြက်ဖကြီးမှာ လူသိများကျော်ကြားလှသည်။ ယင်းပုံအချို့ကြည့်၍ ရယ်မောခဲ့ဖူးကြောင်း ဒေါ်ဆွေဆွေလွန်းက မှတ်မိနေသေးသည်။ သို့သော် ၎င်းတို့မှာ တစ်နေ့တွင် သူမ၏ခင်ပွန်းအား ထောင်ထဲတွန်းပို့လိမ့်မည်ဟု လုံးလုံး မတွေးထင်ခဲ့မိပေ။

“သူ့ကို ကြက်ဖကြီးဆိုပြီး သူတို့က စွပ်စွဲပါတယ်။ သူတို့ဘာတွေပြောနေမှန်း ကျွန်မတို့ မသိရှိပါဘူး။ ဒီ့မတိုင်မီက ဖေ့စ်ဘွတ်ပေါ်မှာ ကြက်ဖကြီးအကြောင်း ကြားသိခဲ့တယ်။ မိတ်ဆွေအဖြစ် add ချင်ပေမယ့် မရခဲ့ဘူး။ သူက မိတ်ဆွေများစွာရှိနှင့်နေတာကြောင့် follow သာ လုပ်ခဲ့ရပါတယ်။ သူက ဘယ်လိုလုပ်ပြီး ကျွန်မရဲ့ခင်ပွန်းဖြစ်နေရမှာလဲ၊ ကျွန်မတောင် မသိရှိတဲ့ကိစ္စပါ” ဟု သူမက ပြောပြသည်။ ဖေဖော်ဝါရီလ ၉ ရက် ညဥ့်သန်းခေါင်ကျော်တွင် သူမတို့၏အိမ်ငယ်လေးထံ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်။ တံခါးဖွင့်သောအခါ သူမ၏ခင်ပွန်းအား တွေ့ရန် တောင်းဆိုကြသည့်အခါ သူမ လန့်ဖျပ်သွားခဲ့သည်။ ၎င်းနောက် အိမ်အနှံ့မွှေနှောက်ကာ လျှပ်စစ်သုံးပစ္စည်းပစ္စယမှန်သမျှကို သိမ်းယူသွားခဲ့ကြသည်။ ထိုဖြစ်စဉ်ကို သူမက အိမ်ငယ်လေး၏ကြမ်းပြင်ပေါ်ထိုင်လျက် ပြောင်သလင်းဖြစ်နေသော တစ်ချိန်က ခင်ပွန်း၏ စာရေးစားပွဲခုံကို ညွှန်ပြရင်း ပြောဆိုလေသည်။

ထိုအချိန်ကတည်းက သူမသည် ခင်ပွန်းဖြစ်သူကို မြန်မာ့ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် တရားရင်ဆိုင်နေရသည့် တရားရုံး၌သာ တွေ့မြင်ခွင့် ရတော့သည်။ အာဏာပိုင်ဘက်တော်သားများက သူနှင့်အခြားအမျိုးသမီးများ၏ဓာတ်ပုံတို့ကို ဖေ့စ်ဘွတ်ပေါ်တင်ပြီး အခြားတိုင်းပြည်များ၌ မယားနှင့်ရည်းစားများစွာရှိကြောင်း ဆိုနေကြ၏။

“ဒါတွေအားလုံးနဲ့ပတ်သက်ပြီး ကျွန်မ တကယ့်ကို ၀မ်းနည်းစိတ်ပျက်ရတယ်။ ဖေ့စ်ဘွတ်ပေါ်မှာ သူတို့ သူ့ကို ပြောဆိုနေတာ မှန်သမျှပါပဲ။ ဖေ့စ်ဘွတ်က ကူညီပေးနိုင်သူ တစ်ဦးတစ်လေ မရှိနိုင်တော့ဘူးလားရှင်။ ဖေ့စ်ဘွတ်သာ မရှိခဲ့ရင် ကျွန်မရဲ့ယောက်ျား အဖမ်းခံရမှာ မဟုတ်ဘူး၊ ဒါတွေအားလုံး ကြုံရမှာမဟုတ်ဘူး”။

တစ်ချိန်က သူမသည် ကိုယ်ပိုင်အပ်ချုပ်စက်ဖြင့် ပြန်လည်ဖန်တီးချု့ပ်လုပ်၍ အရပ်ထဲ ပြန်လည်ရောင်းချနိုင်သော ချည်ထည်အ၀တ်အစားဓာတ်ပုံများကိုသာကြည့်ရှုရန် ဖေ့စ်ဘွတ်ကို အသုံးပြုခဲ့သော်လည်း၊ ယခုအခါတွင်မူ သူမခင်ပွန်း၏သတင်းနောက်လိုက်ရန်အတွက် အသုံးပြုနေရသည်ဟု သူမက ပြောသည်။

လွန်ခဲ့သောတစ်နှစ်မပြည့်တပြည့်က မောင်ဆောင်းခ သည်လည်း ကြက်ဖကြီးကဲ့သို့ပင် ကဗျာတစ်ပုဒ်အတွက် အလားတူ တရားစီရင်ခံခဲ့ရသူတစ်ဦးဖြစ်သည်။ ထိုကဗျာထဲတွင် မိမိ၏လိင်အင်္ဂါနေရာ၌ သမ္မတ၏မျက်နှာပုံ တက်တူးထိုးထားကြောင်း သူက ရေးသားခဲ့သည်။

သူ၏ကဗျာ ဖေ့စ်ဘွတ်ပေါ် ပျံ့နှံ့သွားပြီးနောက် အသက် ၂၃ နှစ်အရွယ် ကဗျာဆရာမောင်ဆောင်းခမှာ ထောင် ၆ လ ကျခဲ့ရသည်။ လိင်အင်္ဂါနေရာဟု သုံးနှုန်းရမည့်အစား သူ့လိင်တံပေါ် သမ္မတ၏တက်တူးပုံရှိသည်ဟူ၍ သတင်းဆိုက်များစွာက တလွဲဘာသာပြန်ခဲ့သည့်အပေါ် ဒေါသဖြစ်ရကြောင်း သူက ဆိုသည်။

နိုင်ငံရေးစနစ်ခေါင်းစဉ်အောက်တွင် ဖိနှိပ်ထားခြင်းမှ နိုးကြားလာစေရန် မြန်မာလူထုကို တိုက်တွန်းချက်တစ်ရပ်ဖြစ်ကြောင်း၊ ယင်းကဗျာအား အင်္ဂလိပ်ဘာသာစကားဖြင့် ဖလှယ်သုံးနှုန်းထားကြောင်း “ဒီကဗျာရဲ့အဓိပ္ပာယ်ကို ဘယ်သူမှ နားမလည်ခဲ့ပါဘူး” ဟု မောင်ဆောင်းခက ဟက်ဟက်ပက်ပက်ရယ်မောရင်း ပြောပြခဲ့၏။

ဖေ့စ်ဘွတ်ပေါ်တင်သည့်ကဗျာတစ်ပုဒ်က နိုင်ငံတကာသတင်းဖြစ်သွားလိမ့်မည်ဟု သူ့အနေနှင့် မတွေးထင်မိဖူးချေ။

“ကဗျာဆရာတိုင်း ဖေ့စ်ဘွတ်ပေါ် ရေးတင်ကြတာချည်းပဲ။ ဒါဟာ ကိုယ့်ရဲ့လက်ရာကို လူတွေ တွေ့မြင်စေတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ဒါပေမယ့် လူတွေက ကဗျာအရေးအဖွဲ့ပညာကို စိတ်မ၀င်စားဘူး၊ ဖတ်ရှုခံစားနားလည်နိုင်အောင် ချပြဖို့ တော်တော်ခဲယဉ်းပါတယ်”။ အဘယ်ကြောင့် နိမိတ်ပုံသုံးရေးဖွဲ့သည်ကို မေးမြန်းသောအခါ သူက “ဒီကဗျာနဲ့ ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော် မထင်ထားခဲ့မိဘူး။ ဒါပေမယ့် အဲ့ဒါမျိုးကို ကျွန်တော် ထပ်လုပ်ဦးမှာပါ” ဟု ဖြေကြားသည်။

တစ်နေ့နံနက် အိပ်ရာနိုးသည်နှင့် အစိုးရဖက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ သူ၏ကဗျာကို ရာဇ၀တ်မှုအဖြစ် အရေးယူကြောင်း သိလိုက်ချိန် မောင်ဆောင်းခသည် တစ်လတာ နေအိမ်မှ ရှောင်ပြေးခဲ့သည်။ နောင်သော် ရဲစခန်းသို့သွား၍ ကိုယ်တိုင် အဖမ်းခံခဲ့သည်။ ဖေ့စ်ဘွတ်ပေါ် အခြားရေးသားသူများ၏ ဖမ်းဆီးခံရမှုအကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ညဥ့်သန်းခေါင်ယံတွင် အိမ်သို့ရောက်လာပြီး မိသားစုဝင်များကို ခြိမ်းခြောက်လေ့ရှိကြောင်း သူကြားဖူးထား၏။ သူ့မိဘများကို ထိုအဖြစ်မျိုး မကြုံတွေ့စေချင်၍ဟု သူက ဆိုသည်။

မောင်ဆောင်းခသည် ပုဒ်မ ၆၆(ဃ)ဖြင့် တရားရင်ဆိုင်နေရစဉ်ကာလအတွင်း အချု့ပ်ထဲ ၆ လ နေထိုင်ခဲ့ရသည်။ မေလ ၂၄ ရက်နေ့တွင် လွတ်မြောက်လာသည်နှင့် အလားတူဥပဒေဖြင့် ဖမ်းဆီးခံရသူများထံ သွားရောက်တွေ့ဆုံသည်။ ကြက်ဖကြီးအမှုစီရင်ရာသို့ သွားရောက်ပြီး ဒေါ်ဆွေဆွေလွန်းနှင့်လည်း သူမအမျိုးသားအမှုအပေါ် ဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့အချင်းချင်း ညီညွတ်သင့်ပြီ၊ ဒီလိုဥပဒေတွေ ပယ်ဖျက်ဖို့ လွှတ်တော်ကို တောင်းဆိုသွားရပါမယ်။ ဘယ်သူက ဘာကြောင့် ဖမ်းဆီးခံနေရမှန်း ဘယ်သူမှ မသိရှိကြဘူး။ ဒါဟာ စည်းအပြင်ဖက်က ဖြစ်နေတယ်။ အင်တာနက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ဦးက စည်းမျဉ်းဆွဲထားသလိုမျိုးပဲ၊ ဒါပေမယ့် ဘယ်သူတွေလဲ၊ ဘာတွေလဲဆိုတာ ကျွန်တော်တို့ကို ပြောပြမယ့်သူ တစ်ဦးမှ မရှိဘူး” ဟု သူက ဆိုသည်။

face-2

ဇူလိုင် ၁၆ ရက် ရန်ကုန်မြို့ ချာ့ခ်ျဘုရားကျောင်းတစ်ခုတွင် ပညာရေးအကြောင်းဟောပြောနေသည့် ကဗျာဆရာ မောင်ဆောင်းခ (ဓာတ်ပုံ – မင်းဇေယျာဦး/ BuzzFeed News)

အွန်လိုင်းပေါ်ကလူများကဲ့သို့ လူတို့သည် အခါအားလျော်စွာ မိမိအားသန်ရာကို ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုနေကြပေမည်။ အမေရိကန်၌ လူတစ်ဦး၏ဖေ့စ်ဘွတ် တင်ပြချက်ကို ကြည့်လျှင် ဒီမိုကရက်များ ပြန်လည်စုစည်းဖို့ စည်းရုံးလှုံ့ဆော်သည်ကို တွေ့ရမည်၊ နောက်တစ်ဦးဆိုလျှင်ကား ထရမ့်ကို ခေတ်သစ်ကယ်တင်ရှင်ကဲ့သို့ အမွှမ်းတင်ထားကြောင်း တွေ့ကြရမည်ဖြစ်၏။

မြန်မာနိုင်ငံတွင်မူ ဘာသာစကာ့းပုံဟန်နှစ်မျိုးတည်းကိုသာ အသုံးပြုရေးသားနေကြောင်း တွေ့ရ၏။ အင်တာနက်သည် မြန်မာနိုင်ငံသို့ အ၀င်နှေးခဲ့သဖြင့် ပြည်တွင်းရှိ ပုံဖော်သူ developer များက မြန်မာစာစနစ်ကို ဇော်ဂျီ အမည်ရှိ ကိုယ်ပိုင်စာလုံးပုံစံ font ကို ဖန်တီးခဲ့ကြသည်။ မည်သူက တီထွင်ခဲ့ကြောင်း တိတိကျကျ သိသူ မရှိ။ ၂၀၀၀ ခုနှစ်များအစောပိုင်းတွင် ပေါ်ထွက်လာခဲ့ပြီး လွတ်လပ်စွာ အသုံးပြုနိုင်ခဲ့သည်။ နှစ်များစွာလွန်သော ကမ္ဘာတစ်ဝှန်းဘာသာစကားများအတွက် စံနှုန်းကို တီထွင်သည့် ယူနီကုတ်ပူးပေါင်းဖော်ဆောင်ရေးအဖွဲ့က ၎င်း၏ မူပိုင် မြန်မာစာစနစ်ကို စင်တင်လိုက်သည်။ သို့သော် ၎င်းအား မြန်မာလူထုများစွာက လက်ခံအသုံးပြုရန် နှောင့်နှေးလျက်ရှိသည်။

“ဒီနိုင်ငံဟာ နှစ်များစွာ ပိတ်ဆို့ခံထားခဲ့ရတယ်။ အစိုးရရော နည်းပညာအသိုင်းအ၀ိုင်းကပါ စံနှုန်းနဲ့ပတ်သက်ပြီး ပူးပေါင်းပါဝင်မှု မရနိုင်ခဲ့ဘူး။ မြန်မာလူထုဆီမှာ နည်းပညာပံ့ပိုးမှု များများစားစား မရှိခဲ့ကြဘူး၊ ဒါကြောင့် သူတို့အတွက် အသုံးတည့်နိုင်တာကိုပဲ တီထွင်လိုက်ကြတာပါပဲ။ ဇော်ဂျီဟာ ပရိုဂရမ်အများအပြားနဲ့ ကိုက်ညီအံဝင်မှု ရှိမနေဘူး။ တကယ်လို့ အင်တာနက်ဆိုက်တစ်ခု တည်ထောင်ပြီး ကမ္ဘာကို ဆက်သွယ်ဝေမျှတဲ့အခါ စနစ်ဟောင်း Mac နဲ့ စနစ်သစ် Window အကြားက မယှဉ်နိုင်တဲ့အချက်တွေလို ဖြစ်သွားတယ်။ စက်ကိရိယာတစ်ဝက်လောက်က ခင်ဗျား ဘာရေးတယ်ဆိုတာကို ဖတ်မရနိုင်ကြဘူးလေ” ဟု Google မှ နိုင်ငံတကာရေးရာအင်ဂျင်နီယာ Craig Cornelius က ရှင်းပြ၏။ မြန်မာလူမျိုးတို့၏အနေအထားနှင့် ကိုက်ညီအောင် ပြုလုပ်ထားသော ၎င်းလူအများကြိုက် စာစနစ်ပုံဟန်မှာ ယခုအခါတွင် ပြဿနာအများအပြား ရှိလာတော့သည်။ ဇော်ဂျီဖောင့်ဖြင့် စကားလုံးတစ်ခုကို စိတ်ကြိုက်ရိုက်နိုင်ပါသော်လည်း ကမ္ဘာသိအောင်ရေးသားရန် ရှိလာပြီး ၀က်ဘ်စာမျက်နှာ သို့မဟုတ် စာတမ်းတစ်ခုခုတွင် ရှာဖွေသောအခါ ၎င်းအား နောက်တစ်ကြိမ် အလွယ်တကူ ရှာဖွေရန် မဖြစ်နိုင်တော့ချေ။

ဇော်ဂျီစာလုံးစနစ်အတွက် ကွန်ပြူတာများစွာ၌ ပေါ်ထွက်လာသည့် ကွက်လပ်တုံးငယ်လေးများကို မြန်မာလူထုက ဟာသ လုပ်လေ့ရှိသည်။ ၎င်းတို့မှာ နိုင်ငံကို စစ်တပ်က ချုပ်ကိုင်ထားစဉ်ကာလအတွင်း စစ်တပ်ဆင်ဆာအဖွဲ့က အသုံးပြုလေ့ရှိသော သေတ္တာခွံငယ်လေးများနှင့် တူနေသောကြောင့်ဖြစ်၏။

အောင်မင်းဟန် (၃၀ နှစ်)သည် သူ၏ဖုန်းအတွင်း ဖောင့်နှစ်မျိုးလုံးကို download ဆွဲယူထားရှိသော်လည်း သူ့အမျိုးသမီး၏ဖုန်းက ယူနီကုတ်နှင့်သာ အသုံးပြု၍ ရနေ၏။ သို့ဖြစ်၍ အွန်လိုင်းပေါ်တွင် ဇနီးဖြစ်သူထံမှ ရှောင်ပုန်းနိုင်သော လျှို့ဝှက်ဘာသာစကားတစ်ခု မိမိထံရှိသည်ဟု သူက နောက်ပြောင်ကျီစယ်တတ်သည်။

“အမျိုးသားများက ဇော်ဂျီဖောင့်ကိုသာသုံး၊ အမျိုးသမီးများက ယူနီကုတ်ကိုသာသုံးလို့ ဥပဒေတစ်ခု ထုတ်သင့်တယ်။ ဒါမှ လူတိုင်းအတွက် အိမ်ထောင်ရေးတည်မြဲနိုင်တယ်။ ဗမာလူမျိုးတွေပြောဆိုတဲ့ ဘာသာစကားပုံဟန်တွေ သိပ်များလွန်းတယ်။ အင်တာနက်မှာလည်း ဒီအတိုင်းပဲ ဖြစ်နေတယ်။ ကျွန်တော်တို့ အမြဲရန်ဖြစ်နေရတာ ဒါကြောင့်ပါပဲ” ဟု သူက ကျီစယ်ပြောဆိုသည်။

သူ့ကျောဖက်တွင်ထိုင်နေသော သူ့ဇနီးက မျက်လုံးထောင့်ကပ်ကြည့်ရင်း “သူက အတော်တုံးသေးတာပဲ။ ဖေ့စ်ဘွတ်ရဲ့ အဓိကအချက်က တစ်ဦးနဲ့တစ်ဦးပြောဆိုမှုကို ပုံစံတူစေဖို့ပါ။ မကြာခင် သူတို့က လူတိုင်းကို ဘာသာစကားပုံဟန်တစ်မျိုးတည်း သုံးဖို့ တွန်းအားပေးလာလိမ့်မယ်။ အဲ့ဒီအချိန်ကျမှ တကယ့်ရန်ပွဲ စတင်မှာ” ဟု ပြောလိုက်လေသတည်း။

face-3

ဖေ့စ်ဘွတ်၏ လူ့အသိုင်းအ၀ိုင်းဆိုင်ရာစံနှုန်းသတ်မှတ်ချက် မြန်မာဘာသာပြန်စာအုပ်များ (ဓာတ်ပုံ – မင်းဇေယျာဦး/ BuzzFeed News)

ပထမဆုံး စမတ်ဖုန်းကို ၀ယ်ယူပြီး ၈ ရက်လွန်သော် သျှားရဝေက ကော်ဖီသောက်ရင်း တွေ့ဆုံရန် သဘောတူခဲ့၏။ သူမသည် ပြီးခဲ့သည့် ရက်သတ္တပတ်က ဓာတ်ပုံပေါင်း ၁၀၀ ခန့် ရိုက်ခဲ့သည်။ အများစုက မြန်မာနိုင်ငံ၏ အကျော်ကြားဆုံး စေတီပုထိုးတစ်ခုသို့ သူငယ်ချင်းများနှင့် သွားရောက်လည်ပတ်စဉ် ရိုက်ထားသည့်ပုံများဖြစ်သည်။ ယခုသော် ရွှေရောင်တ၀င်းဝင်း စေတီထိပ်ဖျားများမှာ သူမ၏ ဖေ့စ်ဘွတ်စာမျက်နှာနောက်ခံ ဖြစ်နေလေပြီ။ ၎င်းအတွက် သူမမှာ များစွာ ချီးမွှမ်းစကားဆိုခံရသည်ဟု ဆို၏။

“ဖေ့စ်ဘွတ်ပေါ်မှာက ကျွန်မ သိထားတာထက်ကို ပိုပြီးထွန့်ထွန့်လူးနေကြတယ်။ ထိုင်းက အမျိုးသားတွေ ကျွန်မကို မိတ်ဆွေအဖြစ် လက်ခံဖို့ တောင်းဆိုခဲ့ကြတယ်။ အစပိုင်းမှာတော့ သူတို့ ဘာကြောင့် တောင်းဆိုမှန်း ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မသူငယ်ချင်းက ရယ်ပြီး ပြောပါတယ်။ ဒါပဲလေ။ အင်တာနက် ရေပန်းစားတာ ဒါကြောင့်ပဲလေတဲ့”။

သူမအား ပြောသည့်စကားအများအပြားရှိကြပြီး မည်သည်ကို ယုံကြည်ရမှန်း မသိဖြစ်လျက်ရှိသည်။ အင်တာနက်ပေါ် ရေးသမျှမှာ အချိန်ကာလအတိုင်းအတာတစ်ခုလွန်လျှင် အကြောင်းအရာသစ်များအတွက် နေရာပေးနိုင်ရန် ဖျက်ခံရမည်ဟု ဆိုသည် (မည်မျှအကြာတွင် ဖျက်လိုက်မည်နည်း၊ အင်တာနက်ပေါ်တွင် နေရာ မည်မျှရှိသနည်း ဟူသည်ကိုမူ မသိကြ)။ နောက်သူငယ်ချင်းတစ်ဦးက သူမအား ပြောပြန်သည်၊ ဖေ့စ်ဘွတ်သည် သူမ၏ဓာတ်ပုံအားလုံးကို ယူရောင်းခြင်း သို့မဟုတ် အခြားရည်ရွယ်ချက်များအတွက် အသုံးချခြင်း ပြုလုပ်တတ်သည် ဟူ၍။ (သို့သော် ဖေ့စ်ဘွတ်က မိမိ၏ဓာတ်ပုံများကို အဘယ်အကြောင်းကြောင်း ယူငင်ရောင်းချမည်နည်း ဟူသည်ကိုမူ မသိကြ)။

Viber နှင့် Facebook အပြင် သူမ အသုံးပြုသည့် အခြား app တစ်ခုမှာ ပြက္ခဒိန် ဖြစ်၏။ ပြည်တွင်းအားလပ်ရက်များကို အလွယ်တကူ သိရှိနိုင်ရန် သုံးခြင်းဖြစ်သည်။ သူမ၏ဖုန်းမှာ စနစ်နှစ်မျိုးစလုံး ရရှိသော်လည်း Google Maps ကိုလည်းကောင်း အီးမေးလ်ကိုလည်းကောင်း မဖွင့်ရသေးချေ။ သူမအကြိုက်နှင့် ဝေးကွာလွန်းနေသည်။ သူမ နှစ်သက်သည်က ဖေ့စ်ဘွတ်မက်ဆေ့များအတွင်း စတစ်ကာများ ကူးယူထည့်သွင်းခြင်း ဖြစ်နေလေသည်။

“ကျွန်မ လုပ်နေတာကတော့ ဒါတွေပါပဲ။ သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောတယ်၊ ဓာတ်ပုံတွေကို သူငယ်ချင်းတွေနဲ့အတူ ဝေမျှကြတယ်။ တစ်ချို့လူတွေရဲ့ရေးသားမှုတွေ၊ တင်တဲ့ ဆောင်းပါးတွေက ကျွန်မကို စိတ်ဆိုးစေပါတယ်။ အဲ့ဒါတွေက အစစ်အမှန် ဟုတ်ဟန်မတူပါဘူး။ ကျောင်းတုန်းက ကျွန်မရဲ့ဓာတ်ပုံဟောင်းတစ်ချို့ကို ရှာတွေ့တယ်၊ သူငယ်ချင်းတစ်ယောက် မတင်ခင်က အဲ့ဒီပုံကို ကျွန်မ မမြင်ဖူးခဲ့ဘူး၊ ဆိုတော့ .. အဲ့ဒါက ကျွန်မကို ပျော်ရွှင်စေပါတယ်။ အရင်နှစ်က ကျွန်မရဲ့ပုံတွေကိုလည်း တွေ့ရသေးတယ်။ အဲ့ဒီမှာ ကျွန်မရဲ့မျက်နှာက ၀ဖောင်းနေသလိုပဲ၊ အဲ့ဒါမျိုးကျတော့ သိပ်မကြိုက်ချင်ဘူး” ဟု သူမက ပြောသည်။

အခြားသူများကိုလည်း အင်တာနက်သုံးရန် အကြံပြုမည်လောဟု မေးမြန်းရာ သူမက ခပ်ဆိုင်းဆိုင်း ဖြေဆိုသည်။

“အင်း … အဲ့ဒါက လူကိုလည်း ဒေါသဖြစ်စေတယ်ဆိုတာ သိထားမယ်ဆိုရင်ပေါ့”။ ၎င်းနောက် ပန်းနုရောင်နောက်ခံအပေါ် ပျံလွှားများ ပျံသန်းနေပုံပါသည့် ဖုန်းအခွံသစ်ကိုလည်း ပြသကာ ၎င်းတို့ ပျံသန်းနေပုံက ဘုရားရှိ ငှက်များကို အမှတ်ရစေကြောင်း သူမက ဆိုသည်။ သူမမိခင်နှင့်အတူ သွားရောက်ခဲ့သည့် ဘုရားဖူးခရီးစဉ်တစ်ခုအကြောင်း ပြောပြလုဆဲဆဲ ဖုန်းထဲမှ စာပို့သံ ၀င်ရောက်လာသည်။

သူမသည် ဖုန်းကို လက်နှစ်ဖက်နှင့်ဆုပ်ကိုင်လျက် သူမဘ၀၏ အရေးကြီးဆုံးအလုပ်တစ်ခုအလား ခပ်သွက်သွက်ပင် စာရိုက်နေပါတော့သည်။

(ဆန်ဖရန်စစ္စကိုအခြေစိုက် BuzzFeed News သတင်းဋ္ဌာနအတွက် ဆိုင်ဘာလုံခြုံရေးသတင်းထောက် Sheera Frenkel ၏ How Facebook Spreads Fake News And Anti-Muslim Views In Myanmar ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)

Comments are closed.