ဒီဇင်ဘာ ၉၊ ၂၀၁၆
M-Media
– ၂၀၁၆ ဧပြီလတွင် အာဏာရရှိလာပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရသည် တရုတ်ကျောထောက်နောက်ခံ အငြင်းပွားဖွယ် မြစ်ဆုံဆည်ရေအားလျှပ်စစ်စီမံကိန်း၏ကံကြမ္မာကို အဆောတလျင် ဆုံးဖြတ်ကိုင်တွယ်လိမ့်မည်ဟု သုတေသီအချို့က ခန့်မှန်းခဲ့ကြသည်။
အဆိုပါ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းမှာ အများပြည်သူတို့၏ကန့်ကွက်ဆန္ဒပြမှု ကြီးမားလာချိန် ဦးသိန်းစိန်အစိုးရက ၂၀၁၁ ခုနှစ်တွင် ရပ်ဆိုင်းစေလိုက်ခြင်းဖြစ်သည်။ မရေရာသည့်အခြေအနေ၌ရှိနေသော ၎င်းမြစ်ဆုံဆည်အရေးနှင့်စပ်လျဉ်းပြီး အဖြေရှာသွားမည်ဟု သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်က အာမခံပြောကြားသည့်အပေါ် ဘေဂျင်းအစိုးရမှ ကြိုဆိုမှု ရှိနိုင်ပေမည်။
နှစ်ဦးနှစ်ဖက်စလုံးက အခက်အခဲကို ဖောက်ထွက်ပြီး အပြန်အလှန်ဆက်စပ်နေသော ဤပြဿနာကို အပေးအယူမျှတစွာ အပြီးသတ်ဖြေရှင်းရန် အခြေအနေအချိန်အခါ မသင့်ပါလျှင် နောက်ထပ်ပြဿနာတစ်ရပ်ဖြင့် ထပ်မံရှုပ်ထွေးသွားနိုင်ပေသည်။ အကြောင်းမှာ ၎င်းသည် ကချင်၊ မြန်မာနှင့် ယဉ်ကျေးမှုဆိုင်ရာ အမှတ်လက္ခဏာများကို ပိုင်းခြားပစ်နိုင်သောကြောင့်ဖြစ်သည်။
သို့သော် အဖြေထွက်ရန် မဖြစ်နိုင်သေး။ နှစ်နိုင်ငံစလုံးကလည်း ရှေ့ဆက်ရမည့်လမ်းကြောင်းအတွက် အတိတ်ကာလကို တွက်ဆ၍ တရုတ်-မြန်မာ နယ်စပ်ပဋိညာဉ်ကို သတိပြုသုံးသပ်ထားရန် လိုအပ်သည်။
မြန်မာနှင့် တရုတ်မှ ယနေ့ခေါင်းဆောင်များသည် သမိုင်းတွင် အလွန်ထင်ရှားအချင်းများခဲ့ရသော ၁၉၅၀ ခုနှစ်များက တရုတ်-မြန်မာ နယ်စပ်သတ်မှတ်မှုသဘောတူညီချက်များကို အမွေခံ၍ အတူတစ်ကွ ရပ်တည်နေကြရသူများ ဖြစ်ကြသည်။
၁၉၆၀ ခုနှစ်က နောက်ဆုံးလက်မှတ်ထိုးခဲ့သည့် စာချုပ်အရ လက်ရှိနှင့်နောင်လာမည့် တရုတ်-မြန်မာနယ်စပ် အနေအထားကို တရုတ်အစိုးရက လေးစားအသိအမှတ်ပြုခဲ့ပြီး၊ ကနဦးက ပိုင်နက်ကြေငြာချက်များဖြစ်သော “McMahon Line” နှင့် “1941 Line” ကို စွန့်လွှတ်ခဲ့သည်။ အပြန်အလှန်အားဖြင့် Hpimaw (片马), Gawlum (古浪) , Kangfang (岗房) ကျေးရွာများ၊ Panhuang (班洪), Panlao (班老) နယ်ခံတိုင်းရင်းဒေသများကို ဘေဂျင်းမှ ပြန်လည်ရရှိခဲ့သည်။
ပဋိညာဉ်အရ တရုတ်ပြည်အဖို့ မတည်ငြိမ်သောပိုင်နက်အပေါ် ကနဦးပိုင်းကြေငြာချက်ကို ရုပ်သိမ်းပေးခဲ့သည်။ အခိုင်အမာဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်လည်ဆောင်ရွက်ခဲ့သည်။ ၎င်းအား အစပိုင်းတွင် ထိုစဉ်က မြန်မာနိုင်ငံရှိ တရုတ်သံရုံး၊ ယူနန်ပြည်နယ်အစိုးရနှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်။ ယခုချိန်ထိတိုင် အမျိုးသားရေးဝါဒီများ၊ သုတေသီများက အခါအားလျော်စွာ ဝေဖန်နေဆဲဖြစ်၏။
မြန်မာနိုင်ငံအတွက်မူ ၈၅ မိုင်ပတ်လည်ပိုင်နက် ပြန်ရရန်တွက် ၁၃၂ စတုရန်းမိုင်နယ်မြေအား တရုတ်ပြည်သို့ လက်လျှော့ပေးခဲ့ရသည်။ ကြီးမားပြင်းထန်သော နားလည်မှုလွဲမှားခြင်းနှင့် ရန်ငြိုးအာဃာတအား ကာကွယ်နိုင်ရန် ပိုင်နက်အစိတ်အပိုင်း အနည်းအကျဉ်းအား စတေးပေးလိုက်ခြင်းက ပိုမိုသင့်လျော်ခဲ့ပေသည်။
ထိုစဉ်က တရုတ်အကြီးအကဲ ချူအင်လိုင်းသည် အဆိုပါ တရုတ်-မြန်မာနယ်စပ်သဘောတူစာချုပ်ကို နိုင်ငံ့ဗျူဟာတစ်စိတ်တစ်ပိုင်းအဖြစ် ပုံစံချရေးဆွဲခဲ့ခြင်းဖြစ်သည်။ ၎င်းက သူ၏ လက်တွေ့ကျ၍ ပြတ်သားသောမူဝါဒအား ဖော်ပြလျက်ရှိသည်။ “အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားလျက်ရှိသော တရုတ်နယ်စပ်အားလုံးအရေးကို တစ်ခါတည်းအပြီးသတ် ဖြေရှင်းနိုင်ရေးအတွက် ကျွန်ုပ်တို့ဖက်မှ အသင်တို့အား အလျှော့ပေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏စီမံချက်များ ပြည့်ဝရေးအတွက် အခက်အခဲများကို ကျော်လွှားနိုင်မည့် မည်သည့်အားထုတ်ချက်ကိုမဆို ဆောင်ရွက်သွားမည်ဖြစ်သည်” ဟု ၎င်းက ၀န်ကြီးချုပ်ဦးဘဆွေအား ပြောကြားခဲ့၏။
သူ၏ အမျှော်အမြင်ကြီးမားသည့် ၎င်းနိုင်ငံရေးမူဝါဒမှာ “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စည်းမျဉ်းငါးရပ်” ၏ စဦးခြေလှမ်းတစ်ရပ်ဖြစ်သည်။ ၎င်းအားဖြင့် နယ်စပ်အရေးဖြေရှင်းမှုကြောင့် မြန်မာနှင့်တရုတ်၏ အပြန်အလှန် ကောင်းကျိုးဖြစ်ထွန်းမှုများ ဖြစ်ထွန်းလာခဲ့သည်။
သို့ဖြစ်ပေရာ တရုတ်ပြည်သည် မြစ်ဆုံဆည်၏ ပကတိအနေအထားအား လေးစားတန်ဖိုးထားအပ်သည်။ သမိုင်းသင်ခန်းစာကိုယူ၍ ဘေဂျင်းအစိုးရအနေဖြင့် NLD အစိုးရမှ မြစ်ဆုံဆည်တည်ဆောက်ရေးကို တွန်းအားပေးခြင်းထက် ယင်းစီမံကိန်းအား တုန့်ဆိုင်းထားရန် မဖြစ်မနေ လက်ခံအသိအမှတ်ပြုရပေမည်။
ဦးစားပေးသုံးသပ်ရမည့်အချက် သုံးရပ်ရှိသည်။
ပထမအချက်မှာ ကချင်ပြည်နယ်ရှိ မြစ်ဆုံဆည်သည် လူကြိုက်နည်းလှသည့်အပြင် ၂၀၁၁ ခုနှစ်ကတည်းက ဗဟိုအစိုးရအား ဆန့်ကျင်စရာကိစ္စတစ်ခု ဖြစ်နေခဲ့သည်။ စီမံကိန်းအား ပြန်လည်အသက်သွင်းမည့် မည်သည့်လုပ်ဆောင်ချက်မဆို မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဘေးသင့်စေလိမ့်မည်။ ထိုမှတဆင့်တက်ကာ ကချင်ပြည်နယ်လူဦးရေပမာဏ လေးပုံတစ်ပုံ ၁.၆ သန်းကျော်အား ကိုယ်စားပြုထားသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်ချုပ်ဆိုထားသည့် ငြိမ်းချမ်းရေးသဘောတူညီချက်မှန်သမျှကိုလည်း ဆိုးကျိုးသက်ရောက်စေနိုင်ပါသည်။
ဒုတိယမှာ – မြစ်ဆုံဆည်သည် မြန်မာတို့၏တိုင်းချစ်ပြည်ချစ်စိတ်နှင့် သဘာ၀၀န်းကျင်ဆိုင်ရာအဖွဲ့အစည်းများအတွက် အဓိက ပစ်မှတ်တစ်ခုအဖြစ် ပါဝင်နေခဲ့ပြီးဖြစ်သည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က ထိုစီမံကိန်းပြန်လည်စတင်စေလိုသည့် တရုတ်၏ဆန္ဒကို လိုက်လျောပါက သူမ၏ကျဆင်းစပြုနေသောပုံရိပ်နှင့်အတူ လူထုထောက်ခံမှုလက်လွှတ်လိုက်ရပြီး နိုင်ငံရေးကျဆုံးခန်းသို့ ဆိုက်ရောက်သွားနိုင်ချေ များပြားနေသည်။
တတိယမှာ – မြစ်ဆုံအရေးနှင့်ပတ်သက်သော မည်သည့်ဆုံးဖြတ်ချက်ပင်ဖြစ်စေ မြန်မာနိုင်ငံအပေါ် အနောက်တိုင်း၏မျက်စေ့ကျမှု စံနှုန်းနှင့်လည်းကောင်း၊ တရုတ်နှင့် ချစ်ကြည်ရင်းနှီးမှု၏ ဥပမာစံထားချက်နှင့်လည်းကောင်း မတိုင်းတာမရှုမြင်သင့်ပေ။ ဆည်တည်ဆောက်မှုနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အဖြစ်သာ အမြင်ထားရှိအပ်ပေသည်။ ဤပြဿနာအတွင်း ဘက်မလိုက်သော လုပ်ဆောင်ချက်၌ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံစလုံးအတွက် တိုင်းပြည်ကောင်းကျိုးများ တည်ရှိနေပါသည်။
အငြင်းပွားဖွယ်မြစ်ဆုံဆည်နှင့်ပတ်သက်၍ နောက်ဆုံးသဘောတူညီချက်သည် နှစ်ဖက်စလုံး၏ စောင့်ထိန်းနားလည်လိုက်လျောမှုများမှ အဖြေထုတ်ယူရပေမည်။ မြန်မာနိုင်ငံအနေနှင့် လိပ်ခဲတည်းလည်းအခြေအနေအား ကျော်လွန်စေရန်အတွက် အပြန်အလှန်လေးစားလိုက်နာအပ်သော အပေးအယူကို ရရှိဖို့ လိုအပ်နေသည့်အပြင် တရုတ်-မြန်မာဆက်ဆံရေး ကောင်းမွန်ရန်ကိုလည်း ရှေ့ရှုဦးတည်ရဦးမည်ဖြစ်၏။
(တရုတ်နိုင်ငံအခြေစိုက် အလွတ်တန်းသုတေသီ Liu Yun ၏ Moving beyond the Myitsone dam dilemma နိုင်ငံရေးအမြင်ဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။)
Comments