6 years ago
ရိုဟင်ဂျာ ၇ ဦးကို အိန္ဒိယနိုင်ငံက မြန်မာကို ပထမဆုံးအကြိမ် ပြန်ပို့
7 years ago
ဓာတ်ပြားအဆိုတော် တေးသံရှင် ဒေါ်မာမာဝေ အသက်(၉၃) နှစ် ကွယ်လွန်
7 years ago
ဒုက္ခသည်စခန်းမှ လုပ်အားပေးဆရာမတစ်ဦး ရခိုင်မှ ရန်ကုန်သို့လာစဉ် လဝကဥပဒေဖြင့် အဖမ်းခံရပြီး ထောင်တစ်နှစ်ကျ
7 years ago
ဦးဇော်ဌေး (ခ) မှူးဇော်အား ဌာနပြောင်းရွှေ့တာဝန်ပေး
7 years ago
NVC ကဒ် လက်ခံရန် ဖိအားပေးခံရမှုကို ငြင်းဆိုသော ကမန်တိုင်းရင်းသားများ စီးပွားရေးပိတ်ဆို့ခံနေရ
7 years ago
ASEAN ထိပ်သီးများ ရိုဟင်ဂျာအရေး ဆွေးနွေး
7 years ago
Drone မှုနဲ့ဖမ်းခံရသူ သတင်းထောက်တွေ မိသားစုနဲ့တွေ့ခွင့်မရသေး
7 years ago
မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူညီချက် (၁၀)ချက် လက်မှတ်ရေးထိုး
7 years ago
AA ဒုဗိုလ်မှူးကြီး အပါအ၀င် ၉ ဦးကို ငွေကြေးခ၀ါချမှုနဲ့ အမှုဖွင့်စစ်ဆေး
7 years ago
ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

ဒီဇင်ဘာ ၁၅၊ ၂၀၁၆
M-Media

ရခိုင်ပြည်နယ် မောင်တောတွင် တာဝန်ထမ်းဆောင်သည့် တပ်မတော်သားတစ်ဦး

– အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများက မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း ဖြစ်ပွားခဲ့သည်များနှင့် လုံးဝ ကွဲပြားခြားနားနေသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပြလုပ်ခဲ့သည့် လက်နက်ကိုင်အုပ်စုမှ အဖွဲ့ဝင်များနှင့် International Crisis Group အဖွဲ့၏ တွေ့ဆုံမေးမြန်းမှု၊ အခြားသောရင်းမြစ်များက မြန်မာနိုင်ငံအနောက်ပိုင်းမှ အခြေအနေနှင့်ပတ်သက်၍ အရေးပါသော အသေးစိတ်ချက်အလက်များ ပေါ်ထွက်လာခဲ့သည်။

ထိုလက်နက်ကိုင်အဖွဲ့က ၎င်းတို့ကိုယ်ကို ‘ဟာရာကာ အလ်-ယကင်’ (Harakah al-Yaqin) ဟု ရည်ညွှန်းပြီး အာရဘီဘာသာစကားအရ ‘ယုံကြက်ချက် လှုပ်ရှားမှု’ ဟု အဓိပ္ပါယ်ရသည်။ အဆိုပါ အဖွဲ့ကို လူပေါင်း ၂၀၀ ခန့် သေဆုံးပြီး ၁၂၀၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် ၂၀၁၂ ခုနှစ်က (ရခိုင်ပြည်နယ်မှ) ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများနှင့် အိုးအိမ်စွန်ခွာထွက်ပြေးရသူ အများစုမှာ မွတ်စလင်များဖြစ်သည်။ ထိုမွတ်စလင်အများစုမှာ လွတ်လပ်စွာ လှုပ်ရှားသွားလာမှုကို တင်းကျပ်စွာ ကန့်သတ်ချုပ်ချယ်ခံထားရပြီး အစိုးရ၏ ၀န်ဆောင်မှုများ ရယူခွင့်၊ အစိုးရအလုပ်များတွင် တာဝန်ထမ်းဆောင်ခွင့်တို့ကိုလည်း ကန့်သတ်ခံထားရသည်။

ယခု လက်နက်ကိုင်အဖွဲ့ကို ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင် ရွှေ့ပြောင်းနေထိုင်ကြသည့် ရိုဟင်ဂျာများ ဖွဲ့စည်းထားသော ကော်မတီက ကြီးကြပ်သည်။ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ထိုအဖွဲ့၏ လုပ်ငန်းများတွင် မျက်နှာပြသူက အတ္တာ အွလ္လာဖြစ်ပြီး (အခြားအမည်များစွာ ရှိနေသည်) အဖွဲ့မှထုတ်ပြန်သည့် ဗီဒီယိုများတွင် အဓိက စကားပြောဆိုသူလည်းဖြစ်သည်။ အတ္တာ အွလ္လာဟ်မှာ ပါကစ္စတန်နိုင်ငံ ကရာချီမြို့တွင် ရိုဟင်ဂျာဖခင်တစ်ဦးမှ မွေးဖွားခဲ့သူဖြစ်ပြီး မက္ကာမြို့တွင် ကြီးပြင်းခဲ့သည်။ ၎င်းမှာ ခေတ်သစ်ပျောက်ကြားစစ်တွင် နိုင်ငံတကာ အတွေ့အကြုံ ကြွယ်ဝသော ရိုဟင်ဂျာအယောက် ၂၀ ပါဝင်သည့် အဖွဲ့မှ တစ်ဦးဖြစ်ပြီး ရခိုင်မြောက်ပိုင်း မြေပြင်လှုပ်ရှားမှုများကို ဦးဆောင်နေသည်။ ဆော်ဒီတွင် မွဖ်သီဘွဲ့ရခဲ့ပြီး အစ္စလာမ် ဘာသာရေးပညာရှင်တစ်ဦးဖြစ်သူ ဇီယာဘူရ် ရဟ်မန်ဆိုသူလည်း ၎င်းတို့အဖွဲ့တွင် ပါဝင်ပြီး ဖသ်ဝါဓမ္မသတ်များ ထုတ်ပြန်ရေးတွင် တာဝန်ယူထားသည်။

ဘာသာရေးအရ တရားဝင်မှု ခိုင်လုံစေရန်အတွက် အလ်-ယကင်အဖွဲ့မှာ ဆော်ဒီ၊ ယူအေအီး၊ ပါကစ္စတန်နှင့် အခြားသောနိုင်ငံများရှိ အကြီးတန်း အစ္စလာမ့်ဓမ္မပညာရှင်များထံမှ ဖသ်ဝါဓမ္မသတ်များ ရယူထားပြီး ၎င်းတို့၏ တည်ရှိမှုကို အစ္စလာမ်ဥပဒေတွင် ဘောင်ဝင်အောင် ကျားကန်ထားသည်။ ထိုသို့ ဆောင်ရွက်မှုများက ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာများအကြား သိသိသာသာ ထောက်ခံမှုကို ရရှိစေခဲ့သည်။ အနည်းဆုံး လွန်ခဲ့သည့် ၂ နှစ်လုံးလုံး ထိုအဖွဲ့မှာ ရာနှင့်ချီသော ဒေသခံများကို လူစုခဲ့ပြီး ပျောက်ကြားစစ်တိုက်ခိုက်ရေးနှင့် ဖောက်ခွဲရေးသင်တန်းများကို သင်ပေးခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင် ဒုက္ခသည်အဖြစ် ခိုလှုံနေရသည့် ရိုဟင်ဂျာများကလည်း ပြီးခဲ့သည့် သီတင်းပတ်များတွင် ထိုအဖွဲ့နှင့်ပူးပေါင်းရန် ရခိုင်ပြည်နယ်သို့ လာရောက်ခဲ့ကြသည်။ လက်ရှိ အစိုးရက လုံခြုံရေးဆိုင်ရာ ပြင်းပြင်းထန်ထန်တုန့်ပြန်မှုက အလ်-ယကင်အဖွဲ့အား ချေမှုန်းနိုင်မည့် အလားအလာမရှိ။ လူထုကြားတွင် မျှော်လင့်ချင်ပျက်သုဉ်းမှုများ၊ အာဃာတများ ပိုမိုကြီးထွားလာကာ အကြမ်းဖက်တိုက်ခိုက်မှုသာ ထပ်ဖြစ်လာနိုင်သည်။

စုစည်းမှုအားကောင်းပြီး ဘဏ္ဍာရေးလည်း တောင့်တင်းပုံရသည့် အဆိုပါ အလ်-ယကင်အဖွဲ့ ပေါ်ပေါက်လာမှုက ရခိုင်ပြည်နယ်၏ ရှုပ်ထွေးသော စိန်ခေါ်မှုများကို ဖြေရှင်းရေး အစိုးရ၏ ကြိုးပမ်းမှုများတွင် လားရာအပြောင်းအလဲ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၁၀ စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ငယ်တစ်ချို့ ပေါ်ပေါက်ခဲ့သော်လည်း အများစုက ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်တော့ ရိုဟင်ဂျာလူ့အဖွဲ့အစည်းက မည်သည့်အချိန်ကမှ အစွန်းရောက် လူ့အဖွဲ့အစည်းမဟုတ်ခဲ့။ အများစုက အကြမ်းဖက်မှုကို ရှောင်ပြီး၊ အကြမ်းဖက်မှုမှာ ၎င်းတို့၏ဘ၀ တိုးတက်ရေးနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်သည်ဟု ရှုမြင်ကြသည်။ သို့သော်လည်း ဆင်းရဲနိမ့်ကျမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် အသက်ရှင်သန်ရန်ပင် ရုန်းကန်နေရပြီး ၎င်းတို့၏ အနာဂတ်အတွက် မျှော်လင့်ချက်ဆိုသည်မှာ မရှိသလောက် ဖြစ်နေသည်။ ပြိးခဲ့သည့်နှစ်အတွင်း ထိုကဲ့သို့ စိတ်ပျက်အားငယ်မှုများက တိုးပွားလာခဲ့သည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ပြည်သူများ အကြမ်းဖက်မှုဒဏ်ကို ပိုမို ခံစားလာရခြင်း၏ အကြောင်းအရင်က ရှောင်လွှဲ၍ မရသော ကိစ္စမျိုးဆိုသည်ထက် နှစ်ပေါင်းများစွာ မူဝါဒများ အလွန်အကျွံမှားယွင်းမှုကို ရောင်ပြန်ဟပ်နေခြင်းဖြစ်သည်။

အရေးပါသည့်အချက်တစ်ခုက အလ်-ယကင်အဖွဲ့မှာ နိုင်ငံရပ်ခြား ဂျီဟတ်အဖွဲ့များ၏ လေ့ကျင့်မှု ရရှိခဲ့သည့် လက္ခဏာ အချို့၊ ထိုအဖွဲ့များနှင့် ဆက်နွယ်မှုအချို့ ရှိနေသော်လည်း အဖွဲ့၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်မှုက အကြမ်းဖက်ခြင်း သို့မဟုတ် နိုင်ငံရပ်ခြား ဂျီဟတ်ဝါဒီများကဲ့သို့ ရပ်တည်ခြင်းမျိုးမဟုတ်ဘဲ အစိုးရ လုံခြုံရေးတပ်ဖွဲ့များကို ဆန့်ကျင် သုပုန်ထမှုမျိုး ဖြစ်သည်။ ၎င်းတို့အဖွဲ့က အရပ်သားပစ်မှတ်များနှင့် ဘာသာရေးပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းမရှိ။ မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာများ နိုင်ငံသားအခွင့်အရေး ရရှိရန်အတွက် ရည်ရွယ်သည်ဟု ၎င်းတို့က ဆိုသည်။ သို့သော်လည်း ၎င်းတို့၏ ထို ကြမ်းတမ်းသော ချဉ်းကပ်မှုက အခြေအနေကို အလွန်အမင်း နောက်ပြန်ရောက်သွားစေသည်။

၎င်းတို့၏ နည်းလမ်းများကလည်း မှန်းရခက်သည်။ အောက်တိုဘာ ၉ ရက်နေ့က လက်နက်ကိရိယာများ သိုလှောင်ရာ လုံခြုံရေးဌာနချုပ်တစ်ခုအား အတင့်ရဲသော တိုက်ခိုက်မှုအပါအ၀င် နယ်ခြားစောင့်ရဲစခန်း ၃ ခုကို အာရုံတက် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဌာနချုပ်ကို တိုက်ခိုက်မှုက ရှုပ်ထွေးသည်။ လက်လုပ်ဖောက်ခွဲရေး ပစ္စည်းများ ထောင်ထားခြင်းအပါအ၀င် လူရာပေါင်းများစွာက ၀င်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကူလာရောက်မှု နှောင့်နှေးစေရန် လမ်းတွင် ခြုံခိုက်တိုက်ခိုက်ခြင်းနှင့် လက်နက်များ လုယက်ခြင်းတို့ ပါဝင်သည်။ နိုဝင်ဘာ ၁၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် နောက်ထပ် တိုက်ခိုက်မှုတစ်ခုတွင် စစ်တပ်မှ အကြီးအတန်းအရာရှိ ၁၂ ဦး ကျဆုံးခဲ့သည်။ အဆိုပါ အဖြစ်အပျက်များက နောက်ပိုင်းတွင် တိုက်ခိုက်မှုများ ထပ်မံ ပြုလုပ်လာဖွယ် ရှိနေသည့် လေ့ကျင့်သားပြည့်ဝသော လက်နက်ကိုင်အဖွဲ့တစ်ခု၏ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကို ပြသနေသည်။

စစ်တပ်ကတော့ အလုခံလိုက်ရသည့်လက်နက်များ ပြန်ရရေးနှင့် တိုက်ခိုက်မှုတွင် ပါဝင်သူများကို ဖမ်းဆီးရေးအတွက် စစ်ဆင်ရေးကြီးတစ်ခု ပြုလုပ်ခဲ့သည်။ ဂုဏ်သိက္ခာကို စော်ကားခံရသည်၊ ထိခိုက်မှုများပြားခဲ့သည်ဆိုသည့် ခံစားချက်များကြောင့် စစ်တပ်၏ အင်အားအသုံးပြုမှုက မလျော်ကန်ခဲ့ဘဲ အရပ်သားလား၊ တိုက်ခိုက်ရေးသမားလားဆိုသည်ကိုလည်း ခွဲခြားနိုင်ခြင်း မရှိခဲ့။ အိမ်ခြေပေါင်း အနည်းဆုံး ၁၅၀၀ ခန့်မှာ မီးရှို့ခံခဲ့ရပြီး ဂြိုဟ်တုမှ လေ့လာဆန်းစစ်ချက်အရ အားလုံးနီးပါးမှာ စစ်တပ်က ရှို့ခြင်းဖြစ်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch က ဒီဇင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။ လူပေါင်း ၃၀၀၀၀ မှာ ဒေသတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ၂၇၀၀၀ က ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေရသည်။ စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်နေသည့် ဒေသကို လုံးဝ ပိတ်ထားသောကြာင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါးဖြစ်နေသည်ဆိုသော စွပ်စွဲချက် တော်တော်များများကို အတည်ပြုနိုင်ရန် ခက်ခဲနေသည်။ သို့သော်လည်း ဘင်္ဂလားဒေ့ရှ်သို့ လူအများအပြား ရောက်လာမှုက အခြေအနေကို ကွဲကွဲပြားပြား မြင်လာရမည့် အနေအထား ရှိနေသည်။

ထိုအခြေအနေနှင့်ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှု မရှိသလောက်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်မှာ ထိုဒေသသို့ သွားရောက်ခြင်းမရှိသလို၊ စစ်တပ်၏ စစ်ဆင်ရေးအတွက် ဝေဖန်မှုလည်း မပြုခဲ့။ သူမထိန်းချုပ်မှုအောက်တွင်ရှိသည့် နိုင်ငံပိုင်မီဒီယာကတော့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဗြောင်ငြင်းထားပြီး ထိုဆောင်ရွက်ချက်က မြေပြင်မှတပ်များ အရေးယူခံရမှု လွတ်ကင်းနေခြင်းကို အားပေးအားမြှောက်ပြုရာ ရောက်မည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။ မလေးရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့အပါအ၀င် မွတ်စလင်ကမ္ဘာတွင်လည်း တင်းမာမှုများက မြင့်တက်လာခဲ့သည်။

ထပ်မံ၍ အင်အားအလွန်အကျွံအသုံးပြုမှုကဲ့သို့ အစိုးရက အခြေအနေကို အကိုင်အတွယ်မတတ်ပါက ထိုဒေသရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား အလ်-ယကင်အဖွဲ့ကို ထောက်ခံလာရန်အတွက် ပိုမို တွန်းအားပေးသလိုဖြစ်ကာ ထိုလက်နက်ကိုင်အဖွဲ့၏ အကြမ်းဖက်မှု သံသရာကို ရှည်လျားသွားစေနိုင်သည်။ ထို့ပြင် တစ်ခြားနိုင်ငံများမှ အကြမ်းဖက်အဖွဲ့များက ၎င်းတို့၏ အယူအဆကို မြန်မာနိုင်ငံတွင် သွတ်သွင်းရန်အတွက် အမြတ်ထုတ်နိုင်သည့် အစွန်းရောက်သော ခြေအနေမျိုးလည်း ဖြစ်ကောင်းဖြစ်လာနိုင်သည်။ အကြမ်းဖက်တိုက်ခိုက်မှုက မြန်မာနိုင်ငံအတွင်းရှိ ဘာသာရေး တင်းမာမှုများကို မီးထိုးပေးသကဲ့သို့ဖြစ်ကာ နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်လာနိုင်သည့် အလားအလာလည်း ရှိနေသည်။

လုံခြုံရေးအရ တုန့်ပြန်မှုကို လျှော့ချကာ အလွန်အမင်း စိုးရိမ်သောက ရောက်နေကြသော ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် အထိအခိုက်မခံသည့် ရိုဟင်ဂျာများအတွက် မျှော်လင့်ချက်ပေးနိုင်သည့် ပါးနပ်သော နိုင်ငံရေး မဟာဗျူနှင့် ပေါင်းစပ်ဆောင်ရွက်ခြင်း၊ ဒေသတွင်းနိုင်ငံများနှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကာ ထောက်လှမ်းရေး သတင်းအချက်အလက်များ မျှဝေခြင်းတို့ကို အဓိကထား ဆောင်ရွက်မှသာလျှင် ထိုကဲ့သို့ အန္တရာယ်ရှိသည့် ရလဒ်များကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ထိုကဲ့သို့ ဆောင်ရွက်ရန်အတွက် နိုင်ငံရေးဆိုင်ရာ အနေအထားမှာ ကျဉ်းမြောင်နေပြီဖြစ်ပြီး အခြေအနေဆိုးရွာနေမှုကို တားဆီးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ထံမှ ခိုင်မာပြီး၊ သြဇာရှိသော ခေါင်းဆောင်မှုကို လိုအပ်နေပြီ ဖြစ်လေသည်။

Ref: Time

(Time တွင် ဖော်ပြထားသော The World’s Newest Muslim Insurgency Is Being Waged in Burma ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

Comments are closed.