ဒီဇင်ဘာ ၁၉၊ ၂၀၁၆
M-Media
– ဖွဲ့စည်းပုံဥပဒေအရ အရေးပေါ်အခြေအနေကို ကိုင်တွယ်စီမံနိုင်ခွင့်ရှိသည့် စစ်တပ်အသိုင်းအ၀ိုင်းကြီးနှင့် တွေ့ဆုံစည်းဝေးနိုင်ရန် အာဏာရပါတီဟောင်းနှင့် မိတ်ဖက်ပါတီ ၁၂ ခုမှ ကြိုးပမ်းနေမှုမှာ အငြင်းပွားစရာ ဖြစ်လျက်ရှိသည်။
ပြီးခဲ့သည့် သီတင်းပတ်က ၎င်းအငြင်းပွားဖွယ်ရာဖြစ်စဉ်တစ်ခု ပေါ်ပေါက်လာခြင်းမှာ အလားအလာမကောင်းလှ။ အာဏာရပါတီဟောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် အခြား ပါတီ ၁၂ ခုမှ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အကျဉ်းအကြပ်များကို ဆွေးနွေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ – NDSC နှင့် တွေ့ဆုံ၍ အစည်းအဝေးတစ်ရပ်ကျင်းပနိုင်ရန် တောင်းဆိုခဲ့ကြသည်။
နိုဝင်ဘာ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော အဆိုပါတောင်းဆိုချက်တွင် အကျဉ်းအကြပ်ပြဿနာများက အချုပ်အခြာအာဏာကို ထိပါးလာနေပြီဖြစ်သဖြင့် NDSC ကို လိုအပ်နေပြီဟု ဆိုထားသည်။
အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းသူပြည်သားအများစုက၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို မနှစ်မြို့ကြ။ ယင်းဖွဲ့စည်းပုံမှာ စစ်တပ်အား လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်းအထိ နေရာပေးထားခြင်းနှင့် အဖွဲ့ဝင် ၁၁ ဦးပါဝင်သည့် NDSC ၌ အဓိကနေရာယူထားစေခြင်းတို့ကြောင့်ဖြစ်သည်။
ဖွဲ့စည်းအုပ်ချု့ပ်ပုံအခြေခံဥပဒေ၏ပုဒ်မ ၄၁၇ အရ တိုင်းပြည်ပြိုကွဲနိုင်သည့်အရေးကို ရင်ဆိုင်ကြုံတွေ့ရလျှင် သို့တည်းမဟုတ် အကြမ်းဖက်မှုကြောင့် အချုပ်အခြာအာဏာထိပါးသည့် အန္တရာယ်ရှိလာလျှင် နိုင်ငံတော်သမ္မတသည် NDSC အား ဆင့်ဆိုခေါ်ယူ၍ နိုင်ငံတော်၏အရေးပေါ်အခြေအနေအတွက် တာဝန်ပေးအပ်နိုင်ကြောင်း ဖော်ပြထားသည်။ NDSC တွင် ထိပ်တန်းစစ်တပ်အရာရှိ ငါးဦး၊ သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားသော ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အရပ်သားပြည်သူ ခြောက်ဦးကို ထည့်သွင်းဖွဲ့စည်းထား၏။
အရပ်သားအစုအဖွဲ့အတွင်း ဒုတိယသမ္မတများလည်း ပါဝင်သော်လည်း ဒုသမ္မတတစ်ဦးမှာ စစ်တပ်မှ တင်သွင်းထောက်ခံသူဖြစ်နေရသည်။ ၎င်းက လက်နက်ကိုင်အင်အားစုများကို ထိပ်တန်းတင်ထားရာရောက်နေပါသည်။ နိုင်ငံတော်၏အရေးပေါ်ကာလအတွင်း NDSC အား တရားဝင် လုပ်ပိုင်ခွင့်ရ အာဏာပိုင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
ပါတီ ၁၃ ခုက NDSC အစည်းအဝေးခေါ်ယူရန်အတွက် အဘယ်ကြောင့် ထုတ်ပြန်ကြေငြာရပါသနည်း ? NLD အစိုးရမှ ပြဿနာများကို မကျော်လွှားနိုင်တော့ဟု အဆိုပါထုတ်ပြန်ချက်တွင် ပါဝင်နေပါသလော ? တပ်မတော်က နိုင်ငံရေးစင်မြင့်ပေါ် တဖန် ဦးလှည့်ြ့ပန်တက်လာမည်ဟု ဆိုလိုခြင်းလော ? ဤသည်မှာ ယခုရက်သတ္တပတ်အတွက် အဓိကဆွေးနွေးလိုသည့် မေးခွန်းများဖြစ်ပါသည်။
ရခိုင်ပြည်နယ်ရှိ လုံခြုံရေးအခြေအနေနှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်း တိုက်ပွဲများကြောင့် တိုင်းပြည်သည် အကြပ်အတည်းဆိုက်ရောက်နေရသဖြင့် NDSC အစည်းအဝေးပြုလုပ်ရန် လိုအပ်နေပြီဟု ၁၃ ပါတီက ဆို၏။ ရခိုင်ပြည်နယ်အခြေအနေကြောင့် နိုင်ငံ၏ ပိုင်နက်နယ်မြေဆိုင်ရာအနေအထား၌ အန္တရာယ်ရှိနေကြောင်း အဆိုပါ ထုတ်ပြန်ချက်က ဆိုထားသည်။ ကချင်လွတ်မြောက်ရေးတပ်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ပေါင်းစု၊ ရခိုင်တပ်မတော်တို့နှင့် မြန်မာတပ်မတော်အကြား ဖြစ်ပွားသော ရှမ်းပြည်တိုက်ပွဲမှာ သေကြေပျက်စီးခြင်း များစွာ ဖြစ်ပေါ်စေပြီး၊ တရုတ်ပြည်နှင့်ကုန်သွယ်ရေးကဏ္ဍကို အဟန့်အတားဖြစ် ပြိုကွဲစေသည်။
အောက်တိုဘာလဆန်းပိုင်းတွင် မွတ်စ်လင်မ်စစ်သွေးကြွများက နယ်စပ်တပ်ဖွဲ့နှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ အရာရှိကိုးဦးသေဆုံးပြီး ခဲယမ်းမီးကျောက်နှင့် လက်နက်များကို ရယူသွားကြသည်။ ၎င်းနောက် ရခိုင်ပြည်နယ်မြောက်ပိုင်း လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး စတင်လာခဲ့သည်။ သို့သော် တိုက်ခိုက်သူများမှာ ဓားရှည်၊ တုတ်ချောင်းများသာ စွဲကိုင်ထားကြပြီး ခေတ်မီလက်နက်များ တပ်ဆင်ထားသည်ကို မတွေ့ရချေ။
ရခိုင်ပြည်နယ် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုအခြေအနေနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်၏တုန့်ပြန်မှုမှာ ချီးကျူးစရာ ကောင်းသည်။ ၎င်းက မြန်မာ့ပြည်တွင်းရေးကို ၀င်လျှိုစွက်ဖက်ခြင်း မပြုဘဲ အိမ်နီးချင်းကောင်း၏ကျင့်ဝတ်အရ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်သွေးကြွများကို (ဖမ်းဆီး၍) လက်လွှဲအပ်နှံသည့်အပြင် မိမိပိုင်နက်အား မြန်မာနိုင်ငံကိုတိုက်ခိုက်သည့် အခြေစိုက်စခန်းအဖြစ် အလျဉ်းခွင့်ပြုလိမ့်မည်မဟုတ်ကြောင်း အခိုင်အမာ ကတိပြုပြောကြားခဲ့သည်။
ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ KIA နှင့် ၎င်း၏ မြောက်ပိုင်းသွေးချင်းမဟာမိတ်များက မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်များအတွင်း မိမိတို့၏တိုက်ခိုက်မှုများမှာ တပ်မတော်ဖက်မှ လက်ရှိဖိအားပေးနေမှုအပေါ် လူအများသိရှိလာအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။ တပ်မတော်ဖက်မှ အကျအဆုံးအထိအခိုက် များပြားနေလင့်ကစား မြောက်ပိုင်းသွေးချင်းညီနောင်များအဖွဲ့တို့မှ မြို့ သို့မဟုတ် ရွာများကို သိမ်းပိုက်ခြင်းမျိုး မတွေ့ရပါ။
တိုက်ခိုက်မှုများ၏ အဓိကဦးတည်ချက်သည် နယ်စပ်ကုန်သွယ်ရေးနှင့် လူထု၏ရွှေ့ပြောင်းမှုတို့ကို ဟန့်တားထိခိုက်စေရန်ဖြစ်သည်။ တပ်မတော်အဖို့ အဆိုပါ ဘေးသင့်ဒေသများတွင် တရားဥပဒေစိုးမိုးရေးကို ပြန်လည်တာဝန်ယူသွားနိုင်ရန်သာ လိုအပ်ပေသည်။ မြန်မာနိုင်ငံသည် အန္တရာယ်တွင်းနက်ထဲသို့ ကျရောက်နေခြင်း မရှိ၊ ချောက်ကမ်းပါးစွန်း၌လည်း တွဲလွဲခိုနေခြင်းလည်း မရှိပေ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် အခါအားလျော်စွာ လိုအပ်သလို တွေ့ဆုံဆွေးနွေးနေလေ့ရှိပါသည်။ ကက်ဘိနက်အစည်းအဝေးတွင်လည်း စစ်တပ်အရာရှိများနှင့် NDSC အဖွဲ့ဝင်များဖြစ်နေကြသည့် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးများအား ခေါ်ယူတိုင်ပင်လျက်သာဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)အရ မြန်မာနိုင်ငံသည် အေးချမ်းတည်ငြိမ်မှု ပျက်ပြားလာလျှင် သမ္မတသည် NDSC နှင့်ပူးပေါင်းလက်တွဲကာ စစ်အာဏာသိမ်းစေနိုင်သော အခွင့်အရေးရှိသည်။
NDSC အား အစည်းအဝေးခေါ်ယူရန်မှာ သမ္မတ၏လုပ်ပိုင်ခွင့်ဘောင်အတွင်း၌သာ ရှိသည်။ မည်သို့ဆိုစေ လက်ရှိအခြေအနေအရ ယင်းသို့ပြုရန် မလိုအပ်ပါ။ မြန်မာနိုင်ငံသည် နယ်ချဲ့ကျူးကျော်ခံနေရခြင်း မဟုတ်၊ NDSC အဖွဲ့ဝင်များဖြစ်သည့် အစိုးရ၀န်ကြီးများသာမက တပ်မတော်အကြီးအကဲများမှာလည်း နိုင်ငံတော်အနေအထားကို အနီးကပ်စောင့်ကြည့်ဆွေးနွေးလျက်ရှိနေကြ၏။
USDP ပါတီမှာ စစ်အာဏာရှင်များ၏ ဖန်တီးထုတ်လုပ်မှုတစ်ရပ်ဖြစ်သည်။ ၎င်းကို စစ်ဗိုလ်ချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားသည်၊ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တီထွင်၍ သမ္မတဟောင်းဦးသိန်းစိန်က ဦးဆောင်ခဲ့သည်။ စစ်တပ်အကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့ခြေဥအရ ၂၀၁၁ ခုနှစ်တွင် USDP အာဏာရခဲ့သည်။
၂၀၁၅ ခုနှစ်တွင် NLD ၏ သောင်ပြိုကမ်းပြို အနိုင်ရရှိမှုက အဆိုပါထုတ်ပြန်ချက်၌ လက်မှတ်ထိုးထားကြသည့် USDP နှင့်တစ်ကွ အခြားပါတီ ၁၂ ခုအတွက် အရှက်တကွဲရှုံးနိမ့်မှု ဖြစ်စေခဲ့သည်။ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ ဘေးကြပ်နံကြပ်အခြေအနေများအပေါ် NLD အစိုးရ၏ ကိုင်တွယ်မှုအား ဝေဖန်ခံရယုံမျှနှင့် USDP ဦးဆောင်အုပ်စုက ဂငယ်ကွေ့စစ်အစိုးရတစ်ရပ်ကို မျှော်လင့်နေပြီလော၊ သူတို့သည် သမိုင်းကို နောက်ကြောင်းပြန်၍ မြန်မာနိုင်ငံအား အာဏာရှင်လက်အောက်သို့ ပြန်လည်တွန်းပို့ချင်ကြပြီလော ….
(Ref : FRONTIER MYANMAR, Do they want a return to military dictatorship?)
(Original Writer : SITHU AUNG MYINT)
(Translated by MYINTMO MAUNG MAUNG)
Comments