ဒီဇင်ဘာ ၂၀၊ ၂၀၁၆
M-Media
– ပြီးခဲ့သည့်တစ်ပတ်က တောင်တရုတ်ပင်လယ်အတွင်း ဖမ်းဆီးခဲ့သည့် အမေရိကန် ရေအောက်ဒရုန်းတစ်စင်းကို တရုတ်က ပြန်လည်ပေးအပ်လိုက်သည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အမေရိကန် ရေတပ်ပိုင်ဖြစ်ပြီး ‘ရေတပ် ဂလိုက်ဒါ’ ဟု အမည်ပေးထားသည့် အဆိုပါ ရေအောက်ဒရုန်းကို ဆူဘစ်ပယ်လယ်အော်ရှိ နိုင်ငံတကာရေပိုင်နက်တွင် အမေရိကန်သမုဒ္ဒရာဗေဒသင်္ဘောက စေလွှတ်ထားစဉ် တရုတ်က သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
အမေရိကန်ကမူ အဆိုပါဒရုန်းကို ရေအောက်လမ်းကြောင်းများ သတ်မှတ်ရာတွင် အကူအညီဖြစ်စေရန်အတွက် ရေ၏ ဆားပါဝင်မှုနှင့် အပူချိန်တို့ကို တိုင်းတာရန် အသုံးပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး တရုတ်၏ ထိုသိမ်းဆည်းမှုကိုလည်း ကန့်ကွက်ရှုတ်ချခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါဒရုန်းကို ပြန်ပေးခဲ့ကြောင်း ၎င်း၏ ၀ဘ်ဆိုက်တွင် ယနေ့မနက်ပိုင်းက လွှင့်တင်ခဲ့ပြီး၊ နှစ်ဖက် ရင်းနှီးဖော်ရွေစွာ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း လက်လွှဲမှုမှာ ချော့မွေ့စွာ ပြီးဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည့် ကြငြာချက်တွင် သတင်းထုတ်ပြန်ရေးတာဝန်ရှိသူ ပီတာကွတ်ကမူ အဆိုပါဒရုန်းကို ဖမ်းဆီးထားသည့်နေရာ မလှမ်းမကမ်းတွင် တရုတ်ရေတပ်သင်္ဘောက ပြန်လည်ပေးအပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။
တရုတ်ကမူ အဆိုပါ ဒရုန်းမှာ အခြားသော သင်္ဘောများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးကို ထိခိုက်စေမည့်ပုံရသောကြောင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
Ref : Aljazeera
Comments