ဒီဇင်ဘာ ၂၆၊ ၂၀၁၆
M-Media
-မြန်မာနိုင်ငံက လူနည်းစုဝင်မွတ်စ်လင်မ်အုပ်စုတစ်ခုဟာ လူများစုဗုဒ္ဓဘာသာဝင်တွေ၊ နိုင်ငံ့အာဏာပိုင်တွေ – နှစ်မျိုးစလုံးရဲ့ ဒုက္ခပေးမှုကို နှစ်ရှည်လများ ခံစားနေကြရပါတယ်။ တရားမ၀င် အခြေချသူများ ဆိုတဲ့ စွပ်စွဲချက်က ခြိမ်းခြောက်မှုတစ်ရပ်နဲ့ အန္တရာယ်ပြုလိုမှုတစ်ရပ် ဖြစ်လို့နေပါတယ်။
ခင်ဗျားမှာ အိမ်တစ်လုံး ပိုင်ဆိုင်တယ်ဆိုပါစို့။ သိပ်မကြာမီ အဲ့ဒီအိမ်ကို လူတစ်ဦးတစ်ယောက်ထံ ငှားရမ်းလိုက်တယ်၊ အဲ့ဒီနောက် သူတို့က သူတို့ရဲ့မိတ်ဆွေတွေကို နေထိုင်ဖို့ ဖိတ်ခေါ်တယ်။ ဒါပေမယ့် ခင်ဗျား အဲ့ဒီအိမ်ကို ပြန်လည်ရယူချိန်မှာ ငှားရမ်းနေထိုင်သူရဲ့မိတ်ဆွေများက မထွက်ခွာပေးဘဲ သူတို့ရဲ့အိမ်ပါဆိုပြီး ပြောဆိုတယ်။ ဒါ့အပြင် သူတို့က သူတို့ရဲ့အိမ်သစ်ကို လိင်စော်ကားမှု၊ လူသတ်မှု၊ အကြမ်းဖက်မှုတွေနဲ့ ကာကွယ်သွားမယ်ဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ?
ဒါဟာ မြန်မာနိုင်ငံရဲ့ အသံအကျယ်ဆုံး လူမျိုးရေးပြဿနာ နောက်ကွယ်က မယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးပွေလီမှုအပေါ် အရိုးစင်းဆုံးသော ရှင်းပြချက်တစ်ရပ်ဖြစ်တယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အမည်ရှိ လူနည်ုးဝင်တွေကို သံသယ၀င်စရာကောင်းလောက်အောင် တိုက်ရိုက်ညှင်းပန်းမှုအကြောင်းကို ဆိုလိုပါတယ်။ ဒီဒေသအတွင်း မွတ်စ်လင်မ်အုပ်စုများဟာ နှစ်ပေါင်းရာချီ နေထိုင်လာကြတဲ့ သမိုင်းကြောင်းတစ်ရပ် ရှိနေလင့်ကစား မြန်မာနိုင်ငံရဲ့ တရားဝင် တိုင်းရင်းသား ၁၃၅ မျိုး စာရင်း မဟုတ်ဘူးလို့ ငြင်းပယ်ခံနေရပါတယ်။ ဒီအချက်က သူတို့ရဲ့ နိုင်ငံသားဖြစ်မှု၊ လူ့အခွင့်အရေးနဲ့ မျိုးနွယ်ဖျောက်လက်စတုန်းမှုမှ အကာအကွယ်ရရှိရေးကိုပါ ပယ်ချခံရစေပါတယ်။
ငရဲသွားမလား၊ ပြည်တော်ပြန်မလား ?
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ Amnesty ရဲ့အဆိုအရ ဒီအချက်ဟာ ယာစမင်းလို လူတွေကို ထွက်ခွာသွားစေပါတယ်။ ယာစမင်းဆိုတာ ကလေးငယ်နှစ်ဦးရဲ့မိခင် ငယ်ရွယ်သူအမျိုးသမီးတစ်ဦးဖြစ်တယ်။ ရွေးချယ်စရာလမ်း မရှိတော့လို့ လှေငယ်လေးနဲ့ ထွက်ပြေးခဲ့တယ်။ ၁၆ ရက်ခရီးနှင်ပြီးတဲ့နောက် ထိုင်းနီုင်ငံက အခန်းငယ်လေးတစ်ခုမှာ ပုန်းခိုနေရပါတယ်။ သူမဟာ ပြင်ပသဏ္ဍာန်အရ လုံခြုံသွားပေမယ့် သူမနဲ့ကလေးများဟာ နိုင်ငံမဲ့ဘ၀ ရောက်ရှိသွားတဲ့အပြင် သူတို့ကို နှင်ထုတ်ပြီး ပြန်ခိုင်းလေမလားလို့ ကြောက်လန့်စိုးထိတ်လျက်ရှိပါတယ်။ မျှော်လင့်ချက်ကင်းမဲ့ပြီး မြေနိမ့်ရာလှံစိုက်ခံရတဲ့ ဒီမိသားစုကို ဘယ်နေရာဒေသကမှ ကြိုဆိုလက်ခံမှု မရရှိကြပါဘူး။ ဒီလူ့အသိုင်းအ၀ိုင်းဝင်များကို “ကမ္ဘာ့အဆိုးဝါးဆုံး နှိပ်စက်ခံရတဲ့ အုပ်စု” လို့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ခေါ်ဆိုသတ်မှတ်ထားပါတယ်။
ရိုဟင်ဂျာလို့ခေါ်ဆိုသူများရဲ့သမိုင်းကြောင်းက ဘင်္ဂလားဒေ့ရှ်က စတင်ခဲ့တာပါ။ ပြဿနာအမြစ်တွယ်မှုကလည်း ဒီအရာပဲ ဖြစ်ပါတယ်။ သူတို့ဟာ အေဒီ ၁၇၀၀ နှစ်များအတွင်း စတင် ပြောင်းရွှေ့အခြေချဝင်ရောက်လာကြတယ်၊ သမိုင်းအရ တရားဝင်အသိအမှတ်ပြုခံရသည်သာမက ရခိုင်ပြည်နယ်ထဲ ဓားမဦးစိုက် အခြေချစေခဲ့တယ်လို့ ဒီအုပ်စုကို ထောက်ခံသူများက ဆိုပါတယ်။ အခြားတစ်ဖက်မှာတော့ သူတို့ဟာ မကြာသေးမီကမှ ၀င်ရောက်လာပြီး၊ ဗြိတိသျှကိုလိုနီဝါဒရဲ့ ဆိုးမွေအကျိုးဆက်ဖြစ်တယ်၊ ဘင်ဂါလီလယ်လုပ်သားတွေကို အလုံးအရင်းနဲ့ ခေါ်သွင်းဝင်ရောက်စေခြင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မတည်ငြိမ်မှုနဲ့ စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးလာခြင်း၊ ၁၉၅၀ နှစ်များအတွင်း ဘင်ဂါလီတို့က မြေယာတွေကို လုယူအပိုင်းစီးလိုက်ကြတယ် လို့ ဆိုနေကြသူလည်း ရှိတယ်။
ယနေ့ကာလ မြန်မာနိုင်ငံထဲ နေထိုင်နေကြတဲ့ ဒီလူမျိုးစုရဲ့ဦးရေ ဘယ်လောက်ရှိသလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ သူတို့တစ်တွေရဲ့ ရွှေ့ပြောင်းမှု၊ ထွက်ပြေးမှုနဲ့ အာဏာပိုင်များရဲ့ညှင်းပန်းနှိပ်စက်မှုစက်ကွင်းက လွတ်အောင် ပုန်းအောင်းနေမှုများက အရေအတွက်ကို အပြောင်းအလဲ ဖြစ်စေပါတယ်။ ငါးသိန်းဆိုတဲ့ ကိန်းဂဏန်းကတော့ အသင့်လျော်ဆုံး ယူဆချက်တစ်ခု ဖြစ်မှာပါ။ အခြားတစ်ဖက်မှာ လူတစ်သန်းကျော်ရှိမယ်လို့ သုံးသပ်ကြပေမယ့် ဒီလူ့အဖွဲ့အစည်းကို တရားဝင်မှတ်ပုံတင်ခြင်းကနေ ဖယ်ထုတ်ထားတဲ့အတွက် မသေချာမရေရာလှပါဘူး။ သူတို့ လူ့အဖွဲ့အစည်းဝင်အများစုဟာ မြန်မာနိုင်ငံ အနောက်မြောက်စွန်း ရခိုင်ပြည်နယ်က ဖြစ်သလို ဒုက္ခသည်စခန်းတွေထဲမှာ ရှိနေကြပါတယ်။
တရားမဲ့ အနိုင်ကျင့်နေဆဲ
အာဏာပိုင်အစိုးရရဲ့ လက်ဆင့်ကမ်းဥပဒေတွေ၊ အရွေ့လားရာတွေက ဒီလူ့အဖွဲ့အစည်းကို သီးခြားဆန်သွားစေခဲ့တယ်။ ဥပမာပေးရမယ်ဆိုရင် နိုင်ငံသားဖြစ်ဖို့ ခင်ဗျားက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ တဆက်တည်း နေထိုင်လာသူဖြစ်ကြောင်း အထောက်အထားပြသရမယ်၊ သို့ပေမယ့် သူတို့ကျတော့ ဒါကို စာရွက်စာတမ်းအထောက်အထားနဲ့ သက်သေပြခွင့်ပင်လျှင် မရကြရှာပါဘူး။ အထောက်အထားစာရွက်စာတမ်း ရှိမနေတဲ့အတွက် လူမှုဘ၀ရဲ့ ရှုထောင့်အားလုံးလိုလိုမှာ တရားမဲ့ အနိုင်ကျင့်ခံနေကြရတယ်။ သူတို့တစ်တွေဟာ စာပေမသင်ကြားခြင်း၊ လုပ်ငန်းလုပ်ကိုင်ခြင်း၊ ခရီးသွားလာခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာရေးဆောင်ရွက်ချက်၊ ကျန်းမာရေးစောင့်ရှောက်မှု … မရရှိ မပြုလုပ်နိုင်ကြပါဘူး။ ပိုပြီးဆိုးတာက သူတို့(ရိုဟင်ဂျာ) ဆိုတာ မရှိပါဘူးလို့ ဆိုပြီး အာဏာပိုင်တွေက သည်းသည်းလှုပ်နေတာပါပဲ။
ထပ်တိုးပြဿနာတစ်ခုက သူတို့ထဲက လူအများအပြားဟာ မြန်မာစကား မပြောဆိုကြတဲ့ကိစ္စဖြစ်တယ်။ (သိပ်ထူးဆန်းစရာတော့ မဟုတ်ပါ။ ပညာသင်ကြားခွင့် မရကြလို့ပါပဲ)။ ပြီးတော့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဖက်က စစ်တကောင်းဒေသသုံး ဘာသာစကားကို အသုံးပြုနေကြခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ အစဉ်တစိုက်ထောက်ပြနေသလို သူတို့ဟာ ဒေသခံများနဲ့ ကွဲပြားခြားနားနေကြပါတယ်။
ဗမာလူမျိုးပညာရှင် ဦးကျော်ရင်လှိုင်က မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်အသိုင်းအ၀ိုင်းအနေနဲ့ ဒီ(ရိုဟင်ဂျာလို့ခေါ်ဆိုတဲ့) လူအုပ်စုအပေါ် ဘာကြောင့် အသည်းအသန် လက်မခံရသလဲဆိုတာကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားခဲ့တယ်။ သူ့ရဲ့ သုတေသနပြုရှာဖွေချက် တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံ မြို့ကြီး ၇ မြို့ထိ ကွင်းဆင်းလေ့လာခဲ့ပြီးဖြစ်တယ်။ အဲ့ဒီမှာတွေ့ရတာက မွတ်စ်လင်မ်ဆန့်ကျင်ရေးမှိုင်းတိုက်မှုအစီအမံဟာ ပြည်သူ့စကားများထဲ သမရိုးကျကိစ္စတစ်ခုလို ဖြစ်အောင် လုပ်ထားကြပြီး၊ သူ့ကို ပြန်လည်ဖြေဆိုသူ ၈၅ ရာခိုင်နှုန်းက မွတ်စ်လင်မ်တွေက မြန်မာပြည်ကို အစ္စလာမ်နိုင်ငံဖြစ်အောင် ပြောင်းလဲလိမ့်မယ်၊ ဒါကို သူတို့ စိုးရိမ်နေကြတယ် ဆိုတာပါပဲ။
တစ်ခါ ပိုင်နက်နယ်မြေနဲ့ပတ်သက်လာရင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာခေါင်းဆောင်အားလုံးနီးပါးက မွတ်စ်လင်မ်လူဦးရေ ကြီးထွားလာတာနဲ့အမျှ အနောက်မြောက်ပိုင်းဒေသရဲ့ ရခိုင်လူဦးရေ လျော့ပါးနိမ့်ကျသွားမှာကို ဒေသခံတိုင်းရင်းသားများက စိုးရိမ်နေတယ်ဆိုတဲ့ အချက်ကို ယုံကြည်နေကြပါတယ်။
ဆင်ခြေစောဒကတက်စရာ မဟုတ်ပါ
ဒါဟာ ရိုဟင်ဂျာတွေကို မြန်မာတွေ မုန်းတီးနေရတဲ့ အကြောင်းရင်းပါပဲ။ အကြမ်းဖက်ခြင်းရဲ့အကြောက်တရား၊ တစ်ပါးသူပေါ်ရှိနေတဲ့ အကြောက်တရား၊ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူ လှိုင်းဂယက်နောက်ကွယ်က တိုင်းပြည်ကို အစ္စလာမ်လွှမ်းမိုးနိုင်မှု ဆိုတဲ့ အကြောက်တရားတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီအချက်နဲ့ ဆင်ခြေစောဒက တက်စရာ မလိုအပ်ပါ။ ဘာကြောင့်လဲဆိုတော့ မွတ်စ်လင်မ်အသိုင်းအ၀ိုင်း အုပ်စုများအတွင်း လူမျိုးဖျောက်ရှင်းလင်းရေးတွေ ဖြစ်နေပြီး တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မှု ရှိမနေလို့ပဲ ဖြစ်ပါတယ်။ ဒါဟာ တကယ်တော့ ရှက်စရာကောင်းလှပါတယ်။ လူသားချင်းစာနာထောက်ထားမှုဘေးအန္တရာယ် ကြီးထွားလာတဲ့အပေါ် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား စတဲ့ မွတ်စ်လင်မ်လူများစု နိုင်ငံများမှာ မကျေနပ်မှုတွေ ဖြစ်တည်လာပါတယ်။ ဒီမျက်နှာစာကို အာဆီယံအဖွဲ့ဝင် အစိုးရများက မိမိတို့ရဲ့ဆိုင်ရာနောက်ခံအကြောင်းတရားထဲကနေ ဒီဆင်ဝှေ့ရန်ရှောင်အကြမ်းဖက်နေမှုအပေါ် မလွဲမသွေ ဖြေရှင်းရမယ့်အခြေအနေ ရောက်သွားခဲ့ပါပြီ။
ယခုရက်သတ္တပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အစည်းအဝေးတစ်ရပ် ကျင်းပခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူမှုဆိုင်ရာ ကနဦးခြေလှမ်းများ စတင်လိုက်ပါတယ်။ “အာဆီယံအဖွဲ့ရဲ့ ညီညွတ်စည်းလုံးမှုနဲ့ အခြေခံမူများအရ ဒီပြဿနာကို ကျွန်တော်တို့ စုပေါင်း ဖြေရှင်းရပါလိမ့်မယ်” လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး အနီဖဟ် အမန် က အစည်းအဝေးပြီးချိန်မှာ ပြောကြားလိုက်ပါတယ်။ ဒီအစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ သူမနဲ့ သူမရဲ့အစိုးရဟာ အာဆီယံရဲ့အကျိုးတူစုစည်းမှု ဆက်လက်ထိန်းသိမ်းရေးအကျိုးငှာ အဖွဲ့ဝင်နိုင်ငံများထံ သတင်းအချက်အလက် ပိုမိုအသိပေးသွားဖို့ သဘောတူကြောင်း ဆွေးနွေးမှုအတွင်း ထည့်သွင်းပြောကြားသွားပါတယ်။
ယာစမင်းမိသားစုတို့ရဲ့ ၁၆ ရက်တာ လှေစီးပြေးခြင်း၊ အကြောက်တရားနဲ့ မပြတ်ရှင်သန်နေရခြင်း ဆိုတာထက် ပိုမိုကောင်းမွန်ထိရောက်သော ရွေးချယ်ချက်တစ်ရပ်ကို ပြုလုပ်ရတော့မှာဖြစ်ပါတယ်။ အိမ်နီးချင်းတိုင်းပြည်များကလည်း အကြောက်တရားနဲ့ရှင်သန်နေရသူ လှေစီးပြေးများကို နှင်လွှတ်တာထက် ပိုကောင်းတဲ့ အစီအမံများ ပြုလုပ်ရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ ဆွံ့အနားမကြား၊ အမြင်ကျဉ်း၊ ခုတ်ရာတခြားရှရာတလွဲ၊ စာနာမှုမဲ့ အစိုးရကတော့ ဘာမှ လုပ်ဆောင်မှာ မဟုတ်ပါဘူး။ ရင့်ကျက်တဲ့၊ ယုံကြည်စိတ်ချစရာကောင်းတဲ့၊ သြဇာကြီးတဲ့ အာရှနိုင်ငံအစုအဖွဲ့အနေနဲ့ မိမိတို့ရဲ့သဘောထားများကို ခင်းကျင်းပြသဖို့ အချိန်ကျလာပြီဖြစ်ပါကြောင်း။
×××××××××××××××××
Ref : Asean Today
Original Article : Why is Myanmar so scared of the Rohingya? – By Holly Reeves
Translation : Myintmo Maung Maung
(မူရင်းဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်)
Comments